Thursday, September 5, 2013

လယ်သမားနဲ့ နာရီ ပုံပြင်


တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

 ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…

လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။

လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။

ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."


သင်ခန်းစာ  ။    စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးရှိပါတယ်..။ 

အောင်ထွန်းဦး 

Wednesday, September 4, 2013

နေရာလေးတော့ ပြောခဲ့ပါ..


တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်..
.
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"

ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။
မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်...

အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊
ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ဆင်းပြေးရပြန်တယ်..

အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...
ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...

အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
ခုမှနေသာထိုင်သာရှိတော့တာကိုး...

ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။
ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...

"လူကြီးမင်းရှင့်...
 အားလုံးကိုခွင့်လွတ်ပါသည်၊
 ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"
....တဲ့

(ကိုယ်တွေ့မဟုတ်ပါခမျာ၊ အင်တာနက်က ဟာသ ကိုမြန်မာမှုပြုထားတာပါ၊ )

Credit to >>> Original Writer

အတုယူသင့်တဲ့ အဘွားအို



ဒီပုံထဲက အမျိုးသမီးကြီးကတော့ Shila Ghosh လို့ခေါ်ပြီး အသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်..။ သူမဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်ဂေါက Pali မှာ နေထိုင်ပါတယ်..။ သူမရဲ့ တစ်ဦးတည်းသော သားဟာ လွန်ခဲ့တဲ့ လအနည်းငယ်က နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်.. သူမဟာ သူမစားဝတ်နေရေးအတွက် ညနေတိုင်း Pali ကနေ Kolkata ကို အာလူးကြော် ရောင်းချဖို့ အတွက် လာရောက်ပါတယ်..။ 
ဒီလိုနေ့တိုင်း သွားလာဖို့အတွက် အခက်အခဲမရှိဘူးလားလို့ မေးတော့ သူမက.."မရှိပါဘူး..။ ကားက ဒီအထိ ပို့ပေးတယ်လေ..။ ဒီလောက်တော့ ကျန်းမာရေး ကောင်းပါသေးတယ်.."လို့..ပြုံးပြီး..ဖြေပါတယ်.. 
တစ်ကယ်ဆို အခြေအနေတွေက သူမရဲ့ဝမ်းစာအတွက် တောင်းရမ်းစားသောက်ဖို့ ဖန်တီးခဲ့ပေမယ့် သူမကတော့ လမ်းပေါ်မှာ တောင်းရမ်းဖို့ထက် နောက်ဆုံးအချိန်ထိ အလုပ်လုပ်သွားဖို့ ဆုံးဖြတ် သွားခဲ့ပါတယ်..။ 
ကျွန်တော်တို့တွေ တစ်ခုခု အဆင်မပြေလို့ ဆင်ခြေပေးဖို့ စဉ်းစားတိုင်း သူမကို သတိရသင့်ပါတယ်..။ သူမဟာ သူမရဲ့ ပြသနာ ကို ဆင်ခြေမပေးပဲ သူမကိုယ်ပိုင် နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာပဲလေ..။ 
သူမကို လူအများစုက ကူညီလှူဒါန်းချင်ကြပါတယ်.. ဒါပေမယ့် သူမ လက်မခံခဲ့ပါဘူး… ဒါကြောင့် လူတွေဟာ သူမရဲ့ အာလူးကြော်တွေကို များများဝယ်စားခြင်းဖြင့် သူမကို တစ်ဖက်တစ်လမ်းကနေ ကူညီနေကြပါတယ်..။ 
သင်တို့လည်း အခွင့်အခါကြုံလို့ Kolkata ကိုရောက်ခဲ့ရင် ဒီအမျိုးသမီးကြီးဆီက အာလူးကြော်ကို ၀ယ်စားဖို့ မမေ့ပါနဲ့…။ 
အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ