နွေရာသီတွင်း
ခြောက်သွေ့စွာ တိုက်ခတ်လျက်ရှိသော လေပူတို့သည် လူတို့၏ စိတ်ကို ပိုမိုပင်ပန်းစေသည်ဟု
ကျွန်တော် ထင်မိသည်။ နွေရာသီကို မုန်းသူများထဲတွင် ကျွန်တော်လည်း ပါသည်ဟု ထင်မိသည်။
အကြောင်းပြ ချက်ကတော့ ရေရေရာရာမရှိ…။ ကျွန်တော်သည် မိဘမဲ့ကလေးများအတွက် စာသင်ပေးနေရသည့်
ကျောင်း ဆရာတစ်ယောက် ဖြစ်သည့်အလျောက် နွေရာသီ ဆိုလျှင် ကျောင်းများ ပိတ်ထားသောကြောင့်
အလုပ်လက်မဲ့ဖြစ်နေတတ်သည်။ ဒီအကြောင်းအရာကပင် နွေရာသီကို မုန်းစရာ ဖြစ်ပေါ် စေလာသလားတော့
ကျွန်တော် မပြောတတ်..။ ကျွန်တော့်အဖို့တော့ ကျွန်တော်ချစ်သော မိဘမဲ့ကလေးများနဲ့ ခွဲနေရသောအချိန်
ကိုသာ ကျွန်တော် မုန်းခြင်း ဖြစ်ပေလိမ့်မည်။
ကျွန်တော်
အရင်က ကလေး ချစ်တတ်သူတစ်ဦး မဟုတ်..။ သို့သော် ကျောင်းပြီးပြီးချင်း အတွေ့အကြုံရရန်
ဒီ မိဘမဲ့ကလေးကျောင်းမှာ ကျောင်းဆရာလာလုပ်ခဲ့ခြင်းဖြစ်သည်။ ကလေး မချစ်တတ်သော ကျွန်တော့်အဖို့
ပထမအစပိုင်းတွင် အထာမကျခဲ့ပဲ အဆင်မပြေမှု များစွာနဲ့ ကြုံတွေ့ခဲ့ရသည်။ သို့သော် အချိန်ကြာလာသည်
နှင့်အမျှ တစ်ခြားကလေးတွေနဲ့မတူပဲ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီ ရှိတတ်ကြသည့် ဒီကလေးတွေကို
ကျွန်တော် အသည်းနှလုံးထဲကကို ချစ်မြတ်နိုးခဲ့သည်။ သနားမိခဲ့သည်။ စာနာမိခဲ့သည်။ ဒါကြောင့်
ကျွန်တော့် အဖို့ ကျောင်းတွေ ပြန်ဖွင့်မည့် အချိန်တွေကိုသာ စောင့်စားရင်း ဒီနွေရာသီကို
မြန်မြန်ကုန်လွန်စေချင် နေမိတော့ သည်။
ကျောင်းတွေ
ပြန်ဖွင့်တော့ ကလေးတွေရဲ့ မျက်နှာလေးတွေကို ကြည့်ပြီး ကျွန်တော် ပျော်ရွှင်နေမိသည်။
ကျွန်တော် အတန်းပိုင်ဖြစ်သော ပထမတန်းအခန်းသို့ ၀င်ဝင်လိုက်ခြင်း ကလေးတွေရဲ့ ပြုံးရွှင်တဲ့
မျက်နှာထားနဲ့ "မင်္ဂလာပါ ဆရာ"
ဟူသော တစ်ပြိုက်နက် နှုတ်ဆက်သံသည် ကျွန်တော့်အဖို့ အစွမ်းအထက်ဆုံး စွမ်းအားတွေ ဖြစ်ပေါ်လာစေခဲ့သည်။
ဒီနေ့
မိသားစု တစ်စုမှ သူတို့သားလေး (၇) နှစ်မြောက် မွေးနေ့အတွက် ကျောင်းကို ကြာဇံဟင်းခါး
လာတိုက် မည်ဖြစ်သည်။ ဒီကျောင်းမှ ဆင်းရဲနွမ်းပါးသည့် မိဘမဲ့ကလေးများကို စာနာသနား တတ်သည့်
ငွေကြေးရှင်များမှလည်း အခါ အားလျော်စွာ လာရောက် ကုသိုလ်ယူ လှူဒါန်းကျွေးမွေးလေ့ရှိသည်။
အလှူရှင်
မိသားစု အခန်းထဲကို ၀င်လာသည်နှင့် ကလေးများ၏ မျက်လုံးများသည် ၄င်းတို့နှင့် ရွယ်တူ
မွေးနေ့ ရှင် ကောင်လေးပေါ်သို့ ကျရောက်ကုန်ကြသည်။ သူတို့၏ အကြည့်တွင် အားကျခြင်း.၊ သိမ်ငယ်ခြင်းနှင့်
ရိုးသားသော မနာလိုခြင်းများ ပါဝင်ကြလေသည်။ သူတို့သည်လည်း ထိုမွေးနေ့ရှင် ကောင်လေးလိုမျိုး
မိဘ အစုံအလင်နဲ့ ဒီလိုမျိုး လာရောက် ကျွေးမွေးချင်စိတ် ရှိကြမှာ မလွဲမသေ ဖြစ်သည်..။
အကြောင်း အမျိုးမျိုးကြောင့်သာ မိဘတွေ နဲ့ ဒီလိုဝေးတဲ့နေရာမှာ လာရောက်နေထိုင် နေကြရခြင်းဖြစ်သည်။
တစ်ချို့ ကလေးများက မွေးနေ့ရှင်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့သွားကြသလို တစ်ချို့ကလေးများမှာလည်း
ဝမ်းနည်း စွာ ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့လေးတွေရဲ့ စိတ်ထဲက ၀မ်းနည်းမှုတွေ၊
ကြေကွဲမှုတွေ၊ လွမ်း ဆွတ်မှုတွေကို ကျွန်တော် မြင်နေရသည်။ သို့ပေမယ့် ကျွန်တော်သည်လည်း
ထိုအခြင်းအရာတွေအတွက် ဘာမှ လုပ်ပေးနိုင်စွမ်းမရှိသည့် ဆရာတစ်ယောက်ပဲလေ..။
ဒီလိုနဲ့
မစားသောက်မီ ကလေးများအားလုံး လက်အုပ်ချီပြီး အလှူရှင်မိသားစုကို ယခုလို ကြာဇံဟင်းခါး
တိုက် ကျွေးသည့်အတွက် အစချီတဲ့ ဆုတောင်းစကားကို တစ်ညီတစ်ညာတည်း ပြောဆိုကြသည်။ ထို့နောက်
ကလေးများအားလုံး အလှူရှင် မိသားစု ဒါနပြုသော ကြာဇံဟင်းခါးကို ကလေးပီပီ ဟန်မချီပဲ အားရပါးရ
စား သောက်ကြလေတော့သည်။
ဒီလိုနဲ့
အားလုံးစားသောက်အပြီးမှာပဲ… ပြသနာတစ်ခုက စတင်တော့သည်။
"ဟင်…. ပိုက်ဆံအိတ်ထဲက… စိန်လက်စွပ်..မရှိတော့ဘူး…ဒုတ်ခပါပဲ…"
"အန်တီ..ဘာများ ဖြစ်လို့ပါလဲခင်ဗျာ.."
"လုပ်ပါအုံး ဆရာလေးရယ်.. ကျွန်မ ပိုက်ဆံအိတ်ထဲက စိန်လက်စွပ် မရှိတော့ဘူး.."
"သေချာကြည့်ပါအုံး အန်တီရယ်.. အိမ်မှာများ ကျန်ခဲ့လေသလားဗျာ.."
"မကျန်ခဲ့ပါဘူး ဆရာလေးရယ်.. ဒီရောက်တော့ကို ရှိသေးတယ်.. ခုနက ကျွန်မ
ပိုက်ဆံအိတ်ကို စားပွဲပေါ်မှာ တင်ထားခဲ့တာ.. အဲ့ဒါ … ဒီထဲက ကလေးတစ်ယောက်ယောက်များ…."
ကျွန်တော်
ဒေါသ ထောင်းခနဲ ထွက်သွားသည်။
"ဒီမှာ အန်တီ ကျွန်တော့်ကလေးတွေထဲမှာ ဒါမျိုး လုပ်မယ့်လူ တစ်ယောက်မှ
မပါဘူး.."
"ဒါဆိုရင်..ဆရာလေးတို့ ဘာလုပ်ပေးမှာလဲ.. ဒီမှာပျောက်သွားတာ ဖြစ်တဲ့အတွက်
ဆရာလေးတို့မှာ တာဝန်ရှိတယ်… မဟုတ်ရင် ကျွန်တော်ကတော့ ရဲစခန်းမှာ အမှုဖွင့်ရလိမ့်မယ်…"
အလှူ့ရှင်
ဦးလေး က ၀င်ပြောသည်။
"ပျောက်သွားတဲ့ စိန်လက်စွပ်က ဘယ်လောက်တန်ပါသလဲ အန်တီ.."
"ကာလပေါက်ဈေး.. သိန်း ၅၀၀ အထက်မှာ ရှိပါတယ်.."
နောက်ဆုံး
ဘယ်လိုမှ မတတ်နိုင်ရင် စိုက်လျော်ပေးဖို့ စဉ်းစားထားတဲ့ ကျွန်တော့်စိတ်ကူး လေထဲမှာပင်
ပျောက်ဆုံးသွားခဲ့သည်။ မိမိအနေဖြင့် သိန်း ၅၀၀ မဆိုထားနှင့်.။ ငါးသိန်းပင် အနိုင်နိုင်….။
"ကဲ… ဆရာလေး ဘယ်လိုလုပ်ပေးမလဲ.. ဒါ တစ်ယောက်ယောက် ယူထားတယ်ဆိုတာ သေချာပီ..
ကျွန်တော် ကတော့ ရဲစခန်းကို အကြောင်းကြားလိုက်တာ ကောင်းမယ် ထင်တယ်.."
"နေပါအုံးဗျာ.. ကျွန်တော့် ကလေးတွေ ကျွန်တော် မေးကြည့်လိုက်ပါအုံးမယ်…"
ကျွန်တော်
ကလေးတွေကို အခန်းထဲမှာ ပြန်စုလိုက်သည်။ အလှူ့ရှင် မိသားစုကိုတော့ ကျွန်တော် မေတ္တာရပ်ခံ
ပြီး အဝေးတစ်နေရာ စောင့်ခိုင်းထားလိုက်သည်။ ပြီးတော့..
"ကလေးတို့ထဲက လက်စွပ်ယူထားတဲ့ရှိသူရင် ဆရာ့ကိုလာပေးပါ…"
"---------------"
"သားတို့ထဲက လက်စွပ်ကို ယူထားတဲ့သူရှိရင် ဆရာ့ကိုလာပေးပါ.."
"-----------------"
"ဆရာ ထပ်ပြောပါမယ်.. ဆရာ အိတ်ကို ဒီမှာ ထားခဲ့ပါ့မယ်.. ဆရာ အပြင်ထွက်ပေးပါ့မယ်..
ယူထားတဲ့သူက လက်စွပ်ကို အိတ်ထဲ ပြန်လာထည့်ထားပေးပါ..ဘယ်သူယူထားမှန်း ဆရာ မသိချင် ပါဘူး…"
ကျွန်တော်
ပြောပြီး အခန်းအပြင်ဘက်မှာ ၁၀ မိနစ်လောက်ထွက်နေလိုက်သည်။ ထို့နောက် အခန်းထဲ ပြန်ဝင်
လိုက်ရာ အိတ်ထဲတွင် မည်သည့် လက်စွပ်မျှ ရှိမနေ။
"ဆရာ သိလိုက်ပါပြီ..။ ဒီလက်စွပ် တန်ဖိုးက သိန်း (၅၀၀) ကျော်ရှိတယ်..။
ယူတဲ့သူကတော့ ဒါကို သိမှာ မဟုတ်ဘူး.. သိရင်လည်း ယူချင်မှ ယူမှာလေ…"
ကျွန်တော်
နောက်ဆက်ပြောမယ့် စကားအတွက် အားယူလိုက်သည်။
"ဆရာ ၀မ်းနည်းတာက သားတို့ လက်စွပ်ယူလို့မဟုတ်ဘူး..။ ကိုယ့်လုပ်ထားတဲ့
ကိစ္စကို ၀န်မခံ တတ်လို့ပဲ.။ ဒါဟာ ဆရာ သားတို့ သမီးတို့ကို သင်ပြတဲ့နေရာမှာ လိုအပ်ချက်တွေ
ရှိခဲ့လို့ ဖြစ်လိမ့်မယ်..။ ဒီ့အတွက် ဆရာ့ အပြစ်ကို ဆရာခံပါ့မယ်..။ ဒီ လက်စွပ် ကို
ဆရာ ယူလိုက်တယ်ပဲ ထားလိုက်ပါ့မယ်.."
ကလေးတွေမျက်နှာမှာ
အံ့သြမှု၊ ၀မ်းနည်းမှုအရိပ်အယောင်တွေ တွေ့လိုက်ရသည်။ တစ်ချို့ကလေးတွေ မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်။
ကျွန်တော်လည်း ခံစားနေရတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ထိန်းရင်း..
"ဒီလက်စွပ်ကို ဆရာမလျော်နိုင်ပါဘူး..။ လျော်ဖို့လည်း မတတ်နိုင်ဘူး.။
ဒါကြောင့် ဆရာ ဒီကိစ္စကို တရားဥပဒေ ဖြေရှင်းရလိမ့်မယ်..။ ဆရာ ထောင်ကျသွားရင် ကျသွားလိမ့်မယ်..။
ဒါပေမယ့် သားတို့ထဲက ဒီ လက်စွပ်ယူထားတဲ့ တစ်ယောက် နောက်တစ်ခါ ဒါမျိုး မလုပ်ဖြစ်တော့ဘူးဆိုရင်
ဆရာ ကျေနပ်တယ်…"
ပြောပြီး
ကျွန်တော် လှည့်ထွက်ခဲ့သည်။ ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တွေ ကျနေသည် ထင်သည်။ ကျွန်တော်
လက်စွပ်ကိစ္စအတွက် တာဝန်ယူမည်ဖြစ်ကြောင်း အလှူ့ရှင် မိသားစုကို သွားပြောဖို့ ထွက်ခဲ့သည်။
ဒီအချိန်မှာ ကျွန်တော့်လက်ကို နောက်ကနေ တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်။
"ဆရာ…."
မျက်ရည်အရွှဲသားနဲ့
ကျောင်းသားလေး တစ်ယောက်ကို တွေ့လိုက်ရသည်။
"လက်စွပ်ကို သားယူထားတာပါ…"
ပြောပြောဆိုဆို
ကလေးက လက်အုပ်လေးချီပြီး ဒူးထောက်ချလိုက်သည်။ ကျွန်တော်ချက်ချင်း ထိုင်ချလိုက်ပြီး
ကလေး လက်လေးကို ဆွဲယူလိုက်သည်။
"မငိုပါနဲ့သားရယ်.. ဘာမှ မဖြစ်ဘူးနော်.. သိလား… ဘာမှ မဖြစ်ဘူး… ဒါနဲ့
သားက ဘာလို့ယူရတာ လဲကွယ်…"
" ဆရာ့ကို ပြောပြပါ သားရယ်.. ဆရာ မရိုက်ပါဘူး.. မဆူပါဘူး… သားဘာလို့
ယူရတာလဲ..လက်စွပ်ကို.."
" သား…. သား…. မေမေ့ကို ပေးချင်လို့ပါ…."
မပြောရဲ ပြောရဲနှင့် ပြောလာသည့် စကားကြောင့် ကျွန်တော်
ပြောစရာစကားမဲ့သွားသည်။ အာခေါင်တို့ ခြောက်ကပ်သွားသလို ခံစားလိုက်ရသည်။
"မေမေက ပိုက်ဆံရှိရင် သားကို ပြန်လာခေါ်မှာတဲ့… မေမေ လာခေါ်ရင် သားကို
နောက်ထပ် မထားခဲ့အောင်လို့ သားလက်စွပ်လေး ပေးချင်လို့ပါ…"
"သြော်…သားရယ်…"
ကျွန်တော့်
ပါးပြင်ပေါ် ကျဆင်းလာတဲ့ မျက်ရည်တွေကို မသုတ်နိုင်ပဲ ကလေးကို ကျွန်တော် ထွေးပွေ့ ထားလိုက်မိသည်။
ကလေးရဲ့ လက်ထဲမှာတော့ သိန်း (၅၀၀) ကျော်တန် စိန် လက်စွပ်တစ်ကွင်းကို ကျစ်ကျစ် ပါအောင်
ဆုပ်ကိုင်ထားလျက်…..
လေးစားစွာဖြင့်…..
အောင်ထွန်းဦး
အကိုandroid2,3,4မှာသုံးလို့ရတဲ့fresh player လေးတင်ပေးပါလားဗျာကူညီပါဦး
ReplyDeleteAdobe Flash Player လိုချင်ရင် အောက်က link မှာ download ဆွဲလိုက်ပါနော်...
Deletehttp://www.mediafire.com/?0430kb202ywbctj
linkကဆွဲမရဘူးအကို
ReplyDeleteကိုယ်ချင်စာတရား ဂရုဏာတရားများတဖွားဖွားပေါ်လာအောင်ရေးတတ်တယ်တော်တယ်ဗျာ
ReplyDeleteမျတ်ရည်ကျရ
ReplyDeleteအောင်ကောင်းတယ်ဗျာ