"ဟရောင်တွေ…ထစမ်း… ဘယ်အချိန် ရှိနေပြီလဲ…"
မနက်တိုင်း ကြားနေရတဲ့အသံနဲ့တူ ကျွန်တော်နဲ့
အတူ ဘေးနားက အဖော်နှစ်ယောက်ကို ခြေထောက်နဲ့ ကန်ပြီး လိုက်လံနှိုးနေသော တီးဆရာကိုတွေ့လိုက်ရသည်။
"မင်းတို့ကောင်တွေ.. အလုပ်ကို
မကြိုးစား… ဒီလောက် ပျင်းရိနေရင် ဘယ်မှာသွားကြီးပွားမလဲ… မင်းတို့ ငယ် ငယ်ကတည်းက ဒီလိုဖြစ်နေရင်
ကြီးလာရင် ခွေးဖြစ်မှာ… မနက်ဆိုရင် ..………………….."
နောက်ပိုင်း တီးဆရာပြောတဲ့စကားတွေကို
ကျွန်တော် အလွတ်ရနေလေပြီ..။ သူငယ်ချင်းသုံးယောက် အိပ်ယာ ကို တစ်ခါတည်းခေါက် တတွန်တွန်
အော်ဟစ် ဆူပူနေတဲ့ တီးဆရာရဲ့ အသံကို နားထောင်ရင်း ကြုံတွေ့နေကြ နေ့တစ်နေ့ ဖြတ်သန်းဖို့
ပြင်ဆင်လိုက်ကြသည်။
ဒီဆိုင်မှာ ကျွန်တော်အပါအ၀င် ကလေး စားပွဲထိုး
သုံးဦးရှိသည်။ အသက်တွေက အတူတူ အားလုံး ၁၀ နှစ် သားတွေ ဖြစ်သည်။ ကျွန်တော် ဒီကို နောက်ဆုံးရောက်လာတာဖြစ်ပြီး
လပိုင်းပဲရှိသေးသည်။ ကျွန်တော် သုံးတန်းထိ
ကျောင်းနေဖူးပေမယ့် အိမ်မှ စီးပွားရေးအခြေအနေအရ ဒီနှစ် ကျောင်းထွက်ပြီး အလုပ်လုပ်ကာ
ညီနဲ့ ညီမအတွက် ကျောင်းစရိတ် ရှာပေးရသည်။ အမေက ကျွန်တော့်ကို ကျောင်းမထွက် စေချင်ပေမယ့်
ကျွန်တော် သိတတ်ရမည်လေ..။ အကိုအကြီးဆုံးဆိုတော့ လည်း အနစ်နာခံရမည်ပေါ့..။
ချမ်းအေးလှတဲ့ နံနက်ခင်း၊ သူများတကာတွေ
အိပ်ယာထဲမှာ စောင်နဲ့ကွေးနေတဲ့အချိန်မှာ ကျွန်တော်လည်း ဆောင်းရာသီရဲ့ အရသာကို စောင်ထဲတွင်
ခံစားလိုက်ချင်သည်။ သို့ပေမယ့် ဘ၀ပေးအခြေအနေက ဒီလိုမျိုး ဖြစ်ဖို့ မဖန်လာတော့လည်း ဖန်လာရာ
ဘ၀ကို ပျော်အောင် နေလိုက်တော့သည်။ မျက်နှာသစ်ရင်း တွေးလက်စ အတွေးကို ဖြတ်ရင်း ကျွန်တော့်
သူငယ်ချင်းတွေနဲ့အတူ လ္ဘက်ရည်ဆိုင်က ခုံတွေကိုထုတ်..၊ မီးမွှေး၊ ရေနွေးအိုတည်ပြီး နိစ္စဓူဝ
ဖြစ်လာသော အလုပ် လေးတွေကို ခပ်မြန်မြန်လေး လုပ်ဆောင်လုပ်လိုက်သည်။ ခုရက်ပိုင်းတော့
ကျွန်တော်တို့တွေ အလုပ်လုပ်ရာမှာ တက်ကြွနေကြသည်။ လစာထုတ်မည့် ရက်က နီးနေပြီကိုး..။
ဒီလတွင် ကျွန်တော် တစ်လလုံး ရက်ပျက်မရှိ..။ ရက်ပျက်ရှိလျှင် သူဌေးက လစာထဲကနေ တွက်ပြီး
ဖြတ်သည်။ နဂိုကတည်းကမှ လစာနည်းပါတယ်ဆို.. လစာဖြတ်ခံရရင် လုံးဝမကိုက်.. ဒါကြောင့် ပျက်
ရက်နည်းအောင် ဒီတစ်လလုံး အိမ်တစ်ရက်မှ မပြန်ခဲ့တာဖြစ်သည်။
"မင်း ဒီလ ဘယ်နှစ်ရက် ပျက်လဲ.."
"သားဒီလ ရက်ပျက်မရှိပါဘူး.."
"အေး… တော်တယ်.. ငါက .. ဒါမျိုးမှ
ကြိုက်တာ.. ကြိုးစားကွာ…"
ကျွန်တော် လက်ထဲက ပိုက်ဆံလေးတွေ ကြည့်ပြီး
ကြည်နူးနေမိသည်။ ဒီနေ့လို လစာထုတ်တဲ့ ရက်မျိုးတွင် ပိုင်ရှင်က အိမ်ကို တစ်ရက် ပြန်အိပ်ခွင့်ပြုသည်။
ဒီနေ့လိုနေ့မျိုးကတော့ ကျွန်တော်တို့အတွက် တစ်လလုံးတွင် အပျော်ရွှင်ဆုံး ရက်ဖြစ်နေတော့သည်။
ညနေ ဆိုင်ပိတ်ပြီးတာနဲ့ အိမ်ကို ကျွန်တော်တန်းပြေးတော့သည်။
အိမ်ပေါက်ဝ ကျွန်တော်အလာကို ထိုင်စောင့်နေသော အမေ့ကို မြင်ရသည်။ ကျွန်တော် အိပ်ကပ်ထဲက
လစာအဖြစ်ရထားတဲ့ ပိုက်ဆံ ၂ သောင်းကို အမေ့ကို ထုတ်ပေးလိုက်သည်။ အမေ ကျွန်တော်ကမ်းပေးတဲ့
ပိုက်ဆံကို မယူပဲ ကျွန်တော့်ကို ဆွဲပြီး ဖက်ထားလိုက်သည်။ ကျွန်တော့်ကို အကြာကြီး ဖက်ထားရင်းနှင့်ပင်
"ငါ့သားလေး အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား.."
"ပြေပါတယ် အမေရ..၊ ဘာမှ မပင်ပန်းပါဘူး.."
"သူဌေးနဲ့ တီးဆရာကရော.. ဆူသေးလား…ရိုက်သေးလား…"
"မဆူပါဘူး..၊ သူတို့က သဘောကောင်းပါတယ်…"
"ငါ့သား ကျောင်းပြန်တက်ချင်နေလား.."
"မတက်ချင်ပါဘူး အမေရယ်….၊ စာက
ခက်သေး..၊ အိမ်စာက လုပ်ရသေး..၊ ဆရာမက ဆိုးနဲ့..၊ မတက်ချင်ပါဘူးဗျာ…"
ကျွန်တော် လိမ်နေမှန်းအမေသိသည်။ ကျွန်တော်
ကျောင်းတက်တုန်းက စာတော်ပြီး ကျောင်းပျော်သော ကျောင်းသား တစ်ဦးဖြစ်ခဲ့သည်။ ကျွန်တော့်ကို
ဖက်ထားရင်းနဲ့ပင် ကျွန်တော့်ပုခုံးထက်သို့ အမေ့မျက်ရည် စီးကျလာသည်။ အမေ ငိုနေသည်။ မငိုပါနဲ့
အမေရယ်..။ သားက အမေ့ကို ဒီလိုကူညီရတာကို ပျော်နေတာပါဗျ…။
ဒီလိုညစာကို မစားရတာကြာပြီ..။ ကျွန်တော်ကြိုက်တတ်သည့်
ကြက်ဥမွှေကြော်.၊ ခရမ်းသီးထောင်းနဲ့ ငပိဖုတ် တို့ကို အမေ ပြင်ဆင်ထားပေးသည်။ ဒီလိုနေ့မှာတော့
ကျွန်တော်က ဘုရင်တစ်ပါးလို ဖြစ်သွားသည်။ အမေ၊ ညီနဲ့ ညီမ တို့က ကျွန်တော့်ကို အပြိုင်အဆိုင်
ဟင်းတွေ ထည့်ပေးကြသည်။ ရေတွေ ခပ်တိုက်ကြသည်။ ကျွန်တော် ဒီအချိန်တွေကို ရပ်ထားလိုက်ချင်သည်။
ဒီလိုနေ့မျိုးနေ့တိုင်းဖြစ်ချင်သည်။ ဒါပေမယ့် မနက်ဖြန် မနက် ဆိုရင် ကျွန်တော် လ္ဘက်ရည်ဆိုင်သို့
ပြန်ဝင်ရတော့မည်။
ဒီနေ့ နံနက် အိပ်ယာနိုးတော့ ဘေးနားမှာ
ကျွန်တော့်သူငယ်ချင်း နှစ်ယောက်ကို မတွေ့..။ သြော်.. ကျွန်တော့် ထက် စောစော နိုးနေလို့
မျက်နှာသွားသစ်ကြပြီထင်သည်။ ကျွန်တော် မျက်နှာသစ်တဲ့နေရာ ရောက်တော့ သူတို့နှစ်ယောက်ကိုမတွေ့..။
ထူးတော့ ထူးဆန်းနေသည်။ တီးဆရာက မျက်နှာသစ်နေတဲ့ ကျွန်တော့်ကို မြင် တော့..
"အင်း..တော်သားပဲ..ဒီနေ့တော့ ငါလာမနှိုးရတော့ဘူး..ဟိုနှစ်ကောင်ရော.."
"မသိဘူးဗျ..၊ သား နှိုးတော့ မတွေ့ဘူး..၊
အိမ်သာတက်နေကြတယ်ထင်တယ်…"
ဒီအချိန်မှာ အိမ်ပေါ်ကနေ သူဌေးဇနီးရဲ့
အော်သံကို ကြားလိုက်ရတယ်…။
"အောင်မလေးတော်.. ကုန်ပါပြီ..ကုန်ပါပြီ..
ရှိသမျှ အကုန်ပါသွားပါပြီတော့…"
သူဌေးရော သူဌေးဇနီးပါ အိမ်အောက်ပြေးဆင်းလာကြသည်။
သွားပြီ..။ ပြသနာတော့ အကြီးကြီး တက်ပြီ ထင်သည်။
"မင်း မှန်မှန်ပြော၊ မင်းဘာမှ
မဖြစ်စေရဘူး..၊ မင်းသူငယ်ချင်းတွေ ဘယ်သွားလဲ.."
"သားမသိပါဘူးဗျာ..၊ သား တကယ်မသိပါဘူး.."
"မဖြစ်နိုင်ဘူး..၊ ဒီကိစ္စ သူတို့နှစ်ယောက်တည်း
လုပ်သွားတာ မဖြစ်နိုင်ဘူး..၊ သူတို့ အိမ်ကိုလည်း မေးပြီးပြီ..၊ အိမ်ပြန်မလာဘူးတဲ့..၊
မင်းသိကိုသိရမယ်..၊ သူတို့ဘယ်မှာလဲ…"
"သား တကယ်မသိပါဘူးဗျာ..၊ သားဒါပဲပြောတတ်ပါတယ်…"
"အေး..၊ မင်းမပြောရင်တော့..၊ မင်းကို
ရဲနဲ့တိုင်ပြီး ဖမ်းချုပ်ခိုင်းရမယ်.."
"ဗျာ…"
"ပြီးတော့ .. မင်းအမေလည်း.. အလိုတူ
အလိုပါ ဖြစ်နိုင်တယ်… အကုန်ဖမ်းချုပ်ပြီး အချုပ်ထဲ ထည့်ပစ်မယ်.. ပါသွားတဲ့ ပစ္စည်းတန်ဖိုးက
နည်းတာမဟုတ်ဘူး.."
"အမေ…အမေ… အမေကိုတော့ ဘာမှ မလုပ်ပါနဲ့ဗျာ…"
"ဒါဆို…ပြော…"
"သား မသိ… သား မသိဘူး…"
"ဟာ…ရှုပ်တယ်ကွာ..ရဲစခန်းဖုန်းဆက်စမ်း…"
ကျွန်တော် ဘာမှ မစဉ်းစားပဲ ပြေးထွက်ခဲ့သည်။
ကျွန်တော့် ခြေလှမ်းတွေကို အိမ်ဆီကို ဦးတည်လိုက်ပြီး မိုင်ကုန် တင်လိုက်သည်။ ကျွန်တော်
ဒီအချိန်မှာ မျက်စိထဲ မြင်ယောင်မိတာ တစ်ခုပဲရှိသည်။ အဲ့ဒါက ကျွန်တော့်ရဲ့ အမေ…။ အမေရေ… သားကို ကယ်ပါအုံးဗျ..။
ကျွန်တော့်နောက်က လူတွေ ပြေးလိုက်နေကြသည်။
ကျွန်တော် ဆက်ပြေးနေသည်။ ကျွန်တော် သူခိုးမဟုတ်။ ခိုးသွားတဲ့သူတွေကိုလည်း မကူညီခဲ့..။
ကျွန်တော် မခိုးတာ အမေသိသည်။ ကျွန်တော် အမေ့ဆီကို ပြေးသည်။ ကျွန်တော့်မျက်စိထဲမှာ ကျွန်တော်
ဘာမှ မမြင်တော့….။ ကျွန်တော် အိမ်ကို အမြန်ရောက်ချင်လှပြီ..။ ဒီအချိန်မှာ ကျွန်တော်
လမ်းတစ်လမ်းကို ဖြတ်အပြေး..၊ ကျွန်တော့်ဆီကို အရှိန်ပြင်းစွာ ပြေးဝင်လာတဲ့ ကား တစ်စီး..။
ကားဟွန်းသံက ကျယ်လောင်စွာ မြည်လွန်းလှသည်။
"ဒုန်းးးးးးး"
"ဟာ… ဒီကလေးကွာ… ရှေ့နောက် မကြည့်
စွပ်ပြေးရလား.."
"ဒုက္ခပါပဲကွာ.. အသက်မှ ရှိသေးရဲ့လားမသိဘူး..
ကြည့်ကြည့်ကြပါအုံး.."
"ဆေးရုံကားကို ဖုန်းဆက်.. သူ့မိဘတွေ
သိတဲ့သူတွေရှိရင်လည်း အကြောင်းကြားပေးလိုက်ပါအုံး.."
"သနားပါတယ်ကွာ.. ဒီကလေးကတော့…"
ကျွန်တော် ကြားနေရတဲ့ အသံတွေကေ၀၀ါးနေသလို
မြင်ကွင်းကလည်း မသဲကွဲ..။ မသဲကွဲသည့် မြင်ကွင်းကြားမှ တစ်ကိုယ်လုံး ပြင်းထန်တဲ့ ဝေဒနာကိုလည်း
ခံစားနေရသည်။ ကျွန်တော် ထပြီး အမေ့ ရင်ခွင်ဆီ ဆက်ပြေး ချင်ပေမယ့် စိတ်ရဲ့စေခိုင်းမှုကို
ဒဏ်ရာဗလပွနဲ့ ခန္ဓာကိုယ်က မလိုက်နိုင်တော့…။ ၀ိုင်းအုံ ကြည့်ရှု့နေတဲ့ လူတွေ ထဲမှာ အမေ့ကို
ကျွန်တော် ရှာကြည့်သည်။ ကျွန်တော် မတွေ့..။ မြင်နေရတဲ့ မြင်ကွင်းတွေက ပိုပြီးေ၀၀ါးလာသလို
ကြားနေရတဲ့ အသံတွေကလည်း တဖြည်းဖြည်း တိုးသွားသည်။
"ကောင်လေး အမေ လာပြီ… ဖယ်ပေးလိုက်ကြပါအုံး…."
ခပ်တိုးတိုးကြားလိုက်ရတဲ့ အသံကြောင့်
အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ လူအုပ်ကို တိုးခွဲပြီး ထွက်လာသော ကျွန်တော့်အမေ…
ပါးပြင်မှာ မျက်ရည်တွေ စီးကျလျက်..။ ပြီးတော့ ကျွန်တော့်ကို တကြော်ကြော် အော်ခေါ်လျက်…
ကျွန်တော် အမေ့ကို အော်ခေါ်ပြီး အမေ့ရင်ခွင်ထဲမှာ အော်ဟစ်ငိုယို ပစ်လိုက်ချင်သည်။ သို့ပေမယ့်
ကျွန်တော် အမြင်တွေ လုံးဝေ၀၀ါးသွားပြီး အမေ့ကို ခဏတာ မြင်ရပြီး ပြန်လည် ပျောက်ကွယ်သွားသည်..။
အမေ့ရဲ့ "သား… သားလေး… အမေ့သားလေး…" ဆိုတဲ့ အသံကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး
ကျွန်တော် တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမှောင်လောကကြီး တစ်ခုထဲသို့ ရောက်ရှိခဲ့တော့သည်။
ငယ်ရွယ်တဲ့ ကလေးငယ်လေးတွေ အလုပ်လုပ်နေတာကို မြင်ရင် စာနာပေးကြပါဗျာ..။ အခြေအနေအရ မိသားစုနဲ့ ဝေးကွာပြီး အလုပ်လုပ်နေရပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ မိသားစုဆိုတဲ့ ဘ၀လေးကို အမြဲတမ်း တမ်းတပြီး အားငယ်နေတတ်ကြတာပါ...။
အောင်ထွန်းဦး
ဆရာအောင်ထွန်းဦးရဲ့နာမည်ရှေ့မှာဂရုဏာ
ReplyDeleteရှင်ဆိုတဲ့စာလုံးထည့်သင့်နေပြီ