"ဆွမ်းအုပ်နီနီ..အမေ..ရွက်လို့….
နက်ဖြန် နံနက် ကျောင်းတက်မယ်…."
ဒီကဗျာလေးကို
ကျွန်တော်အရမ်းကြိုက်သည်။ မေမေနဲ့ ဒီကဗျာလေး ဆိုရသည့် အချိန်သည် ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေ
ဖြစ်သည်။ မူကြိုက ပြန်လာသည်နှင့် ကျောင်းက သင်ပေးလိုက်သည့် ကဗျာလေးတွေကို ညအိပ်ယာဝင်ချိန်
မေ့မေ့ဗိုက်ပေါ်ထိုင်ပြီး ဟန်အမူရာနဲ့ ဆိုပြရတာကို ကျွန်တော်အရမ်းနှစ်ခြိုက်သည်။ ဒီလိုအချိန်မျိုးတွင်
မေမေနှင့်အတူ ဖေဖေပါ ကျွန်တော့်ကို ကျေနပ်စွာ ပြုံးပြီး ကြည့်နေတတ်ကြသည်။ ကျွန်တော်
ဖေဖေနှင့် မေမေကို အရမ်းချစ်သည်။ ဒီလိုပဲ ဖေဖေနဲ့မေမေ ကလည်း ကျွန်တော့်ကို အရမ်းချစ်သည်ဟု
ထင်မိသည်။
ညဘက်ရောက်မှာကို
ကျွန်တော်ကြောက်နေမိသည်။ အထူးသဖြင့် ၈း၀၀ နာရီသတင်းလာမှာကို ကျွန်တော်ကြောက် နေခြင်းဖြစ်သည်။
၈း၀၀ နာရီသတင်းလာသံကြားသည်နှင့် ကျွန်တော်စာလုပ်ဖို့ မေမေလာပြောလိမ့်မည်။ ဖေဖေနဲ့မေမေကို
ကြည့်ရတာ ကျွန်တော့်ကို အရင်ကလောက် မချစ်တော့ဟု ထင်မိသည်။ ကျွန်တော့်ကို စာကြည့်ဖို့၊
စာကြိုးစားဖို့သာ တတွတ်တွတ် ပြောနေပြီး ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြသူကတော့
ကျွန်တော် မဟုတ်တော့တာ ကြာပြီဖြစ်သည်။ ကျွန်တော့်နေရာတွင် နေရာယူထားသော ညီလေးကို ကြည့်ပြီး
ကျွန်တော် အူတို နေမိသည်။
ဖေဖေနဲ့မေမေကို
ကြည့်ရတာ ခုတစ်လော အတော့်ကို အိုမင်းလာသလိုပင်။ စီးပွားရေး အဆင်မပြေတာအပြင် အလုပ်ပင်ပန်းတာကြောင့်လည်း
ပါမည်ထင်သည်။ ကျွန်တော်တစ်ခုခုပူဆာ တိုင်း ဖေဖေနဲ့မေမေ မျက်နှာပျက်သွားတတ်သည်။ အရင်က
ဒီလိုမဟုတ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာကိုတော့ မဖြစ်ဖြစ်အောင် ၀ယ်ပေးတတ်သည်။ ခက်သည်က
မေမေက တစ်ဗျစ်ဗျစ်တောက် ပြောတတ်သည့် အကျင့်ရလာသည်။ ပိုက်ဆံတောင်းရမှာထက် ဒီတစ်ဗျစ်ဗျစ်တောက်
စကားတွေကို ကျွန်တော်မုန်းမိသည်။ မိဘတွေ အသက်ကြီးလာလျှင် ဒီလိုပါပဲဟုသာ ဖြည့်တွေး မိလိုက်သည်။
ကျွန်တော်ဘွဲ့ယူသည့်နေ့က
မမြင်တွေ့ရတာ ကြာပြီဖြစ်သည့် ဖေဖေနဲ့မေမေတို့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ကျွန်တော်မြင်လိုက်ရသည်။
ကျွန်တော်မှတ်မိသည်။ ကျွန်တော်ငယ် ငယ်တုန်းက မေမေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြတုန်းကလည်း
ကျွန်တော်တို့တွေ ဒီလိုပျော်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဒီလိုပျော်တာ ကျွန်တော်အမြဲမြင်ချင်နေမိသည်။
ကျွန်တော်တို့ ဒီလိုပျော်လျှင် ကျွန်တော်လည်း အရမ်းပျော်မိသည်။
ကျွန်တော်အလုပ်စ၀င်ဝင်ချင်း
ရတဲ့လစာကို ကန်တော့ တော့ မေမေမျက်ရည်ကျသည်။ ဖေဖေ မျက်နှာလွှဲပြီး ဆုတိုတို တုတ်တုတ်ပေးသည်။
ဆုပေးတဲ့ ဖေဖေ့အသံတွေ တုန်နေသလို မျက်ရည်တွေကြားက မေမေ့ မျက်နှာသည် လည်း ပြုံးရွှင်နေသည်။
ဒီနေ့
ဖေဖေ့မျက်နှာ တော်တော်ညှိုးနေသည်။ ဖေဖေ့ကိုကြည့်ရတာ ဂဃာမငြိမ်ဖြစ်နေသည်။ ထိုင်နေလိုက်
ခဏနေရင် အိမ်ထဲလမ်းလျှောက်လိုက်.၊ လဲအိပ်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ကြာလာတော့ မနေနိုင်
တော့သည့် မေမေက .."ကဲ..အဘိုးကြီး.၊ ဒီနေ့က စပြီး ပင်စင်ယူပြီးပြီဆိုတော့..၊ ရှေ့လျှောက်
တစ်နေကုန် အိမ်မှာပဲ နေရတော့မှာ..၊ အိမ်နဲ့ နေသားကျအောင် ကြိုးစား.." ..။ ဟုတ်သည်။
ဖေဖေသည်လည်း အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူပြီး အိမ်မှာ နားနေရတော့မည့် အသက်အရွယ်
ရောက်နေပြီပဲ..။
ကျွန်တော်
မင်္ဂလာဆောင်ပြီးရင် အိမ်ခွဲနေမယ် ပြောတော့ ဖေဖေရော..၊ မေမေ ရော.. မျက်နှာ မကောင်းကြ။
ဖေဖေကတော့ ဘာမှပြောပဲ တစ်နေရာကို ငေးကြည့်နေသည်။ မေမေကတော့.."သားရယ်..၊ သားမိန်းမကို
ဒီအိမ်မှာလိုက်နေခိုင်းပါလားကွယ်..၊ မေမေတို့ အဆင်ပြေ အောင်နေပါ့မယ်.."..။ ကျွန်တော်
ဝမ်းနည်းသွားသည်။ မေမေတို့က အဆင်ပြေအောင် နေပေး မည်တဲ့လား..။ ဒါပေမယ့်.."သူက မိဘတွေအိမ်မှာ
မကပ်နေချင်ဘူးတဲ့…။ ကိုယ့်ဟာကိုယ် အိမ်ခွဲ နေချင်တာ မေမေရဲ့..၊ မပူပါနဲ့..၊ သားမေမေတို့ကို
လတိုင်း ကြည့်ပေးမှာပါ…"..။ မေမေ ဘာမှ ဆက်မပြောတော့..။ ဖေဖေကတော့ ထုံးစံအတိုင်း
အဝေးကို ငေးလျက်..။
ကျွန်တော်
ခုတစ်လော ဖေဖေတို့အိမ်ကို သိပ်မရောက်ဖြစ်။ အလုပ်ကိစ္စနဲ့ ခရီးတွေ ပတ်ထွက် နေရတာကြောင့်လည်း
ပါသည်။ နယ်ရောက်နေတုန်း မေမေဖုန်းဆက်လာသေးသည်။ လိုင်းက မကြည်တာကြောင့် ဘာသံမှ သဲသဲကွဲကွဲ
မကြားလိုက်..။ ဖေဖေ နေမကောင်းဘူး ဆိုတာတော့ ကြားလိုက်သည်။ ရန်ကုန် ပြန်ရောက်တာနဲ့ ကြားလိုက်ရတဲ့သတင်းက
ဖေဖေ ဆုံးပြီတဲ့..။ နောက်ဆုံးအချိန်ထိ ကျွန်တော့်ကို တဖွဖွေ မေးနေသည်တဲ့..။ ဖေဖေ့ အသက်ကိုတောင် မမီလိုက်နိုင်သည့်အတွက် ကျွန်တော် စိတ်မကောင်း။ သားသမီးတွေ
အတွက် အသက် ခြောက်ဆယ်အထိ မနားမနေ တာဝန်ယူပေးခဲ့သော ဖေဖေ..၊ အခုမှ အနားယူရတာ ဘာမှ မကြာသေး..။
အရင်က ပင်ပန်းခဲ့သမျှ ဒဏ်တွေကို အခုမှ စုပြီး ခံရတာကြောင့် ဖြစ်နိုင်သည်။ သားသမီးတွေကို ကျွေးမွေးပြုစုပျိုး ထောင်ပေးဖို့ လူလောကထဲရောက်လာပြီး တာဝန်ကျေလို့ ပြန်သွားတဲ့ ပုံစံမျိုးဖြစ်နေသည်။
မေမေက
တရားစခန်းဝင်မည်ပြောသည်။ ကျွန်တော် မတားမိ။ ဒီလိုအချိန်မှာ မေမေရဲ့ စိတ်ထွက်ပေါက် ရှာတာ
မှန်တယ်လို့ ကျွန်တော်ထင်မိသည်။ ကျွန်တော် မေမေ့ကို ကားနဲ့ တရား စခန်းလိုက်ပို့ဖို့
လုပ်တော့ နောက်ဆုံးအနေနှင့် မေမေ အိမ်ကို အကြာကြီး ကြည့်နေသည်။ ဘ၀ တစ်လျှောက်လုံး ကုန်ဆုံးနေထိုင်ခဲ့သည့်
ဒီအိမ်ကြီးကို သံဃောဇဉ်ဖြတ်ဖို့ မေမေနောက်ဆုံး အနေနှင့် ကြည့်တာ ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်တော့်ကို အကြာကြီး ကြည့်သည်။ ကျွန်တော် မေမေ့အကြည့်ကို မျက်နှာချင်းမဆိုင်ဝံ့ပဲ ခေါင်းကို ငုံ့ထားလိုက်သည်။
ကျွန်တော်
သားလေးကို အရမ်းချစ်သည်။ အသက်ထက်ပိုချစ်သည်ဆိုသော စကားကို ကျွန်တော် ဒီနေရာမှာ သုံးချင်သည်။
ညအိပ်ယာဝင်ချိန် သားလေးရဲ့ ကဗျာရွှတ်ဆိုသံသည် ကျွန်တော့်ရဲ့ တစ်နေ့ တာ မောပန်းမှုအားလုံးကို
ဖြေဖျောက်နိုင်စွမ်းခဲ့သည်။ သားလေးကို ကျွန်တော် အရမ်းချစ်သည်။ ထို့အတူပင် သားလေးကလည်း
ကျွန်တော့်ကို ကျွန်တော့်နည်းတူ ချစ်လိမ့်မည်ဟု ထင်သည်။
အောင်ထွန်းဦး
No comments:
Post a Comment