Tuesday, October 29, 2013

ဝဠ်ကြွေး ကြံမ္မာ ကြောက်စရာ




ခွေးဆို ကျွန်တော်မုန်းသည်။ ခွေးမှန် သမျှ မည်သည့်ခွေးမဆို ကျွန်တော်မုန်းသည်။ ကျွန်တော် ခွေးတွေကို အလကားနေရင်း မုန်းနေခြင်း မဟုတ်။ ကျွန်တော့် အတွက် ခွေးကိုမုန်းစရာ အကြောင်းကလည်း ရှိနေသည်ကိုး..။ ကျွန်တော့် သမီးလေး ၂ နှစ်အရွယ်တုန်းက ခွေးတစ်ကောင် ကိုက်တာ ခံခဲ့ရဖူးပြီး သေရာပါမည့် အမာရွတ်သည် သမီးလေးရဲ့ ပါးပေါ်တွင် စွဲထင်ကျန်ခဲ့သည်။ ထိုစဉ်ကတည်းက သမီးလေးမျက်နှာပေါ်က အမာရွတ်မြင်တိုင်း ကျွန်တော်၏ ခွေးအပေါ် အမုန်းတရားတို့သည် ကျွန်တော့်ရင်ထဲ တဖြည်းဖြည်း ကြီးထွားလာခဲ့တော့သည်။

"အိမ်ထဲကို ဘယ်ခွေးမှ မ၀င်စေနဲ့…၊ အေး…၀င်လာရင်လည်း ဘယ်တော့မှ အရှင်ပြန်မထွက်စေနဲ့.…" ဒါ အိမ်မှာ ကျွန်တော်ရဲ့ တစ်ချက်လွတ် အမိန့်ဖြစ်ပြီး ကျွန်တော် မကြာခဏ ပြောနေကျ စကားလည်း ဖြစ်သည်။ 

တစ်ရက်….. ခြံထဲကို ဘယ်ကခွေးတစ်ကောင်မှန်း မသိ… မျက်စိလည် လမ်းမှားပြီး ၀င်ရောက်လာသည်။ ခွေးမှာ ပိုင်ရှင်ရှိတဲ့ခွေးဖြစ်ပြီး လည်ပတ်လေး တစ်ခု ဆွဲထားပြီး ခွေးအမျိုးအစားမှာ တော်တော်လေး ကောင်းပြီး ဈေးကြီးကြီး ပေးဝယ်ရမယ့် ခွေးမျိုးဖြစ်သည်။
ခြံစောင့်က ကျွန်တော့် အကြောင်းသိထားတော့ အလန့်တကြားပြေးပြီး ခွေးကို ခြံထဲကမောင်း ထုတ်ဖို့ပြင်လိုက်သည်။

"ဦးမောင်…၊ အဲ့ဒီခွေးကို မမောင်းနဲ့…"

"ဗျာ….ဆရာ…"

"အဲ့ဒီခွေးကို မမောင်းနဲ့… ခြံတံခါးကို အသာလေး ပိတ်လိုက်စမ်း…ရာရာစစ ဒီခွေးက ခြံထဲထိကို ၀င်လာတာ ဆိုတော့…."

ခြံစောင့်က ခွေးအလွန် မုန်းတတ်သော ကျွန်တော့်ကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်ပြီး ခြံတံခါးကို ပိတ်လိုက်သည်။

"ဦးမောင်..၊ အဲ့ဒီခွေးကို ဖမ်းစမ်းပါ…"

ခွေးမှာ လူနဲ့ယဉ်ပါးသည့်ခွေးဖြစ်သည့်အတွက် ဦးမောင် ခက်ခက်ခဲခဲ မဖမ်းလိုက်ရ…၊ အလွယ်တကူပင် ပွေ့ချီလာသည်။ 

"ခင်ဗျား…. အဲ့ဒီခွေးကို ဆာလာအိတ်ထဲ ထည့်လိုက်…"

"ဗျာ… ဆရာ…."

Sunday, October 27, 2013

ပြင်ဦးလွင် ဟိုတယ် အခန်းအမှတ် (၁၀၁)




ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ဝင်တည်းခဲ့ဖြစ်ကြတယ်..။ 

ဟိုတယ်ဝန်းထဲ ဝင်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ဝင်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။ 

အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ဝန်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ဝင်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။ 

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."

"ဟုတ်တယ်လေ… ဘာလို့လဲ.."

"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."

"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "

ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."

"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"

ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…

"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"

"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."

ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။ 

"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."

"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."

"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."

"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"

"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ

"အဟစ်…အဟစ်…အဟစ်…." 

"ဟိ…ဟိ…ဟိ…ဟိ…"

ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"

ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….

အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး  ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

"အောင်မလေးဗျ…."

ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

"အားးးးးး…"

ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။  အောက်ထပ်ကို ပြေးဆင်းသည်။  အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။ 

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ဝန်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

အောင်ထွန်းဦး

Friday, October 25, 2013

ထူးဆန်းတဲ့ ၀ဠ်ကြွေးခံစားနေရတဲ့ အိန္ဒိယ ကလေးငယ်



အိန္ဒိယနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှု ကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ရပါတယ်..။ ဆရာဝန်အချို့ကတော့ ဒါဟာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် ဖြစ်တဲ့ spontaneous combustion ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြသလို တစ်ချို့ကတော့ ဒါဟာ ကလေးရဲ့ အိမ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်..။



Rahul Karnan ဆိုတဲ့ကလေးကို Rajeshwari (၂၃) နှစ်နဲ့ Perumal (၂၆) ဆိုတဲ့ မိဘနှစ်ဦးက မွေးဖွားခဲ့တာပါ..။ ကံဆိုးစွာပဲ..၊ မွေးပြီး တစ်ပတ်အကြာမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..၊ အမေဖြစ်သူဟာ အ၀တ်လျှော်နေတဲ့အချိန်မှာ Rahul ရဲ့ အော်ငို အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ သူမဟာ အပြေးအလွှား ကလေးဆီကို အပြေးသွားပြီး ကလေးထားတဲ့ အခန်းကိုမရောက်ခင်မှာပဲ အိမ်နီးချင်း တစ်ယောက်က လှမ်းအော်ပြောတဲ့အသံကို ကြားလိုက်ရပါတယ်..။
"မင်း ကလေး မီးလောင်နေတယ်…"

ဖြူးကောင်လေးတွေက ပေးတဲ့ သင်ခန်းစာ




ဆောင်းရာသီဟာ အလွန်အေးလွန်းလှတာကြောင့် တိရစ္ဆာန်တွေဟာ ဒီအအေးဒဏ်ကြောင့်ပဲ သေကြေ ပျက်စီး ကြရပါတယ်..။

ဖြူးကောင်လေးတွေဟာ ဒီအခြေအနေကြောင့် သူတို့အချင်းအချင်း နီးကပ်စွာနေလိုက်ပြီး အဲ့ဒီကနေ သူတို့ဟာ အနွေးဓါတ်ကို ရရှိကြပါတယ်.. ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်က ဆူးတွေကြောင့် တစ်ကောင်နဲ့ တစ်ကောင် ထိုးမိကြပြီး ထိခိုက်ဒဏ်ရာ ရကြပြန်ပါတယ်..။

ဒီလိုနဲ့ပဲ..၊ တစ်ကောင်နှင့် တစ်ကောင် မနီးကပ်ပဲ ခပ်ဝေးဝေးနေလိုက်ကြပြန်တော့ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြရပြန်ပါတယ်..။ နောက်ဆုံးတော့ သူတို့ဟာ ဆုံးဖြတ်ချက် တစ်ခုကို ချကြရပါတယ်..။ အနွေးဓါတ်ရဖို့ အချင်းချင်းကပေးတဲ့ အဆူးရဲ့ ဒဏ်ရာကို ယူမလား…၊ အေးခဲသေဆုံးသွားပြီး ကမ္ဘာပေါ်က ပျောက်ကွယ် သွားမှာကို လိုချင်သလားပေါ့…။

သူတို့ဟာ အချင်းချင်းနီးကပ်စွာနေပြီး အနွေးဓါတ်ရဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်..။ သူတို့ဟာ တစ်ခြားဖြူးကောင်ထံမှ အနွေး ဓါတ်ရဖို့အတွက် သူ့ထံမှ ရရှိတဲ့ ဆူးဒဏ်ရာကိုလည်း လက်ခံပြီး ဘယ်လို နေထိုင်ရမလဲဆိုတာ သိရှိခဲ့ကြပြီး အသက်ရှင်ခဲ့ကြပါတယ်..။

ဒီလိုပါပဲ…. သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေဆီက အကောင်းဆုံးဆိုတာတွေကို သင်အမြဲတမ်း မရနိုင်ပါဘူး..။ မိမိပတ်ဝန်းကျင်မှ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေဆီက ကောင်းတဲ့ အရည်အသွေးတွေကို မျှဝေယူကြပြီး မကောင်းတဲ့အချက်တွေကို သည်းခံခွင့်လွှတ်ပေးတတ်မယ်ဆိုရင် သင့်အတွက် အရာရာဟာ လှပနေမှာပါ..။

အောင်ထွန်းဦး

Thursday, October 24, 2013

ဆေးမင်ကြောင် (Tatoo) ဖျက်ခြင်း



မြန်မာ စကားပုံထဲမှာ ရှိပါတယ်…။ အိမ်ထောင်ပြုတာရယ်..၊ ဘုရားတည်တာရယ်..၊ ဆေးမင်ကြောင် (tatoo) ထိုးတာတွေကို မသေချာပဲနဲ့ လုပ်လိုက်မိရင် နောင်အခါ ပြန်ပြင်ဖို့ အလွန်ခက်ပါသတဲ့..။ ဒါပေမယ့် ပြောင်းလဲ လာတဲ့ခေတ်ကြီးမှာ တိုးတက်လာတာနဲ့အညီ ဆေးမင်ကြောင် (tatoo) ကိုတောင် ပြန်ဖျက်လို့ရတဲ့ နည်းလမ်းတွေ ပေါ်လာပါပြီ..။ ဒါပေမယ့် ဆိုးကျိုးတွေ ဆိုတာကတော့ ရှိစမြဲပါပဲ..။ tatoo ဖျက်ဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့ကြတဲ့ ပုံတွေကို ဗဟုသုတရအောင် ကြည့်လိုက်ကြပါအုံးဗျာ…












အောင်ထွန်းဦး

ပေါင်မုန့်တစ်ချပ် ကလေးတစ်ယောက်နဲ့ ခွေးတစ်ကောင်



လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ကျွန်တော်ဟာ Bombay Airport (India) မှာ တာဝန်ကျခဲ့ပါတယ်..။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ကားနဲ့ တာဝန်ကျရာနေရာဖြစ်တဲ့ South Bombay ကို ထွက်လာခဲ့ပါတယ်.။
 
ကျွန်တော်ဟာ ရှုပ်ထွေးလှတဲ့ကားတွေ အလျင်လိုနေကြတဲ့လူတွေရဲ့ ကားတွေကို အလျင်စလို ဖြတ်မောင်းမှု တွေကိုကြည့်ရင်း လမ်းပိတ်နေတဲ့ လမ်းဆုံမှာ ကားပိတ်မိနေပါတော့တယ်..။

ဒီလိုစောင့်နေရင်းနဲ့ပဲ..၊ ကျွန်တော်ဟာ အသက် ၁၂ နှစ်လောက်သာ ရှိမယ့် အရမ်း ဆင်းရဲပြီး လမ်းပေါ်မှာ တောင်းရမ်းစားသောက်တဲ့ ကလေးတစ်ယောက်ကို တွေ့ရှိ ခဲ့ရပါတယ်..။ သူဟာ သူ့အိပ်ကပ်ထဲက ပေါင်မုန့် တစ်ခုကို ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်ပြီး စားလိုက်ပါတယ်..။

သူနောက်တစ်ကိုက် စားဖို့အလုပ်မှာ..၊ ဆာလောင်နေတဲ့ ခွေးတစ်ကောင်ဟာ အမြီးကို ဝှေ့ရမ်းရင်း သူ့အနားကို ရောက်လာခဲ့ပါတယ်..။ ကောင်လေးဟာ တွေဝေခြင်းမရှိပဲ ထိုင်ချလိုက်ပြီး ခွေးစားဖို့အတွက် ပေါင်မုန့်ကို လမ်းပေါ်ချပေး လိုက်ပါတယ်..။

ခွေးဟာ ပေါင်မုန့်ကို နမ်းရှုံ့လိုက်ပြီး မစားပဲ အဝေးကို ထွက်ခွာသွား ခဲ့ပါ တယ်..။ ကောင်လေးဟာ ခွေးပေါင်မုန့် ကို မစားတော့ တာ သေချာ တာနဲ့ ပေါင်မုန့် ကို ပြန်ကောက် ယူလိုက်ပြီး စားလိုက်ပါတယ်..။

ဒီမြင်ကွင်းကို ကြည့်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ တစ်မျိုးခံစားလိုက်ရပြီး ကျွန်တော် ကောင်လေးဆီကို ကားတံခါးဖွင့်ပြီး လျှောက်သွား ခဲ့ချင်ပေမယ့် အဲ့ဒီအချိန်မှာ ကားတွေ ရှင်းပြီး ထွက်ဖို့ အချက်ပြတာကြောင့် မသွားဖြစ်ခဲ့ပါဘူး..။ ကျွန်တော် တစ်နေကုန် ညနေစာ စားတဲ့အချိန်ထိ ကောင်လေးအကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်..။ ကျွန်တော် ကားရပ်ပြီး ကောင်လေးကို သွားတွေ့သင့်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော် မလုပ်ဖြစ်ခဲ့ပါဘူး..။

ကျွန်တော် တွေးမိနေတာကတော့ ကောင်လေးဟာ အရမ်းဆာလောင်နေပေမယ့်လည်း သူ့မှာ ရှိတဲ့ တစ်ခုတည်း သော ပေါင်မုန့်ကို ခွေးကို ကျွေးခဲ့ပါတယ်..။ ကောင်လေးဟာ ကျွန်တော်နဲ့စကားတစ်ခွန်းမှ မပြောရပဲ ကျွန်တော့်ကို ကိုယ်ပိုင်ဆိုင်တဲ့ ပျော်ရွှင်မှုတွေ အချစ်တွေတွေကို ဘယ်လို ဝေငှ ရမလဲဆိုတာ သင်ခန်းစာ တစ်ခု ပေးခဲ့ပါပြီလေ..။ ကျေးဇူးတင်ပါတယ် ကောင်လေးရယ်….။

အောင်ထွန်းဦး
Page 1 of 1051234567Next

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ