Wednesday, December 25, 2013

အငြင်းခံရတဲ့အတွက် ဘယ်တော့မှ စိတ်မပျက်ပါနဲ့




တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို စွဲလန်းစွာ ချစ်မြတ်နိုးခဲ့တယ်..။ သူမဟာ တစ်ခြားသူတွေအတွက်တော့ အချောဆုံး အလှဆုံးမဖြစ်ခဲ့ပေမယ့် သူ့အတွက်တော့ နတ်သမီးလေး တစ်ပါးလိုပါပဲ..။ သူဟာ သူမနဲ့လက်ထပ်ပြီးရင် ကောင်းမွန်စွာနေထိုင်နိုင်ဖို့ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုး စားစား လုပ်ဆောင်ပြီး တစ်နေ့ကျရင် သူမနဲ့ လက်ထပ်မယ်လို့ စိတ်ကူးထားတယ်..။ သူ့သူငယ်ချင်းတွေက

"မင်းသူ့ကို တအားမမျှော်လင့်ထားနဲ့..၊ သူမက မင်းကို ချစ်လား မချစ်လားတောင် မင်းသိတာ မဟုတ်ဘူး..၊ ပထမဆုံး မင်း သူမကို ချစ်ခွင့်ပန်သင့်တယ်…" လို့ အကြံပေးကြတယ်..။ သူလည်း ဒီအတိုင်းပဲ ဖြစ်သင့်တယ်လို့ ထင်တယ်..။

ကောင်မလေးက သူမကို သဘောကျနေမှန်း အစကတည်းက သိပါတယ်..။ ကောင်လေး ချစ်ခွင့်ပန်တဲ့နေ့မှာ တော့ သူမ ကောင်လေးကို ငြင်းဆန်ခဲ့တယ်..။ ကောင်လေးရဲ့ သူငယ်ချင်းတွေကတော့ ကောင်လေးတစ် ယောက် သူ့အိပ်မက်တွေ ပျက်စီးသွားတဲ့အတွက် အရက်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး သူ့ဘ၀ ပျက်ဆီးသွား လိမ့်မယ်လို့ ထင်မှတ်ထားကြတယ်..။ ဒါပေမယ့် တစ်ကယ်တမ်းတော့ အဲ့ဒီလို မဖြစ်ခဲ့ပါဘူး…။


သူငယ်ချင်းတွေက ကောင်လေးကို ဒီလိုငြင်းပယ်ခံရတဲ့ ၀မ်းမနည်းဘူးလားလို့ မေးတဲ့အခါ ကောင်လေးက.. 

"ငါ ဘာလို့ ၀မ်းနည်းနေရမှာလဲ..၊ ငါက ငါ့ကို လုံးဝ မချစ်တဲ့လူတစ်ယောက်ကို စွန့်လွှတ်ရတာ.. သူကတော့ သူ့ကို

 အရမ်းချစ်ပြီး ဂရုစိုက်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတာလေ…"


 

သင်ခန်းစာ ။ အချစ်စစ်က ရဖို့ ခက်ခဲပါတယ်..။ အချစ်စစ်ဆိုတာ တစ်စုံတစ်ယောက်ကို ဘာမှ အမြတ်အစွန်း

 ပြန်ရလိုစိတ် မရှိပဲနဲ့ ပေးဆပ်ခြင်းဖြစ်ပြီး တစ်ကယ်လို့ အဲ့ဒါကို တစ်ခြား တစ်ဖက်က ငြင်းဆန်ခဲ့မယ် ဆိုရင်တော့ 

အဲ့ဒါဟာ သူ့ဘ၀မှာ အကြီးမှားဆုံး ဆုံးရှုံးမှုတစ်ခုသာဖြစ်ပါလိမ့်မယ်..။ အဲ့ဒီတော့ အငြင်းခံရလို့ စိတ် မပျက်ပါနဲ့…။



အောင်ထွန်းဦး

 



Tuesday, December 24, 2013

ကျွန်တော်နဲ့ မိုင်တိုင်အမှတ် ၂၆



 ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမ၀င်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။ 

မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း  ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ၀င်ခွင့်ကဒ်လုပ်ရတယ်..။ ၀င်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ၀ယ်ချင်တာတွေ ၀ယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။ 

အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ၀ိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။

ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ၀ါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။ 

ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။

"ဟရောင်…၊ ဘာဖြစ်တာလဲ…"

"မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့…."

"ဆီပြတ်တာလား.."

"မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…"

"သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…"

"ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…"

"အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…" 

"ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…"

"အောင်မလေးဗျ…."

ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ၀င်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။

"ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…"

"ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…"

"ဟာ… ငါနောက်ကနေ မစီးရဲဘူး…"

"ဒါဆို မင်းရှေ့က ဆွဲတတ်လို့လား.."

"ဟာ.. ငါမှ မဆွဲဘူးတာ…"

"ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား.."

ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။

"အား….၊ အောင်မလေးဗျ..… သရဲ…."

"ဟရောင်…ဘာဖြစ်နေတာလဲ….."

"မင်း .....မင်း.... နောက်မှာ…မင်းနောက်မှာ…."

ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့…

"ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ.."

ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။

"ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်.." ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။

"အောင်မလေးဗျ…." ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။

"ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…"

"အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ…." ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။ 

ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။

"ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…"

"မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်…." ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက…

ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။

နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။

"ဟင့်အင်း…."

အောင်ထွန်းဦး


Saturday, December 7, 2013

အနစ်နာခံလူသား (သို့) အမေ

"မေမေ… ကျောင်းစုံညီပွဲတော်..ကပွဲမှာ သားပါတယ်… အဲ့ဒါ ကပွဲ ၀တ်စုံဝယ်ရမယ်တဲ့…"

"သမီးလည်း ပါတယ်မေမေ.. ပြီးတော့ အဲ့ဒီနေ့မှာ ဆုလည်း ပေးမှာ ဆိုတော့ ကိုကိုရော သမီးရော.. ဆုယူဖို့ ကျောင်းစိမ်း အသစ်လည်း မရှိသေးဘူး… မေမေ၀ယ်ပေးမှာလားဟင်…"

"၀ယ်ပေးရမှာပေါ့ကွယ်.. မေမေ့ သားသမီးတွေ ဆုယူဖို့ပဲ..ဒါနဲ့ စုံညီပွဲတော်က ဘယ်နေ့လဲ.."

"နောက်တစ်ပတ် တနင်္ဂလာနေ့ မေမေ…"

သူမ နဖူးက တစ်ဒီးဒီးစီးကျနေသော ချွေးစတို့ကို သုတ်လိုက်သည်။ ရင်ထဲက ပူလောင်ဒဏ်တွေကို မျက်နှာပေါ်မှာ မပေါ်စေရန် မျက်နှာကို အလှပဆုံးပြုံးထားလိုက်သည်။ ပြီးတော့ ကျောင်းစိမ်း အင်္ကျီ အဟောင်း လေးနဲ့ နွမ်းလျနေတဲ့ လွယ်အိတ်လေးကိုလွယ်ပြီး ကျောင်းသွားနေရတဲ့ သားနဲ့သမီးတို့ရဲ့ မျက်နှာကို မြင်ယောင် ကြည့်သည်။ ပြီးတော့ အချိုသာဆုံးသော အသံဖြင့် …….

"ဟောဒီက ပဲပြုတ်…."

သူမ အတွက် ပဲပြုတ်ရောင်းတာ တွက်ခြေကိုက်တယ်လို့ မဆိုနိုင်ပေမယ့် ဒီအလုပ်မှမလုပ်ရင်လည်း သူမအတွက် လုပ်စရာအလုပ်မရှိ။ ယောက်ျားရှိစဉ်က အဆင်ပြေပြေ မကြောင့်မကြ နေနိုင်ခဲ့ပေမယ့် အမြဲတမ်း မျက်နှာသာ မပေးတတ်ခဲ့ ကံကြမ္မာရဲ့အလိုအရ သူမယောက်ျား ဆုံးပါးသွားခဲ့ပြီး စီးပွားလည်း ပျက်ခဲ့ရသလို သူမသည်လည်း ပဲပြုတ်သည်ဘ၀သို့ ရောက်ခဲ့ရပြီပဲလေ…။

"ပဲပြုတ်သည် လာပါအုံး…."

အော်သံကြားရာကြည့်မိလိုက်တော့ ငါးလွှာက အမျိုးသမီးတစ်ဦး…။ သူမ မကြားချင်ယောင်ဆောင်ပြီး လှည့်ထွက်ဖို့ လုပ်လိုက်သည်။ ဒါပေမယ့်…

"ပဲပြုတ်သည်… တက်လာပေးပါအုံး… မုန့်ဖိုးပေးပါ့မယ်…"

သူမ ချက်ချင်းပင် လှည့်ပြီး ငါးလွှာသို့ အလျင်အမြန်တက်လာခဲ့သည်။ သူမအတွက် ဒီအချိန် ပိုက်ဆံက အရေးကြီးသည်။ သားတို့သမီးတို့က ကျောင်းမှာ စာတော်ကြသလို စုံညီပွဲတော်အတွက်လည်း ကပွဲတွေမှာ ပါကြသည်တဲ့လေ..။ ဒီတော့ သူတို့လေးတွေရဲ့ ၀တ်စုံဖိုးအတွက် သူမပိုက်ဆံကို ရသလို ရှာရမည်။ ကြိုက် သလောက် မောပန်းပါစေ..။ ဒီအမောအပန်းတွေက သားတို့သမီးတို့ရဲ့ ကျောင်းစုံညီပွဲတော် နေ့ရောက်လို့ သူတို့လေးတွေ ဆုယူတာတွေ ကတာတွေကို ကြည့်လိုက်ရရင် အကုန်ပျောက်သွားမှာပါ..။ သားသမီးဆုယူတာ ကို လူအများနဲ့ ထိုင်နေရတဲ့ အမေတစ်ယောက်ရဲ့ ပီတိဟာ ဘာနဲ့မှ လဲလို့မရတဲ့ ပီတိ တစ်ခုပဲလေ..။ တွေးရင်းနဲ့ပင် သူမ ငါးလွှာထက်သို့ ရောက်လာခဲ့သည်။

"ပဲပြုတ် ငါးရာဖိုးပေးပါ…. ဒီမှာ တစ်ထောင်… ငါးရာက မုန့်ဖိုး ယူလိုက်နော်…."

"ကျေးဇူးပါပဲ…"

သူမ ပဲပြုတ်ငါးရာဖိုးကို ပိုပိုသာသာလေး ထည့်ပေးလိုက်ပြီး ပဲပြုတ်တောင်းကို ခေါင်းပေါ်ရွက်ကာ အောက်ကို ပြန်ဖို့ ပြင်ဆင်လိုက်သည်။ 

"ခဏလေး အဒေါ်… အဒေါ် ကျွန်မကို တစ်ခုကူညီပါလား.."

"ဟုတ်…."

"ဟိုမှာလေ… ဖုန်းကြိုးလွှတ်နေလို့ .. အဲ့ဒါ နည်းနည်းလောက်တက်ဆက်ပေးပါလား.. အိမ်မှာက အမျိုးသား မရှိလို့လေ.. ပြီးတော့ ကျွန်မ ကိုယ်ဝန်နဲ့ဆိုတော့ … အဒေါ့်ကို မုန့်ဖိုးပေးပါ့မယ်…"

ဒီမုန့်ဖိုးဆိုတဲ့ အသံကြားတိုင်း သူမ သားလေးနဲ့ သမီးရဲ့ မျက်နှာကို မြင်ယောင်မိပြန်သည်။ ပြီးတော့ ယောက်ျားသားမရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခတွေကို သူမသိသည်။ ဒီတော့…

"ကဲ..ဒါဆို …အဒေါ့်ကို ခုံယူပေး…"

ဖုန်းကြိုးလွှတ်နေတဲ့နေရာက… ၀ရံတာ အပေါ်က ဆက်ထားတဲ့နေရာလေးမှာ…..။

"ရော့… အဒေါ်…မုန့်ဖိုး ၅၀၀၀… အဒေါ့်ကို သမီးက စေတနာလည်း ရှိလို့ပါ…"

သူမအရမ်းပျော်ရွှင်သွားသည်။ ဒီ၅၀၀၀ ရယ် သူမစုထားတာရယ်ဆို.. သားနဲ့သမီးအတွက် ကျောင်းစိမ်းရယ် ကပွဲ ၀တ်စုံရယ် ၀ယ်ဖို့ လောက်သွားခဲ့ပြီ..။ ပဲပြုတ်ရောင်းပြီးတာနဲ့ ဈေးသွားမည်။ ကျောင်းစိမ်းရယ် ကပွဲဝတ်စုံ တွေရယ်ကို ၀ယ်ထားပြီး သားနဲ့သမီး ကျောင်းက အပြန်သူတို့ကို အံ့သြသွားအောင် လုပ်ရမည်။
သူမ ယူလာပေးတဲ့ ခုံပေါ်တက်ပြီး ၀ရံတာ လက်ရမ်းပေါ် တက်လိုက်သည်။ လက်တစ်ဖက်က ခေါင်မိုးနားက ခေါင်ပိတ်ကို သူမကိုင်ထားပြီး လက်တစ်ဖက်ဖြင့် လွတ်နေတဲ့ ဖုန်းကြိုးကို ဆက်နေလိုက်သည်။ ဒီအချိန်မှာပဲ သူမ ခေါင်ပိတ်ကို ကိုင်ထားတဲ့လက်က ယားလာသလို ခံစားလာရသဖြင့် ကြည့်မိလိုက်သည်။ သူမ လက်ပေါ်မှာ ပင့်ကူတစ်ကောင်…

"အား…"

သူမအကြောက်ဆုံးအရာဖြစ်တဲ့ ပင့်ကူကို လက်ကလျင်မြန်စွာ ခွာချလိုက်သည်။ အားပြုကိုင်ထားတဲ့ လက်လွတ်သွားသည်နဲ့ သူမ ရပ်နေတဲ့ ၀ရံတာလက်ရမ်းပေါ်ကနေ ပြုတ်ကျသွားသည်။ 

"အဒေါ်…. အောင်မလေး….လုပ်ကြပါအုံး.."

တိုက်ခန်းပိုင်ရှင် အမျိုးသမီးရဲ့ အော်သံကို သူမကြားလိုက်ရသည်။ သူမ တိုက်ပေါ်ကနေ အောက်ကို ပြုတ်ကျနေသည်။ သူမ လုပ်ရပ် မှားခဲ့သလား..၊ ဟင့်အင်း..၊ သူမ လုပ်ခဲ့တာ မမှားဘူး..၊ ဒါ သားနဲ့ သမီးအတွက် သူမ လုပ်ခဲ့တာပဲ..၊ သူမ ဒီအတွက် လုံးဝ နောင်တမရဘူး..။ လုံးဝ နောင်တမရဘူး..။ လုံးဝ နောင်တမရဘူး…။

"ဟာ.. ဒါ..ပဲပြုတ်သည် ဒေါ်ပြားပဲ… ဒုက္ခပါပဲ.. ဆေးရုံကားခေါ်လေ… အသက်မှ ရှိသေးရဲ့လားမသိဘူး…"

"တစ်ယောက်ယောက် သူ့ကလေးတွေကို အကြောင်းကြားပေးလိုက်ပါအုံး..၊ ကလေးတွေတော့ သနားပါတယ်ကွာ…"

ဒါသူမ နားထဲမှာ ကြားနေရတဲ့ ၀ိုးတ၀ါးအသံတွေဖြစ်သည်။ အိမ်မက်မက်နေသလိုမျိုး အိပ်နေရာကနေ နိုးထ လိုက်ချင်ပေမယ့် ဘယ်လိုမှ အမှောင်ထုထဲကနေ ရုံးထွက်လို့မရ..။ မိမိရဲ့ ခေါင်းမှ တစ်စိမ့်စိမ့်စီးထွက်နေသော သွေးတို့ရဲ့ စိုစိတ်မှုကြောင့် အနည်းငယ် သက်သာမှုရှိသလို ခံစားရသည်။ သားနဲ့သမီး…။ သူတို့လေးတွေ ဒီအချိန်ဆို ကျောင်းမှာ စာသင်နေကြရောပေါ့…။ 
 ဒီနှစ် ကျောင်းသားစုံညီပွဲတော့ သူမလွဲတော့ မည်ထင်သည်။ ခုနက အမျိုးသမီးပေးလိုက်တဲ့ ပိုက်ဆံရော..ရှိသေးရဲ့လားမသိ..။ သားနဲ့သမီး သူမမရှိရင် ဘယ်လို နေထိုင် စားသောက်ကြမလဲ..။ သူမ မသေချင်သေးဘူး..။ သူမ မသေပါရစေနဲ့…။ သူမ မသေပါရစေနဲ့…။ သူမ ဒါတွေကို တွေးနေတာလား…၊ ပါးစပ်ကနေ ပြောနေတာလား.. မသိတော့..။ သေချာတာတစ်ခုကတော့ သူမ အခုချိန်မှာ မသေချင်သေးဘူး..။

ဒါဟာ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုပါ..။ ဒီလိုဆုတောင်းရင်းနဲ့ပင် ဒေါ်ပြားဆိုသော မိခင် ပီသတဲ့ အဒေါ်ကြီးတစ်ယောက် သေဆုံးသွားခဲ့ရပါတယ်။ သူမ မသေခင် ဝေဒနာ ခံစားနေရင်း တတွတ်တွတ် ပြောသွားတဲ့ စကားတွေက မြင်နေရသူတွေရဲ့ နှလုံးသားတွေကို ငိုကြွေးစေခဲ့ပါတယ်..။ ဒီအဖြစ်အပျက်ကို မျက်မြင်မြင်တွေ့လိုက်ရတဲ့ ရပ်ကွက်ထဲက သူဌေးလူပျိုကြီး တစ်ယောက်က ဒေါ်ပြားရဲ့ သားနဲ့ သမီးကို အမွေစားအမွေခံ ခေါ်ယူ မွေးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုသိရင် တမလွန် ဘ၀က မိခင်ပီသလွန်းတဲ့ ဒေါ်ပြားကြီး သိနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်..။

သြော်..အမေဆိုတာ နောက်ဆုံးအချိန်ထိ သားသမီးတွေအတွက်သာ စဉ်းစားတတ်တဲ့ လူသားပဲဆိုတာ ကျွန်တော့်ကို ထပ်ပြီး သက်သေပြခဲ့ပြန်ပြီလားဗျာ..။

အောင်ထွန်းဦး


Thursday, November 21, 2013

ခေါင်ရမ်းပန်းနဲ့ ကလေးသရဲ


ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်အစားဆုံးအရာက ခေါင်ရမ်းပန်းနဲ့ ကြောင်နက်…။ ငယ်ဘ၀ကတည်း လူကြီးတွေ ပြောတာကြားဖူးတယ်..။ လူသေခေါင်းမှာ ခေါင်ရမ်းပန်း  ပန်ပေးလိုက်ရင် အဲ့ဒီလူသေဟာ ဖုတ်ဝင်ပြီး သင်းချိုင်းကို တန်းတန်းမတ်မတ် လမ်းလျှောက်သွားတယ်လို့ ကြားဖူးတယ်..။ ရှေးတုန်းက အသုဘချကြရင်လည်း ဒီလိုပဲ ချတတ်ကြသတဲ့..။ နောက်တစ်ခုကတော့ ကြောင်နက်…။ ကြောင်နက် ဆိုတဲ့ နေရာမှာ ကြောင်က တစ်ကိုယ်လုံး မဲနက်နေရမယ်..။ သူရဲ့ မျက်လုံးအစ..။ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်ကိုတော့ ကျွန်တော် တော်တော် များများ တွေ့ဖူးပါတယ်..။ ဒါပေမယ့် မျက်လုံးပါ မဲနက်နေတဲ့ ကြောင် ကတော့ ကျွန်တော့်တစ်သက် ၂ ခါပဲ မြင်ဖူးသေးတယ်..။ ရှားလဲ တော်တော်ရှားမယ့် အမျိုးပါပဲ..။ ရှေးလူကြီး တွေ ပြောကြတာတော့ တောထဲမှာပဲ နေတတ်ကြတဲ့..။ ထူးခြားတာက အဲ့ဒီလိုမျိုးကြောင်နက်တစ်ကောင်က လူသေအလောင်းတစ်ခုရဲ့ ဘယ်သူမှ စေခိုင်းချက်ကြောင့် မဟုတ်ပဲ ညာဘက်ကနေ ဘယ်ဘက်ကို ခုန်ကျော် လိုက်ပြီဆိုရင် အလောင်းကောင်ဟာ ဖုတ်ဝင်ပြီး အသက်ပြန်ရှင်လာတယ်လို့ လဲ ကြားဖူးပါတယ်..။ ဒီနေရာမှာ ပြောချင်တာက ကြောင်ကို အလောင်းကောင်ရဲ့ တစ်ဖက်ကနေ အစာနဲ့မျှားပြီး ခုန်ကျော်အောင် လုပ်တာမျိုးကို မဆိုလိုပါဘူး..။ ဒီအယူအဆကတော့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့ခဲ့သလို အချို့ဗွီဒီယိုကားတွေမှာလည်း ဒီဓလေ့ကို ထည့်သွင်းရိုက်ကူးကြတာ မြင်ဖူးကြမှာပါ…။ နိဒါန်းတောင် တော်တော် ရှည်သွားပြီ..။ ကျွန်တော် ပြောပြချင်တာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ခေါင်ရမ်းပန်း တစ်ပွင့်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ ဇာတ်လမ်း လေး တစ်ပုဒ်ပါ..။ ကဲ…စပါပြီ…။

ကျွန်တော် သူ့ကို ဒီအကြောင်းတွေ ပြောပြတော့ သကောင့်သားက ရယ်တယ်ခင်ဗျ..။ ပြီးတော့ သူလက်တွေ့ စမ်းချင်တယ်တဲ့..။ ဒါနဲ့ လာမည့် တနင်္ဂနွေနေ့ အပုပ်ချိန် ညနေ (၅း၀၀) နာရီ သင်းချိုင်းမှာ စမ်းကြမယ်လို့ ကျွန်တော်တို့ တိုင်ပင်ထားလိုက်ကြတယ်..။ သင်းချိုင်းမှာဆိုတော့ ညဘက်တော့ မစမ်းရဲဘူးဗျို့..။ ဒါကြောင့် အပုပ်ချိန်ကို ရွေးလိုက်ရတာ..။ ပြောပြရအုံးမယ်..။ ကျွန်တော်တို့က သရဲအကြောင်းဆို စိတ်ဝင်စားပြီး သင်းချိုင်းကို ခဏခဏရောက်လွန်းလို့ အဲ့ဒီက သုဘရာဇာနဲ့တောင် မိတ်ဆွေတွေ ဖြစ်နေကြပြီ..။ အခုကိစ္စမှာ လည်း သူလည်း စိတ်ဝင်စားတာကြောင့် ပါမယ်ပေါ့ဗျာ..။ ပြီးရင် သူ့ကို ကိစ္စထူးထူး မထူးထူး ထုံးစံအတိုင်း အရက်ဖိုးတော့ ပေးခဲ့ရမှာပေါ့..။

စနေနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခရီးထွက်ခဲ့ရတယ်..။ ရန်ကုန်မှာ နှစ်ပတ်ကြာတယ်..။ ကျွန်တော်ပြန်လာတော့ ဟိုကောင် ဆေးရုံတက်နေရတယ်တဲ့..။ ကျွန်တော် ဆေးရုံကို လိုက်သွားတော့ သက်သာနေတဲ့ သူ့ပုံစံကိုတွေ့လို့ စိတ်သက်သာရာရခဲ့တယ်..။ ဒီကောင်ပြောပြတာက ကျွန်တော် မလာနိုင် မှန်း သိပေမယ့်လည်း စမ်းချင်တဲ့ စိတ်ကို မထိန်းနိုင်တာနဲ့ သူရယ်.. သူငယ်ချင်းတစ်ယောက်ရယ်.. အဲ့ဒီ တနင်္ဂနွေနေ့ ညနေ (၅း၀၀) နာရီမှာ သင်းချိုင်းကို ဆိုင်ကယ်နဲ့ထွက်ခဲ့ပါသတဲ့..။ လက်ထဲမှာတော့ ခေါင်ရမ်းပွင့် တစ်ပွင့်ကို ကိုင်လို့ပေါ့လေ..။

သင်းချိုင်းကိုရောက်ရင်ပဲ သုဘရာဇာဦးလေးက တံခါးလာဖွင့်ပေးတယ်..။ပြီးတော့ ကျွန်တော့်ကိုမေးတယ်တဲ့..။ ဒီကောင်က ကျွန်တော် ရန်ကုန်သွားနေလို့ မလာနိုင်ဘူးဆိုတော့ သူတို့ကို အတင်းပြန်နှင်ထုတ်တယ်ဆိုပဲ..။ နောက်ဆုံး ဒီကောင်တွေလည်း မရမကပြောပြီး မုန့်ဖိုးပိုပေးပါ့မယ် ဘာညာနဲ့ သဘောတူခဲ့ကြတာပေါ့..။ ဒီလိုနဲ့ ဇရပ်ထဲမှာ ဒီညနေကမှ လာပို့ထားတဲ့ ကလေး အလောင်း တစ်လောင်းရှိတယ်..။ နက်ဖန်ကြမှ မြေမြှပ်မှာ…။ စမ်းသပ်ချင်ရင် အဲ့ဒီအလောင်းကို စမ်းသပ်လို့ရတယ်ပေါ့…။ အခေါင်းက ကျကျနနကို လုပ်ထားတာ..။ ကနုတ်ပန်းတွေ ဘာတွေနဲ့…။ 

သူအခေါင်းကိုဖွင့်လိုက်တယ်..။ ကောင်လေးက ၀မ်းလျှောပြီး ဆုံးထားတာ ဆိုတော့ ပါးချောင် နားချောင်တွေ ကျနေပြီး အရိုးစုပုံစံဖြစ်နေပေမယ့် ချစ်စရာကောင်းတဲ့ မျက်နှာလေးကတော့ပေါ်လွင်နေတယ်..။ ပြီးတော့ ကောင်လေးရဲ့မျက်နှာမှာ သနပ်ခါးတွေ လိမ်းပေးထားတာလဲဖွေးလို့…။

သူ ကြာကြာမတွေးတောပဲ.. ကောင်လေးရဲ့ ဘယ်ဘက်နားကြားထဲကို ယူလာတဲ့ခေါင်ရမ်းပန်းထိုးပေးလိုက်တယ်..။ ခဏစောင့်ကြည့်တယ်..။ ထူးလာမလားပေါ့…။ ဘာမှ ထူးမလာဘူး..။ ၁၀ မိနစ် ကြာသွားလည်း ထူးမလာဘူး..။ ဒီလိုနဲ့ ဘာမှလည်းမထူးဘူး ကျွန်တော့်ကို ပြန်ပြောစရာ ရပြီဆိုပြီ ပြန်မယ် အလုပ်မှာ သင်းချိုင်းကုန်း ခြံဝင်း သံတံခါးခေါက်သံကို ကြားလိုက်တယ်..။ သူရယ်..၊ သူ့သူငယ်ချင်းရယ်..၊ သုဘရာဇာ ဦးလေးရယ်.. ဘယ်သူပါလိမ့်ဆိုပြီး သွားလိုက်ကြတယ်..။ ကလေးငယ် တစ်ယောက်…။ ရုပ်က မသဲကွဲ…။ သုဘရာဇာ  ဦးလေးက..

"ဟေ့ ကလေး..မိုးချုပ်တော့မယ်.. ဒီမှာ… ဘာလုပ်မလို့လဲ…"

"ကျွန်တော့်ကို ဒီကနေ ခေါ်နေလို့လာတာ.."

"မင်းက ဒီက ဘယ်သူမှမခေါ်ဘူး..။ မှန်းစမ်း..၊ ဘယ်ရပ်ကွက်ထဲကကလေးလည်း..၊ မိုးချုပ်တော့မယ်.. အိမ်ပြန်တော့" ဆိုပြီး မျက်နှာကို ဓါတ်မီးနဲ့ ထိုးလိုက်တာ…..

 လားး လားး… အဲ့ဒီကလေးက… သူတို့ခုနမှ ခေါင်ရမ်းပန်း ပန်ပေးလိုက်တဲ့ကလေးလေး..။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့…။ ဟုတ်ပါတယ်..။ သေချာကြည့်လိုက်မှ သူ့ဘယ်ဘက်နားရွက်ထက်မှာ ပန်းကြီးတစ်ပွင့်..။


ဒါသူ နောက်ဆုံးမှတ်မိပြီး ပြန်သတိရလာတော့ ဆေးရုံရောက်နေတာတဲ့..။ ဟိုတစ်ကောင်ကတော့ သတ္တိရှိပုံ ရတယ်..။ ဆေးရုံတက်ရလောက်အောင် ဘာမှ မဖြစ်လိုက်ပေမယ့် မန္တလေးမှာပဲနေတော့မယ်ဆိုပြီး ပြောင်းသွားလေရဲ့…။ ကျွန်တော်တော့ ဒီအဖြစ်အပျက်နဲ့ မကြုံလိုက်ရတာ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ပါဘူးဗျာ…။

အောင်ထွန်းဦး

Wednesday, November 20, 2013

သားလေးက ပေးခဲ့တဲ့ သင်ခန်းစာ


"မေမေ… သားခေါင်းက ဆံပင်တွေ ဘယ်တော့ပြန်ပေါက်လာမှာလဲဟင်…"

ဒီလို မေးလိုက်တိုင်း သူမမှာ ပြန်ဖြေစရာ အဖြေမရှိခဲ့..။ ဘယ်တော့မှ ဆံပင်ပြန်မပေါက်နိုင်တော့တဲ့ သားလေးရဲ့ ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး..

"နောက်ကျရင် ပြန်ပေါက်လာမှာပေါ့သားရယ်….."

သားလေး သူမတို့ မိသားစုထဲကို ရောက်လာတော့ သူမဘ၀အတွက် အရာရာပြည့်စုံသွားခဲ့ပြီ..။ ချစ်တဲ့ ခင်ပွန်းရယ်..၊ သားလေးရယ်က သူမအတွက် နိဗ္ဗာန်ဘုံဆိုလည်းမမှား…၊ ဒါပေမယ့် ကောင်းတာတွေပဲ အမြဲ မဖြစ်တတ်တဲ့ လောကကြီးရဲ့ ပုံသေနည်းအတိုင်းပင် သားလေးတွင် ကင်ဆာရောဂါဆိုး ၀င်ရောက်ခဲ့ပြီး အခုဆိုရင် ဆရာဝန်က သားလေးရဲ့ သက်တမ်းကို နောက်ဆုံး ၆ လလို့တောင် သတ်မှတ်ထားနေပြီလေ..။
အတွေးတွေကြောင့် ကျလုဆဲဆဲ မျက်ရည်တို့ကိုသုတ်ရင်း ကုတင်ပေါ်က သားလေးကို သူမ အားယူပြုံးပြ လိုက်သည်။ သားလေးက ကုတင်ပေါ်မှ အားယူထိုင်လိုက်ပြီး…

"သားကျောင်းပြန်တက်ချင်တယ်မေမေ… စာတွေလည်း မမှီမှာစိုးတယ်.. စာမေးပွဲလည်း ဖြေရအုံးမှာလေ…"

"ဖြေရမှာပေါ့သားရယ်… နောက်တစ်ပတ်ဆို သားက ဆေးရုံက ဆင်းရတော့မှာလေ… "

သူမအသံတွေ တုန်နေမိသည်ထင်သည်။ ချစ်တဲ့ သားလေးနှုတ်ခမ်းပေါ်က အပြုံးလေးတစ်ပွင့်ကို သူမတွေ့လိုက်ရသည်။ သူမ ဒီအခိုက်အတန့်လေးကို သူမမှာ ရှိသမျှ စည်းစိမ်တွေ အကုန်သုံးပြီး ရပ်တန့် ထားလိုက်ချင်သည်။ စိတ်ထဲမှာတော့ သားလေးအတွက် သူမ မီးပင်လယ်ဝေနေပြီလေ…။

"သားကို ကျောင်းမထားရဘူး..၊ သားက နေကောင်းသေးတာလည်း မဟုတ်ဘူး.. အိမ်မှာပဲ အေးအေးဆေးဆေး နေပြီး သားလေးကို မရ ရအောင် အကို ကုမယ်…."

"ဒီမယ် အကို…၊ သားလေး လူ့လောကမှာ ဘယ်လောက်ပဲနေရတော့မှာလဲဆိုတာ အကိုလည်း သိတယ်..၊ သားလေးရဲ့ နောက်ဆုံးအချိန်ကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်အောင် ကျွန်မတို့ ၀ိုင်းကူညီပေးရအောင်ပါ အကို…"

သူ နှုတ်ဆိတ်သွားသည်။ သားလေးကို နောက်ဆုံးအချိန်ထိ မျှော်လင့်နေသည့် ဖခင်တစ်ယောက်ရဲ့ စိတ်ကို သူမသိသည်။ သူဘာမှ မပြောပဲ သူမဆီလျှောက်လာသည်။ မျက်ရည်စတို့ တွဲခိုနေတဲ့ မျက်ဝန်းအစုံကို သူမ ရဲ့ ရင်ခွင်ထဲတွင် အပ်ပြီး ကလေးငယ် တစ်ယောက်လို ရှိုက်ကြီး တငင် အော်ငိုချလိုက်သည်။ တော်ရုံ တန်ရုံ ၀မ်းနည်းခဲတဲ့သူ ငိုမိတာကို သူမ မအံ့သြမိ..။ တစ်ကယ့်ယောက်ျားပီသသူတွေက ငိုတတ်ကြတာပဲလေ…။

ဒီမနက် သားလေး ကျောင်းပြန်တက်ရမှာ ဖြစ်တာကြောင့် တစ်အိမ်လုံး ဆူညံပြီး ပျော်ရွှင်နေကြသည်။ ကျောင်းဝတ်စုံအပြည့်နဲ့ သားလေးကို ကြည့်ရတာ မိုးပေါ်မှ နတ်သားလေး တစ်ပါးဆင်းလာသလို ကျက်သရေ ရှိလှသည်။ သူမ သားလေးကို ဦးထုပ်လေး ဆောင်းပေးလိုက်ပြီး…

"ကျောင်းမှာ ပျော်ပျော်နေနော် ..သားလေး…"

အချိန်တွေက ကုန်ဆုံးတာ အရမ်းမြန်တယ်လို့ ထင်မိသည်။ သူမဘ၀တစ်လျှောက်လုံး ဒီအချိန်တွေသည် အမြန်ဆုံး ကုန်ဆုံးနေသည်ဟုလည်း ထင်မိသည်။ ညနေ မိုးချုပ်မှာကို ကြောက်နေမိသလို နေ့သစ်အဖြစ် နံနက် နေထွက်လာတာကိုလည်း သူမ ရင်မဆိုင်ဝံ့ခဲ့..။ သားလေးက ကျန်းမာရေးအခြေအနေ ဆိုးဝါး လာတာ ကြောင့် အခု ကျောင်းမတက်တော့ပဲ အိမ်မှာပဲ နေနေရသည်။ သူမဘ၀အတွက် အဆိုးဆုံးအချိန်ကာလကို ရောက်တော့မယ်ဆိုတာ သူမသိပေမယ့်လည်း ကြိုတင်ပြင်ဆင်ဖို့ စိတ်မကူးမိသလို တွေးလည်း မတွေး..။ ကုတင်ပေါ်မှာ ရောဂါဒဏ်ရဲ့နှိပ်စက်မှုကြောင့် လူးလွန့်အော်ဟစ်နေရှာတဲ့ သားလေးကို သူမ မကြည့်ရက်တော့..။

"သူရဲ့နောက်ဆုံး အချိန်ကို ရောက်နေပါပြီ…၊ ကြိုတင်ပြင်ဆင်ထားပါဗျာ…"

မိသားစုဆရာဝန်တဲ့ စကားက သူမနားထဲကို သံရည်ပူတွေလောင်းထည့်သလို စီးဆင်းလာသည်။ သူမ သားလေးရဲ့လက်ကို နွေးထွေးစွာဆုပ်ကိုင်ထားလိုက်သည်။ သားလေးခံစားနေရတဲ့ ဝေဒနာအားလုံး လက်ကနေ တစ်ဆင့် သူမဆီကို အကုန်ပို့လိုက်ပါဆိုပြီး စိတ်ထဲကနေ အထပ်ထပ်အခါခါ ဆုတောင်း နေမိပါတယ်…။ ဝေဒနာခံစားနေရတဲ့ သားလေးကို ဘာမှ မလုပ်ပေးနိုင်ပဲ ဘေးနားကနေ ထိုင်ကြည့် နေရတဲ့ ခံစားမှု အတော့်ကို ဆိုးဝါးလှတယ်လို့ သူမထင်မိသည်။

မှတ်မှတ်ရရ အချိန်က နံနက် (၉း၁၀) မိနစ် တိတိ…၊ သားလေးရဲ့ ရုန်းကန်နေတဲ့ ခန္ဓာကိုယ်ငြိမ်ကျသွားခဲ့ သည်။ နိမ့်လိုက်မြင့်လိုက် ဖြစ်သည်အထိ အသက်ရှုရခက်နေသော ရင်အစုံတို့သည်လည်း ငြိမ်သက် သွားခဲ့ ပြီ..၊ သူမဆုပ်ကိုင်ထားသော သားလေးရဲ့ လက်တွေသည်လည်း ဖြေလျော့သွားခဲ့ပြီ…။ သားလေးရဲ့ ကိုယ်မှ စို့နေတဲ့ ချွေးလေးတွေလည်း ခြောက်ခန်းသွားခဲ့သလို စီးဆင်းနေတဲ့ သွေးကြောတွေ ရပ်ဆိုင်းသွားမှုကြောင့် နွေးနေတဲ့ ခန္ဓာကိုယ်လည်း အေးစက်သွားခဲ့ရပြီလေ…။

ရက်လည် ဆွမ်းသွပ် ကိစ္စတွေပြီးတော့ သားလေးရဲ့ အခန်းထဲကို သူမ အလွှမ်းပြေ အမြဲတမ်း ၀င်ကြည့်ဖြစ် သည်။ သားလေးအခန်းကိုလည်း သားလေးရှိစဉ်က ပုံစံအတိုင်းမပြုပြင်ပဲ ထားခဲ့သည်။ သားလေးရဲ့ ကျောင်း လွယ်အိတ်လေးကို သူမတွေ့လိုက်သည်။ သားလေး အရမ်းကြိုက်သည့် ပင့်ကူလူသား ရုပ်ပုံနှင့် ကျောပိုးအိတ် ကလေး..၊ သူမ ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ သားလေးရဲ့ ကျောင်းစာအုပ်တွေကို လှန်လှော ကြည့်သည်။ တစ်နေရာအရောက် စာအုပ်ရဲ့ နောက်ကျော တစ်နေရာမှာ ဆွဲထားတဲ့ ပုံတစ်ပုံ ကို တွေ့လိုက်ရသည်။ ဆွဲထားတဲ့ ပုံက

သူမရယ်.. အကိုရယ်.. လက်တွဲနေတဲ့ပုံ… ဘေးနားမှာက အုတ်ဂူလေး တစ်လုံး….စာလေး တစ်ကြောင်း ရေးထားခဲ့သည်။

"ပျော်ရွှင်စွာ နေခဲ့ပါ ဖေဖေနဲ့ မေမေ…၊ သားကို အရမ်းချစ်မှန်း သိခဲ့ရလို့ သားပျော်ခဲ့ရပါတယ်" တဲ့

 အောက်မှာ ရက်စွဲလည်း ထိုးထား သည်။ လွန်ခဲ့သော ၆ လ က ရက်စွဲ….။ ဟင်….. သားလေး….၊ သူ….သေမယ်ဆိုတာကို ကြိုသိနေခဲ့တာပေါ့…. သူ ဒီအကြောင်းတွေကို ကြိုသိနေခဲ့တာပေါ့….သူမ အံ့သြတယ်ဆိုတာထက် ပိုမို ခံစားမှု မျိုးဖြစ်ပေါ်နေသည်။ သားလေးက ဒီခြောက်လအတွင်း ပျော်ရွှင်စွာပဲ အပူအပင်မရှိ နေထိုင်ခဲ့သည်။ 

သူမ လုံးဝ ထင်မထားမိ..။ သားလေးက သူ့ကိုယ်သူ သေလူတစ်ယောက်ဆိုတာကို သိနေပြီး ကလေးတစ်ယောက် ဖြစ်ပေမယ့် ကြုံတွေ့ လာတဲ့ လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်သွားခဲ့တာပဲ.... လူလောကမှာ ကျန်ခဲ့တဲ့ သူမတို့ကကော လောကဓံကို သူ့လောက်တောင် ရင်မဆိုင်နိုင်ဘူးလား…။ သူမရင်ထဲ ဘယ်ကမှန်းမသိတဲ့ ခွန်အားတွေ ၀င်ရောက်လာခဲ့သည်။ သူမ တစ်ချက်ပြုံးလိုက်သည်။ အခုဆို သူမမှာ လောကဓံကို ရင်ဆိုင်နိုင်ဖို့ သားလေးက ပေးတဲ့ ခွန်အားတွေ အပြည့်ရှိနေပြီလေ….။

အောင်ထွန်းဦး


Sunday, November 3, 2013

ကျုပ်နဲ့ ရန်ကုန်အထာ - ၎


ကျုပ်ကတောသားဆိုတော့ကာ… ကျုပ်ကို အပေါင်းအသင်း တစ်ချို့က ကျောင်းမှာ စိတ်ရင်းနှင့်ပေါင်းကြတယ်.. အဲ… တစ်ချို့ကြ ပြန်တော့ စချင်နောက်ချင် လောင်ချင် ပြောင်ချင်တဲ့စိတ်နဲ့ ကျုပ်ကို ပေါင်းကြတယ်… ခက်တာက… ကျုပ်အသက်လေးက ဒင်းတို့ထက် မဆိုစလောက် ကြီးနေတော့ကာ တစ်ခါတစ်လေတော့ ကျုပ်က မခံချင်ဘူးရယ်… ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ… ကျုပ်ကတော့ သူတို့အားလုံးနဲ့ အဆင်ပြေအောင် နေလိုက်တာပါပဲ… ဒီနယ်က ကိုယ့်နယ် မဟုတ် တာရယ်… ဒင်းတို့လေးတွေက ကျုပ်ထက် အဆမတန် ငယ်နေတာရယ်ကြောင့်ပါ…

ရွာမှာသာ ဒင်းတို့လေးတွေ ကျုပ်ကို ဒီအချိုးမျိုး လာချိုးကြည့်ပါလား….၊ နပန် ဖုန်ထအောင် ကျင်းလွှတ်ပြီး ဘောကွင်းကို အပျင်းပြေ ဆယ်ပတ်လောက် ပတ်ပြေးခိုင်းလိုက်မယ်… ကျုပ်က ရွာမှာဆို ကြက်ခေါင်းဆိတ် ခံတာမဟုတ်ဘူး..။ မခံဆို အဘကလည်း ပိုက်ဆံရှိ ရွာသူကြီးကိုးဗျ…။ ရွာက ကာလသားတွေ အားလုံးကို ကျုပ်က တပည့်လိုပေါင်းတာ…။ ဟေ့ကောင်တွေ ဆိုတာနဲ့ တစ်ခါတည်း ဗျာ ဆိုတာလာပြီးသား..။ တစ်ခါတစ်လေတော့လည်း ဒီရန်ကုန်ကြီးကို ပစ်ပြီး ကျုပ်ဗိုလ်ကျခဲ့တဲ့ ရွာကို ပြန်ချင်သားဗျ…။ ဒါပေသည့် ကျုပ်ပြန်သွားရင် အရှက်ရမယ့် အဘတို့ကြောင့် သည်းခံပြီး နေနေရတာပလေ..။

ဒီနေ့… ကျောင်းသာ ထွက်လာခဲ့ရတယ်… စိတ်ကသိပ်ပါလှတယ် မဟုတ်ဘူး…၊ မပါဆို.. ဆရာမလေး ကလည်း ဒီနေ့ကစပြီး ခွင့်တစ်ပတ်ယူထားတယ်လေ… ဆရာမလေးမရှိရင် ကျောင်းကြီးက ကျုပ်အတွက် အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရတယ်..။ ခက်ပါတယ်…။ ကိုယ်နဲ့ရွယ်တူကလည်း ကျောင်းမှာ တစ်ယောက်မှ မရှိ..။ ရှိတဲ့ ဆရာမလေးကလည်း ကျောင်းမလာ…။ ရှုတ်ပါတယ်..။ ကျုပ် ဒီနေ့ ကျောင်းမတက်တော့ဘူး…။

အခန်းရှေ့ရောက်မှ ပြန်လှည့်ထွက်မယ်အလုပ်…

"ဦးအောင်ဘု…၊ ဦးအောင်ဘု…"

"ဘာတုန်း…."

"ဒီနေ့ သမီးရုပ်ရှင် သွားကြည့်မလို့… အဲ့ဒါ တစ်ယောက်တည်း ဖြစ်နေလို့…ဦးအောင်ဘု လိုက်ပို့မလားဟင်.."

အင်…၊ ဘာလဲဟ…၊ ထူးထူးခြားခြား..၊ အရင်က ကျုပ်ကို တွေ့တာနဲ့ မျက်စောင်းထိုး ကျုပ်နဲ့ သိပ်အစေးမကပ် တဲ့ ဒီဟာမလေးက ကျုပ်ကို ရုပ်ရှင်သွားကြည့်ဖို့ လာခေါ်နေပါလား..၊ ဘာအကွက်တွေ ရှိလဲတော့ မသိ..၊ တောသား ဆိုပေမယ့် နည်းနည်းတော့ နပ်လာပီ…

Saturday, November 2, 2013

အစွမ်းထက်တဲ့ မိခင်မေတ္တာ




ဆရာဝန်တွေက Carolyn Isbister ကို သူမရဲ့ သမီးလေးဟာ နောက် မိနစ် ၂၀ အတွင်းမှာ သေဆုံးလိမ့်မယ် လို့ ပြောလိုက်တဲ့အခါမှာ သူမဟာ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တယ်..။

သူ့သမီးငယ်လေး Rachel ကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ သူမွေးဖွားခဲ့ပြီး အလေးချိန် 1.4 ပေါင် သာရှိပါတယ်..။ Rachel ရဲ့အသက်ရှုနှုန်းဟာလည်း ၁၀ စက္ကန့်မှာမှ တစ်ကြိမ်သာ ရှုပါတယ်..။ အမေ ဖြစ်သူ Isbister ဟာ အလွန်ဆုံး မိနစ် ၂၀ လောက်သာ လူ့လောကမှာ နေရတော့တဲ့ သမီးလေး Rachel ကို ဖန်ပေါင်း ပြွန်ထဲကနေ ထုတ်ယူလိုက်ပါတယ်..။ ပြီးတော့ နှစ်သက်မြတ်နိုးစွာ သမီးလေး နဖူးကို နမ်းလိုက်ပြီး သူမ ရင်ဘတ်ထဲမှာ ပွေ့ဖက်ထားခဲ့ပါတယ်..။

အရင်ဆုံးသူမ Rachel ရဲ့နှာခေါင်းကနေ အသက်ရှုသံညှင်းညှင်းလေးကို ကြားလိုက်ရပါတယ်..။ ခဏအကြာမှာ တော့ Rachel ရဲ့ အသက်ရှုနှုန်းဟာ မြန်သထက်မြန်လာခဲ့ပြီး သူမရဲ့ ပါးပြင်ဟာလည်း အညိုရောင်ကနေ ပန်းရောင် ပြောင်းလဲလာပါပြီ…။ နောက်ဆုံး သူမဟာ Rachel ရဲ့ ငိုသံကို ကြားလိုက်ရပါတယ်..။ အဲ့ဒီအသံဟာ သူမအတွက်တော့ အရမ်းကို သာယာနာပျော်စေခဲ့တဲ့ အသံဖြစ်ခဲ့ပါတယ်..။

လေးလကြာတဲ့အခါမှာတော့… ဆရာဝန်တွေဟာ Rachel လေးကို အိမ်ကို ခေါ်ခွင့်ပြုခဲ့ပါပြီ…။ ဆရာဝန်တွေက လက်လျှော့ထားပြီး မိနစ် ၂၀သာ အသက်ရှင်ရတော့ သမီးငယ်လေးကို မိခင်ရင်ငွေ့ကနေ အသက်ပြန်ကယ် နိုင်ခဲ့တာဟာ အိပ်မက် တစ်ခု မဟုတ်ခဲ့သလို ပြဇာတ် တစ်ခုလည်း မဟုတ်ခဲ့ပါဘူး..။ ဒါဟာ တိုက်ဆိုက်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်… ကျွန်တော်ပြောရဲပါတယ်… ဒါဟာ…. မိခင်မေတ္တာဆိုတဲ့ တုနှိုင်းမရှိတဲ့ ဆေးစွမ်း တစ်လက်ကြောင့်လို့ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ခဲ့ကြဘူး….

အောင်ထွန်းဦး

အမှိုက်ကားနဲ့တူသော လူများ


တစ်နေ့ ကျွန်တော် Taxi တစ်စီးကို တားလိုက်ပြီး လေဆိပ်ကို ထွက်ခဲ့တယ်..။ ကျွန်တော်တို့ ကားဟာ လမ်းရဲ့ ညာဘက်ကနေ ပုံမှန်မောင်းနှင်နေတုန်း ရုတ်တရက် အရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးဟာ ရပ်ထားရာကနေ ချက်ချင်းပဲ မောင်းထွက်လာခဲ့တယ်..။

ကျွန်တော် စီးနေတဲ့ကားရဲ့ Driver ဟာ ဘရိတ်ကို အမြန်နင်းချလိုက်ပြီး စီယာတိုင်ကို ဆွဲကွေ့လိုက်တယ်.. လျက်တစ်ပျက် အတွင်းမှာ သူရဲ့ကျွမ်းကျင်မှုကြောင့် ကားတိုက်မှုကနေ လက်မ အနည်းလောက်နဲ့ ကျွန်တော် တို့ လွတ်မြောက်ခဲ့ကြတယ်..။

အဆိုပါ ကားရဲ့ Driver ဟာ ကားထဲကနေ ခေါင်းထွက်လာပြီး ကျွန်တော်တို့ကို ဆဲဆိုနည်း ပေါင်းစုံနဲ့ ဆဲဆို သွားခဲ့တယ်..။ ကျွန်တော့် Taxi Driver ကတော့ ဘာမှ မပြောပဲ ပြုံးပြီး အဲ့ဒီလူကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက် လိုက်တယ်..။ တစ်ကယ့်ကို ရင်းရင်းနှီးနှီး ပုံစုံလိုပါပဲ….။ ဒါကြောင့် ကျွန်တော်လည်း မနေနိုင်တာနဲ့..

"ခင်ဗျားက သူဒီလောက် ဆဲဆိုသွားတာကို ဘာမှလဲ ပြန်မပြောဘူး..။ ကိုယ်က မှန်နေတာပဲ..။ ပြီးတော့ ကိုယ့်ကို ဆေးရုံပို့မယ့် သူကိုတောင် ခင်ဗျားက လက်ပြပြီးတောင် နှုတ်ဆက်လိုက်သေးတယ်..။ ဘာလဲ..။ သူက ခင်ဗျား အသိလား…"

သူက … "လူတွေဟာ အမှိုက်ကားနဲ့ တူကြတယ်ဗျ…။ သူတို့တွေဟာ အမှိုက်တွေ အပြည့်နဲ့ လှုပ်ရှား သွားလာ နေကြတယ်..။ တစ်ကိုယ်ကောင်းစိတ်.. ဒေါသစိတ်…၊ အတ္တစိတ်တွေဆိုတဲ့ အမှိုက်တွေနဲ့ပေါ့ဗျာ… သူတို့မှာ အမှိုက်တွေ များလာတာနဲ့အမျှ အမှိုက်သွန်စရာနေရာ ရှာတတ်ကြတယ်..။ တစ်ခါတစ်လေ ကိုယ့်ကိုယ်တိုင်နဲ့ တစ်ခြား လူတွေ အပေါ်ကိုပေါ့.."

"ဒီတော့ ကျွန်တော်ကတော့ သူဆီက ရလာမယ့် အမှိုက်တွေကို မယူဘူး..၊ အမြဲတမ်း ပြုံးပြ နှုတ်ဆက်ပြီး ထွက်လာလိုက်တော့ပါပဲ…"

ဒီဇာတ်လမ်းလေးဟာ အခုကျွန်တော် မြင်တွေ့နေရတဲ့ ရန်ကုန်မြို့က Taxi Driver တွေ၊ Bus Driver တွေ အတွက်များ ရေးထားသလားလို့တောင် ထင်မိပါတယ်….။ အမှိုက်ကင်းတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ…။

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ