Monday, April 28, 2014

တိရိစ္တာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့


လူတွေမှာတကယ်ပဲ သနားညှာတာစိတ်မရှိတော့တာလား အသွေးချင်းအသားချင်း စာနာစိတ်မရှိတော့တာလား ဒါမှမဟုတ် ... ရက်စက်ကြမ်းတမ်းတဲ့စိတ်တွေ မွေးဖွားလာခဲ့တာလားဆိုတာ ပြုလုပ်သူကာယကံရှင်တွေပဲသိပါလိမ့်မယ် ။ တစ်ကမ္ဘာလုံးက စာနာထောက်ထားသူတွေက တိရိစ္ဆာန်ညှင်းပမ်းမှုမှ ကာကွယ်စောင့်ရှောက်ရေးကို အားတက်သရော ဆောင်ရွက်နေချိန်မှာ အင်တာနက်မှသတင်း ၂ ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ။

ပထမသတင်းကတော့ အရှင်လတ်လတ် ငါးကလေးတွေ နဲ့လိပ်ကလေးတွေကို ကီးချိန်းအဖြစ်အိတ်ထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ ( သတင်းအမှန်ပါ )

တရုတ်ပြည်ရဲ့လမ်းမကြီးတွေမှာ လိပ်ကလေးတွေကို လက်ဆောင်အဖြစ် အိတ်ကလေးတွေထဲထည့်ပြီး ရောင်းချနေကြတာတွေ့ရတယ် ဒီလိပ်ကလေးတွေက အသက်ရှင်နေတုန်းပါပဲ ။ စတိုးဆိုင်ပိုင်ရှင်ကတော့ ဒီလိုကီးချိန်းလေးတွေထဲက လိပ်ကလေးတွေဟာ တစ်လမှ ၃ လအထိအသက်ရှင်တယ်လို့ဆိုတယ် တစ်ကောင်ကို 5RMB ပေးရပါတယ် ။ တော်တော်ရက်စက်ကြမ်းကြုတ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိတဲ့လုပ်ရပ်ပါပဲ ။

ဒီလို အိတ်ထဲ ထည့်သွင်းခံရပြီးရောင်းချခံရတဲ့လိပ်ကလေးတွေငါးကလေးတွေဟာ အသက်ရှုကြပ်ပြီးတစ်ချိန်မှာ မချိမဆန့်ဝေဒနာခံစားရပြီးသေဆုံးကုန်ကြတော့မှာပါ ။ ပြုလုပ်ရောင်းချသူတွေကို ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး လမ်းလယ်ခေါင် ချရောင်းကြရင်ဖြင့် ဘယ်လိုနေကြမှာပါလိမ့် ။

ငွေရှာဖို့အတွက် တခြားနည်းလည်းမရှိဘူးလားလို့မေးစရာရှိပါတယ် ။ တကယ်တော့ ရောင်းတဲ့သူမှာရော ၀ယ်တဲ့သူမှာရော ၂ ဦး ၂ ဖက်စလုံးမှာ အကုသိုလ်များလွန်းလှပါတယ် ။ မီဒီယာတွေကနတဆင့်အစိုးရဟာ ဒီသတင်းကြားပြီး ဒီလိုလုပ်ရပ်တွေကို တရားမ၀င်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးဖယ်ရှားနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။

http://skeptics.stackexchange.com/questions/8743/are-bagged-turtles-and-goldfish-sold-as-keychains-in-china
https://www.youtube.com/watch?v=UU1XGXMELyw
http://inhabitat.com/live-animals-trapped-in-plastic-bags-sold-as-key-chains-in-horrifying-chinese-souvenir-scheme/
====================================

နောက်သတင်းတစ်ခုကတော့ ကြောင်ကလေးတွေကို ဘွန်ဆိုင်းအဖြစ် ပုလင်းတွေထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ တရားဝင်လိုလိုပြုလုပ်ရောင်းချနေတဲ့ဆိုက်ကတော့http://bonsaikitten.com/bnw.html ဖြစ်ပါတယ် ။ တချို့သတင်းဆိုက်တွေမှာ Hoax သတင်းမှားလို့ ဖော်ပြနေကြတာလည်းတွေ့ရပါတယ် ။

http://struckbyenlightning.wordpress.com/2010/03/29/bonsai-kittens-82-hoax/

မှာပြောထားတာကတော့ MIT Grad students အုပ်စုကဒီ Bonsai Kitten ဆိုက်ကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ် ။ သတင်းထဲမှာတော့ တော်တော်ကြောက်ခမန်းလိလိပါပဲ ဂျပန်မှာ ပြုလုပ်ရောင်းချတာလို့ဆိုပါတယ် ။

ဒါကတော့ကြောင်ကလေးတွေကို Bonsai လုပ်ဖို့လိုအပ်တဲ့အရာတွေပါ ။ အသေးစိတ်ကိုတော့ စိတ်ဆင်းရဲလွန်းလို့ ချမရေးချင်ပါဘူး ဆေးထိုးတဲ့အဆင့်ဆင့်တွေအများကြီး ဖန်အိမ်ထဲနေနိုင်အောင်လေ့ကျင့်ပေးတဲ့အဆင့်တွေအများကြီးပါပဲ ။ ကုသိုလ်ကံမကောင်းလို့သတ္တ၀ါ လာဖြစ်ရတဲ့ကြားထဲ ဒီလို လူတွေတွေကြောင့် ဘယ်လောက်များ ဒုက္ခခံစားရမှာပါလိမ့် ။

၁ ။ ပထမဆုံးအဆင့်အနေနဲ့ ကြောင်ကလေးကို အစာအငတ်ခံထားပြီး ၁၂ နာရီကြာတဲ့အခါ Ketamine , Valium 2mg ဆေးထိုးလိုက်ပါတယ် ။ ထည့်သွင်းမယ့် ဖန်ပုလင်းကို အစာစားဖို့အပေါက်ရင် ကျင်ကြီးကျင်ငယ်စွန့်ဖို့အပေါက်ရယ် ဖောက်ထားပါတယ် ။

၂ ။ ကြောင်ကိုပုလင်းထဲသွတ်သွင်းပြီးတဲ့အခါမှာတော့ အစာစားတဲ့ပိုက်ကိုမထည့်ရသေးပါဘူး အသက်ရှုဖို့ကတော့ တစ်လက်မရဲ့လေးပုံတစ်ပုံလောက်ပဲရှိတဲ့အပေါက်ကလေးကနေရှုရပါတယ် ။

၃ ။ အဲဒီနောက်မှာ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင် အပေါက်ထဲကနေ စွန့်ရပြီး တော်တော်လေးကို ဒုက္ခဝေဒနာခံစားနေရတဲ့အဖြစ်ကို ခံစားလို့ရနိုင်မှာပါ ။ အဲဒီလိုပြုလုပ်တဲ့ လူတွေကိုလည်း ပုလင်းကြီးထဲ သွတ်သွင်းချင်စိတ်တွေဖြစ်လာမိတာတော့အမှန်ပဲ တော်တော်လေးကို ကိုယ်ချင်းစာစိတ်မရှိတဲ့ လုပ်ရပ်ပါ ။

ဒီတော့ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့

ပထမသတင်းသည် သတင်းမှန်ဖြစ်ပြီး ဒီလို ကီးချိန်းပြုလုပ်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ပါစေ ။ တရုတ်အစိုးရအနေနဲ့လည်းတင်းတင်းကြပ်ကြပ်တားမြစ်နိုင်ပါစေ ။

ဒုတိယသတင်းသည် သတင်းမှားဖြစ်ပါစေ တကယ်ပဲ MIT ကျောင်းသားတွေလက်ဆော့ထားတဲ့ အတုအယောင် ဆိုက်တစ်ခုဖြစ်ပါစေး။ တကယ်သာအစစ်ဆိုရင်တော့ တော်တော်ရက်စက်ယုတ်မာတဲ့လုပ်ရပ်ပါပဲ ။

သက်တန့်ချို
28 April 2014

ကလေးကို သတ်ပြီး ဟင်းချက်ဖို့ကြိုးစားတဲ့ လင်မယား

က မ္ဘောဒီးယားနိုင် ငံ မှာ ဖြစ်ပွားတဲ့ အမှုပါ။ ဖခင် နဲ့ မိခင် တို့  နှစ် ဦးပေါင်းပြီး
မိမိ ရင်သွေး ကိုခုတ်ပိုင်း ပြီး ဟင်းချက် ဖို့ ပြင် ဆင် ထားတာပါ သူ တို့  အသိတရားပြန် ဝင် တဲ့အချိန် မှာ မိမိသားကို သတ်မိပြီမို့  အဖမ်း ခံ ခဲ့ ပါ တယ်
စိတ် ကြွ ဆေး သုံးစွဲ တာ တွေ့ ရှိ တာ ကြောင့် ယင်းမိဘ နှစ် ဦးကို
တစ်သက် တစ်ကျွန်း ချမှတ် လိုက်ပါတယ်။ မူးယစ်ဆေးဝါးနောက် ဆက်တွဲ ပြဿနာကို
အများသိ အောင် share ပေးပါ ဦး

မျက်လှည့် နှင့် ထူးဆန်းဖွယ် ရာ' group မှ ဖော်ပြသည်

အောင်ထွန်းဦး

Sunday, March 30, 2014

အလောင်းကောင်မှ ပီယဆေး


ယောက်ျားလေး ပီယဆေးဆိုတဲ့ ဝေါဟာရကို ကောင်းကောင်း ရင်းနှီးကြမယ်ထင်ပါတယ်..။ ကျွန်တော်တို့ လူပျိုပေါက် အရွက်တုန်းက ပီယဆေးဆိုတာကို လိုချင်လိုက်တာ ပြောမနေနဲ့တော့..။ အတန်းထဲမှာ ပါဖြောင့်ဖြောင့်နဲ့ ရည်စားထည်လဲတွဲနိုင်တဲ့ကောင်ဆိုရင် ပီယဆေး ရှိတယ်လို့ နာမည် ကြီးပြီ..။ အဲ့ဒီမှာ ကျွန်တော်တို့ကလည်း မနေနိုင် မထိုင်နိုင် ပီယဆေး ဘယ်ကရလဲ ဘယ်လိုလုပ်ရလဲ ဆိုပြီး အောက်ကျခံပြီး မေးရတော့တာပေါ့..။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ပီယဆေးကို ဖော်နည်း ၈ မျိုးလောက်ရှိမယ်ထင်ပါတယ်..။ နောက်ကျရင်တော့ အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်..။ အခုတစ်ခါကတော့ အလောင်းကောင်ကနေ ပီယဆေး ရယူရင်း သရဲနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့အကြောင်းလေး ပြောပြချင်ပါတယ်.။
၈ တန်းလောက်တုန်းက ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ်..။ နာမည်က ကျော်ကျော်တဲ့..။ ရုပ်ရည် အပြောအဆိုကတော့ ကျွန်တော်တို့အတွက်တော့ သူလိုကိုယ်လိုပါပဲ..။ ခက်တာက အခန်းထဲက မိန်းကလေးတွေ..။ တစ်ကျော်တည်း ကျော်နေတော့တာ..။ မုန့်စားဆင်းချိန် လည်း သူ့အတွက် မုန့်ဝယ်ပေးလာရတာနဲ့ ထမင်း၊ ဟင်းပိုထည့် ပေးလာရတာနဲ့..ဆိုတော့ ကျွန်တော်တို့အဖွဲ့က နည်းနည်းတော့ အမြင်ကပ်လာတော့ပေါ့နော်..။ အဲ့ဒါ တစ်ရက်လည်းကျရော.. သတင်းတစ်ခုက ထွက်လာတယ်.. "ကျော်ကျော့်မှာ ပီယဆေးရှိတယ်တဲ့.."
နောက်နေ့ မုန့်စားဆင်းတော့ ကျွန်တော်နဲ့ အခြား သူငယ်ချင်းနှစ်ယောက် မုန့်နဲ့ အချိုရည် ၀ယ် လိုက်တယ်..။ ပြီးတော့ ကျော်ကျော့်စားပွဲကို သွားပြီး မုန့်နဲ့ အချိုရည်ကိုတင်လိုက်တယ်..။ ပြီးတော့ မျက်နှာကို အချိုဆုံးလုပ်ပြီး "သူငယ်ချင်းကျော်ကျော်.. စားပါအုံး… မင်းအတွက် ၀ယ်လာတာကွ.."
ဒီကောင်က ကျွန်တော်တို့ကို မယုံသလိုကြည့်တယ်..။ ပြီးတော့ သူ့အိပ်ကပ်ထဲကို သူပြန်ကြည့်တယ်..။ ပြီးတော့ ပါးစပ်ကနေ "ဒုတ်ခပဲ..။ ဒီဆေးက ယောက်ျားလေးတွေပါ အစွမ်းပြတာလားဟ…" ဆိုပြီး တိုးတိုးလေး ရေရွတ်သံကြားလိုက်ရတယ်..။
"ဟာ.. ဟရောင်.. တစ်မျိုး မထင်ပါနဲ့ကွာ.. ငါတို့က ရိုးရိုးသားသားကျွေးတာပါ.. တစ်ခုပဲ မင်းဆောင်ထားတဲ့ ပီယဆေးအကြောင်းသိချင်တယ်..။ မပြောပြရင်တော့ ငါတို့ အတန်းပိုင်ဆရာမနဲ့ တိုင်ရလိမ့်မယ်…"
"တိုင်တော့ မတိုင်ပါနဲ့ကွာ..။ ပြောပြမယ်.. ။ ကတိတစ်ခုတော့ပေး.. မင်းတို့ သုံးယောက်ကလွဲပြီး ဘယ်သူမှ မသိစေနဲ့.."
"အေး..ရတယ်..သဘောတူတယ်.."
"ဒီလိုကွ… ဒီပီယဆေးက လူသေကောင်ဆီက ယူထားရတာ.. စွမ်းတာ မစွမ်းတာတော့ မင်းတို့ အမြင်ပဲနော်.."
"အမငီးးးး. လူသေကောင်ဆီက…??? …ဘယ်လိုမျိုးလဲ ပြောပြပါလား.."
"အသက် ၄၀ ကျော်ပြီး လူပျိုစစ်စစ်ဆိုတဲ့ ဘယ်အလောင်းကမဆို ပီယဆေး ယူလို့ရတယ်..။ အဓိကက လူပျိုစစ်ရမယ်..။ အသက် ၄၀ကျော်မှ သေတဲ့အလောင်းဖြစ်ရမယ်..။ နောက်တစ်ချက်က အစိမ်းသေ မဖြစ်ရဘူး..။ ဆိုလိုတာက ရောဂါနဲ့ ဆုံးနဲ့သူဖြစ်ရမယ်.."
"အင်း..ရပြီ…ပြီးတော့ရော…"
"မခက်ပါဘူး.၊ ၂လက်မအရှည်ရှိတဲ့ ဆံပင် အချောင်း ၃၀၊ ညာဘက် လက်မ လက်သည်းခွံ၊ ဘယ်ဘက် လက်သန်း လက်သည်းခွံ၊ ညာဘက် ခြေမ ခြေသည်းခွံ၊ ဘယ်ဘက် ခြေသန်း ခြေသည်းခွံ တွေက အိတ်သေးလေး တစ်အိတ်ထဲမှာ ရောထည့်ပြီး သွားလေရာမှာ ဆောင်သွား..။ ဒီမှာကြည့်.."
အဟုတ်ဗျာ..။ သူ့အိတ်ကပ်ထဲက ထုတ်လိုက်တာ ဆံပင်နဲ့ လက်သည်းခွံလေးတွေ ရောထည့်ထားတဲ့ အိတ်အကြည်လေးတစ်ခု..။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကတော့ အပြုံးတွေ ကိုယ်စီနဲ့..။
ထုံးစံအတိုင်း သင်းချိုင်းက သုဘရာဇာဆီ အပူကပ်ရသည်။ စောင့်ရမည်။ သုံးသောင်း ပေးရမည်တဲ့…။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်သောင်း ပေါင်းပြီး သုံးသောင်း ပေးထားလိုက်သည်။ ခက်တာက အလောင်းကောင် တစ်ကောင်ဆီကပဲဆိုတော့ ပီယဆေးက တစ်စုံပဲရမည်။ ကိစ္စမရှိ။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်ပတ် အလှည့်ကျ ဆောင်ဖို့ တိုင်ပင်ထားကြသည်။
ကျွန်တော့်အထင် ၂ လ ၃ လ လောက်ကြာသွားသည်ထင်သည်။ သုဘရာဇာကြီးထံမှ အကြောင်း ကြားလာသည်။ ပီယဆေးရနိုင်မည့် အလောင်းတစ်လောင်း ဒီနေ့ရောက်လာမည်။ ညနေ လာယူရန် ပြောလာသည်။ ညနေ ကျောင်းဆင်းတာနဲ့ သူငယ်ချင်းသုံးယောက် ကျူရှင်လစ်ပြီး သင်းချိုင်းကုန်း ပြေးသည်။ ကျွန်တော့်တို့ရောက်တော့ သုဘရာဇာကြီးက အသင့်ဆောင့်နေလေပြီ..။
"ကဲ..ကဲ.. ယူစရာရှိတာ မြန်မြန်ယူ… သူများတွေ မြင်ရင် မကောင်းဘူး.."
"ဟာ.. ဦးလေး ယူပေးလေ.."
"ခွီး… ငါ့အလုပ်နဲ့ငါတောင် မအားဘူး..၊ ငါဟိုဘက်မှာ ရှိမယ်..။ ယူပြီးရင် ငါ့လာပြော.. ရော့ ဒီမှာ လက်သည်းညှပ်နဲ့ ကပ်ကြေး.."
အဲ့ဒါမှ ဒုတ်ခ..။ ကိုယ်ကလည်း ဒီအခြေအနေထိ ရောက်မှတော့ မတတ်နိုင်။ ဟိုနှစ်ကောင်ကြည့်ရတာ လည်း အားကိုးလို့ရမည့်ပုံမပေါ်..။ အလောင်းကောင်ကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ အလောင်းကောင်ပေါ် နားနေသော ယင်ကောင် တစ်သိုက် ထပျံသွားပြီး ဆုံးရွားလှသော အပုပ်နံ့က နားခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ အလောင်းကောင်က မျက်နှာ တစ်ခုလုံးဖူးယောင်နေပြီး နာခေါင်း၊ နားရွက်၊ မျက်စိ၊ ပါးစပ် စတာတွေက သွေးပုပ်တွေ ကျလျက်ရှိသည်။ သြော်… ဦးနှောက် သွေးကြောပြတ်သေတဲ့ သူဆိုတော့လည်း လူကသေသွားပေမယ့် သွေးတွေက တောက်လျှောက် ကျဆင်းနေတာ ဖြစ်လိမ့်မည်။
ကျွန်တော် အသက်အောင့် ကပ်ကြေးယူပြီး အလောင်းကောင် ဦးခေါင်းက ဆံပင် အနည်းငယ်ကို ညှပ်ချလိုက်သည်။ ပြီးတော့ လက်သည်း၊ ခြေသည်းတွေကို လိုက်ညှပ်သည်။ အလောင်းကောင်က အသက် ၅၀ လောက်ရှိမည်ထင်သည်။ ပိုက်ဆံရှိ လူလတ်တန်းစားထဲက ဖြစ်နိုင်သည်။ လိုချင်တာတွေ ယူပြီးသည်နှင့် သုဘရာဇာကြီးကို နှုတ်ဆက်ပြီး ပြန်ခဲ့တော့သည်။ ကျွန်တော်တို့ သင်းချိုင်းမှ ပြန်ထွက်လာချိန်သည် ညနေ ၆း၃၀ ခန့်ရှိလေပြီ။
ပီယဆေးကို ကျွန်တော်အရင်ဆုံး ဆောင်ရမည်ဖြစ်သောကြောင့် အထုပ်ကို ကျွန်တော့်အိမ်ကို ယူလာလိုက် သည်။ အိမ်ထဲဝင်ဝင်ချင်း ဘေးအိမ်က ကောင်မလေး ကျွန်တော့်ကို လှမ်းပြုံးပြတာ မြင်လိုက်သည်။ နဂိုဆိုရင် အကြောမတဲ့သော ဒီတစ်ယောက် ဘာစိတ်ကူးတွေ ပေါက်ပြီး လာပြုံးနေသည်မသိ။ ပီယဆေးကြောင့် ပြုံးပြတာဖြစ်နိုင်သည်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ပီယဆေးကို ကျောင်းလွယ်အိတ်ထဲထည့်ထားလိုက်ပြီး အခန်းထဲ ချိတ်ထားလိုက်သည်။ ပြီးတော့ ရေမိုးချိုး၊ ထမင်းစား၊ တီဗွီကြည့်ပြီး ည ၁၀း၀၀ နာရီလောက်မှာ အိပ်ယာဝင်ခဲ့သည်။ အဲ့ဒီအထိ အဆင်ချောသေးသည်။
ည ၁း၀၀ နာရီလောက် လုံးဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်အချိန်။ ကုတင် အောက်မှာ တစ်ယောက်ယောက် ငိုနေသံကို ကြားလိုက်ရသည်။ အသံက အမျိုးသားတစ်ဦးအသံ။ ငိုတာမှ တအားကို ရှိုက်ကြီးတငင် ငိုနေတဲ့အသံ။ ကျွန်တော် အံ့သြစွာပဲ ဆက်လက်နားဆွင့်နေလိုက်သည်။ သေချာသည်။ ဒီငိုသံသည် အိမ်မှ လူတွေထဲကတော့မဟုတ်။ ကျွန်တော် ဇောချွေး ပြန်လေပြီ။ မဟုတ်က ဟုတ်က လုပ်ထားတာတွေကြောင့်လား…။
"ကျွန်တော့်ကို လွတ်ပေးပါဗျာ… ကျွန်တော့်ကို မချုပ်ထားပါနဲ့…။ ကျွန်တော် သွားပါရစေ…"
ငိုသံတွေကြားမှ စကားသံတွေ ကျွန်တော်ကြားနေရသည်။
"ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ..။ ကျွန်တော်သွားပါရစေ..။ ကျွန်တော့်ပစ္စည်းတွေကို ကျွန်တော့် အုတ်ဂူခြေရင်းမှာ ပြန်မြှပ်ပေးပါ..။ ကျွန်တော့်ကို သွားခွင့်ပေးပါဗျာ….အီး..ဟီး..ဟီး…"
သေချာပြီ..။ ညနေက အလောင်းကောင် ကျွန်တော့်ဆီ သူ့ပစ္စည်းတွေ ပြန်တောင်းနေခြင်းဖြစ်သည်။ ကျွန်တော် စိတ်စွဲပြီး အိပ်မက်မက်တာလားဆိုတာ သေချာအောင် အမှတ်စဉ်ရေကြည့်သည်။ ကိုယ့်အသားကိုယ် ဆွဲစိတ်ကြည့်သည်။ အိပ်မက်မက်နေတာမဟုတ်။ ငိုသံက ပိုမိုကျယ်လောင်လာသလို… သူ့အသံတွေထဲမှာ ဒေါသသံတွေ ပါလာသည်ဟုလည်း ကျွန်တော် ထင်မိသည်။ အိမ်ကလူတွေကတော့ တစ်ယောက်မှ သိပုံမပေါ်..။
ကျွန်တော်လည်း အရဲစွန့်ပြီး…"ကျွန်တော် မနက်ဖြန် ညနေ ပြန်ထားပေးပါ့မယ်..။ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ.." လို့ ပြောပြီး နားပိတ်ပြီး ရသမျှ ဘုရားစာတွေ ရွတ်ဆိုနေလိုက်တယ်..။ ကျွန်တော် ဘယ်အချိန် အိပ်ပျော်သွားလဲဆိုတာတောင် မသိလိုက်ပါဘူး..။

နောက်နေ့ ဟိုကောင်တွေကို ပြောပြီး ညနေကျောင်းဆင်းတာနဲ့ သူ့အုတ်ဂူခြေရင်းမှာ သူ့ပစ္စည်းတွေကို ပြန်မြှပ်ပေးလိုက်တယ်..။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာပြသနာမှ မရှိတော့ပါဘူး.. ဒီနည်းလမ်းက တစ်ကယ်စွမ်းလား မစွမ်းလာတော့ မသေချာပါဘူး..။ ဒါပေမယ့် သေချာပါတယ်..။ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေဆိုတာ ၀ိဥာဉ်ချုပ်တဲ့ ပစ္စည်းတွေပါပဲ..။ ကျော်ကျော်ကတော့ ကိုယ့်အကျိုးအတွက် ၀ိဥာဉ်တစ်ကောင်ကို အဲ့လိုချုပ်ထားနေတာလား..၊ ဒါမှမဟုတ် ကျွန်တော် ကျမှပဲ ဒီဖြစ်ရပ်မျိုး ကြုံတာလားဆိုတာကတော့ မစဉ်းစားတတ်တော့ပါဘူး.. ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ပီယဆေးဆိုတဲ့အသံကြားတာနဲ့ ကျွန်တော်လည်း ဝေါင်ဝေါင်ရှေး ပြီး ဝေးဝေးကနေသာ ရှောင်ခဲ့တော့ပါကြောင်းးး..
အောင်ထွန်းဦး 

Friday, March 21, 2014

ကင်ဆာရောဂါခံစားနေသူ တိရစ္ဆာန်ရုံမှ ၀န်ထမ်းရဲ့ နောက်ဆုံး နှုတ်ဆက်ခရီး



မာရီယိုလို့ခေါ်တဲ့ သူဟာ Ratterdarm's Diergaarde Blijdrop တိရစ္ဆာန်ရုံမှာ အလုပ်လုပ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ.။ အခုဆိုရင် သူဟာ အသက် ၅၄ နှစ်ရှိနေပြီဖြစ်ပြီး ဆေးရုံမှာ ကင်ဆာရောဂါကို ခံစားနေရလျက်ရှိပါတယ်..။ သူရဲ့ နောက်ဆုံးရလာဒ် ထွက်လာ အပြီးမှာ သူဟာ ဆေးရုံက ၀န်ထမ်းကို အကူအညီတောင်းခဲ့ပါတယ်..။ သူငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သစ်ကုလားအုတ်တွေကို နှုတ်ဆက်ဖို့ပါ.။
"သစ်ကုလားအုတ်တွေက သူ့ကို မှတ်မိကြပါတယ်..။ ပြီးတော့ သူနေမကောင်းဖြစ်နေတာကိုလည်း သိပုံရတယ်..။ တစ်ကောင်ဆိုရင် သူ့ကို လာပြီးတော့တောင် နှုမ်းရှုံ့သေးတယ်"လို့ တိရစ္ဆာန်ရုံကို လိုက်ပို့ပေးခဲ့တဲ့ Kees Veldboer က Dutch သတင်းစာ Algemeen Dagblad ကို ပြောပြခဲ့ပါတယ်.."

"ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတဲ့မြင်ကွင်းပါ..။ သူ ဒီတိရစ္ဆာန်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ လာရောက်တာ သူ့ရဲ့ သစ်ကုလားအုတ် တွေလည်း သိပုံရတယ်..။ သူတို့ရဲ့ ၀မ်းနည်းမှုတွေကို ကျွန်တော် သူတို့မျက်လုံးတွေထဲကနေ မြင်နိုင်တယ်…" လို့ တိရစ္ဆာန်ရုံ ၀န်ထမ်း တစ်ဦးမှ ပြောပြခဲ့ပါတယ်..။

အောင်ထွန်းဦး

Friday, February 28, 2014

Highway ခရီး တစ်ညတာ

 



ညနေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီးသွားနေသူများအဖို့ အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က ကုန်းလမ်းအဖြစ် ရထားကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့ အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။

အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ အတူထိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ ယောက်ျားလေး အများစုကတော့ ကောင်မလေး ချောချောလေးတွေနဲ့ အတူထိုင်ရဖို့ ဆုတောင်းကြမိထင်သည်။ ဒါပေမယ့် အဲ့ဒီလို ဆုတောင်း ကြတိုင်း ၀တုတ်တုတ် အဒေါ်ကြီးတွေ..၊ အရက်မူးနေတဲ့ သူတွေ..၊ အိပ်ချိန်မရှိအောင် စကားများပြီး ဆုံးမ သြ၀ါဒ ပေးတတ်တဲ့ လူကြီးသူမ များနှင့်သာ အတူထိုင်ရသည်က များသည်။

ယခုလည်း စိတ်ထဲတွင်တော့ ၀တ်မှုန်ရွှေရည် နီးနီးလှပသော ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရဖို့ စိတ် ကူးယာဉ်ပြီး ကားထဲဝင်လိုက်သည်။ မိမိထိုင်နံပါတ်က ၁၅။ ၁၆ မှာ ဘယ်သူမှ ရှိမနေ..။ မရောက်သေးတာ ဖြစ်မည်။ ကျွန်တော် ကားပေါ်တက်ပြီး ၅ မိနစ်လောက်နေတော့ ကားစထွက်သည်။ ဘေးက ထိုင်ခုံမှာ လူမရောက် လာသေး..။ သြော်… သိပြီ..။ သီပေါ..၊ ကျောက်မဲ တို့မှာ လမ်းကြုံ ၀င်တင်မှာ ဖြစ်နိုင်သည်။

ကားစီးရင် အိပ်တတ်သည်က ကျွန်တော့်အကျင့်ဖြစ်သည်။ စထွက်ကတည်းက အိပ်လိုက်တာ ညစာ စားဖို့ ကျောက်မဲ ရောက်မှ နှိုးသည်။ မိမိဘေးခုံနေရာကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိသေး။ ဒါဆိုရင် ဒီနေရာသည် ရောင်းမထွက်သည့်ခုံ ဖြစ်ဖို့များသည်။ ကံကောင်းပြီ..။ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ပက်ပက်စက်စက် အိပ်ပြီး စီးပစ်လိုက်အုံးမည်။

ဒီလိုနဲ့ ညစာ စားသောက်ပြီး ပြန်ထွက်ကတည်းက ကျယ်ကျယ်လွန့်လွန့်နှင့် ပျော်ပျော်ကြီး အိပ်ခဲ့တော့သည်။  ဘယ်လောက် ကြာကြာအိပ်ပျော်သွားသည် မသိ..။ "ကျွိ" ခနဲ ကားရပ်သံနဲ့ အတူ ကားထိုးရပ်သွားတာ ကြောင့် နိုးလာခဲ့သည်။ နိုးနိုးချင်း ချက်ချင်းပဲ နာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်က (၁း၁၅) မိနစ်..။ ဒါဆို ယခု မန္တလေးကျော်ပြီး..၊ နေပြည်တော် လမ်းပေါ်မှာရောက်နေပြီလို့ ခန်းမှန်းမိလိုက်သည်။

ကား ဒရိုင်ဘာနဲ့ စပယ်ယာ အပေါင်းအပါများ စကားပြောဆိုနေသံများကို ကြားလိုက်ရသည်။

"ဒီနေရာ ဒီလို အချိန်ကြီးမှာ ဘာဖြစ်လို့လဲ ညီမ.."

"ကျွန်မ မှတ်မိတာ ဒီနေရာ ကျွန်မတို့ကားပျက်နေတာပါ..။ အဲ့ဒါ ကျွန်မလည်း အပေါ့ခဏဆင်းသွားတာ ပြန်လည်း လာရော ကားက ထွက်သွားပြီး ကျွန်မနဲ့ သမီးလေး ကျန်ခဲ့တာ.."

"သြော်.. ကလေးငယ်လေးနဲ့ကိုး… ညီမ ဘယ်က စီးလာတာလဲ..၊ ဘယ်ကားဂိတ်နဲ့လာတာလဲ.."

"လားရှိုးကပါ..၊ ရန်ကုန်သွားမလို့..၊ ဘာကား စီးလာလဲတော့ မမှတ်မိဘူး.၊ ညီမက ခရီးသွားနေကျ မဟုတ်ဘူးလေ.."

ကျွန်တော် သဘောပေါက်လိုက်သည်။ ကားပျက်လို့ ပြင်နေချိန်မှာ သူမက ကလေးနှင့် အပေါ့ဆင်းသွားမည်။ ကားပြင်ပြီးတော့ ကားဆရာတွေက လူမစစ်ပဲ ကားမောင်းထွက်သွားလို့ သူတို့ ကျန်ခဲ့တာ ဖြစ်နိုင်သည်။ နေရာ ကလည်း တစ်ကယ့်ကို မှောင်မိုက်နေတဲ့နေရာ။ မသမာသူများနဲ့ တွေ့သွားလို့ကတော့ မလွယ်..။

"ခုံလွတ် ရှိသေးလားဟေ့.."

"တစ်ခုံလွတ်သေးတယ် ဆရာ.."

"တစ်ခုံတော့ လွတ်တယ် ညီမ..၊ လိုက်ခဲ့လိုက်ပေါ့..၊ ရန်ကုန်ရောက်မှ ဟိုကားမှာပါသွားတဲ့ ပစ္စည်းတွေ စုံစမ်းပြီး ယူတာပေါ့.."

"ဟုတ်..၊ ကျေးဇူးတင်ပါတယ်ရှင်.."

ကားပေါ်တက်လာပြီး သူမ ကျွန်တော့်ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ အသက် ၂၀ ကျော်ပင်ရှိအုံးမည်။ ဖြူဖွေး နုဖတ်ပြီး ချောမောလှသော သူမကို ကြည့်ရတာ ငွေကြေးရှိ လူတန်းစားထဲမှ ဖြစ်နိုင်သည်။ အနှီးပတ် ထားသော ကလေးငယ် တစ်ယောက်က သူ့လက်ထဲမှာ အိပ်မောကျနေသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ချောမော လှပသော ကောင်မလေးတစ်ယောက် ကားကြုံသာ မတွေ့လို့ကတော့ ကျွန်တော် မတွေးရဲ။ ဒီလိုလမ်း ဒီလိုအချိန်မှာက လူကောင်းထက် လူဆိုးတွေက ပိုများတာကိုး..။

သူမ ကျွန်တော့်ကို တစ်ချက်ပြုံးပြသည်။ အပြုံးမှာ အသက်မပါလှ။ ဟန်လုပ်ပြုံးပြမှန်း သိသာသည်။ သူမ အရမ်း ပင်ပန်းနေပြီထင်သည်။ ကျွန်တော်လည်း အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး ဘာမှ အနှောင့်အယှက်မပေးပဲ ပြန်လည် အိပ်ဖို့ပြင်ဆင်လိုက်သည်။ 

ဒီအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ အပုပ်နံ့တစ်ခုရလာသည်။ အပုပ်နံ့ကမှ ကြွက်တွေသေပြီး ရှာမတွေ့တဲ့အခါ ရတဲ့ အနံ့မျိုး..။ အရင်က ဒါမျိုးအနံ့မရ။ ကျွန်တော် အားနာ စွာနဲ့ပဲ..

"ညီမ..၊ ကလေးက..၊ အလေးများ သွားထားလား မသိဘူး..၊ အနံ့ရလို့…"

"သြော်..၊ ကြည့်လိုက်အုံးမယ်..၊ မသွားထားပါဘူး အကိုရဲ့..၊ ဘာအနဲ့ရလို့လဲ.."

"ဟိုလေ..၊ ကြွက်ပုပ်နံ့လိုလို..၊ အသားပုပ်နံ့လိုလိုပဲ..၊ အရမ်းကို ဆိုးတယ်.."

"ဟုတ်လား..၊ ညီမတော့ မရပါဘူး.."

"စပယ်ယာအကို..၊ ဒီနား တစ်ချက်လာပါအုံးဗျာ..၊ ဘာအနံ့ရလဲလို့.."

စပယ်ယာ ချက်ချင်းပဲ ကျွန်တော့်အနား လျှောက်လာပြီး တရှုံရှုံနဲ့ အနံ့ခံသည်။

"မရပါဘူး အကိုရ..၊ အကို စိတ်ထင်လို့ပါ..၊ ကျွန်တော် air freshener လေး လာဖျန်းပေးမယ်.."

"အေး..အေး.."

Air freshener လာဖျန်းပေးသည့်နောက်တွင် အနံ့ဆိုးက အနည်းငယ်သက်သာသွားသည်။ လုံးဝ ပျောက်သွား သည်တော့ မဟုတ်။ နံနေသေးသည်။ ကျွန်တော်လည်း ဂဂျီဂဂျောင် ကျတယ် ထင်မှာစိုးတာကြောင့် ဘာမှ မပြောပဲ ဆက်အိပ်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ.. ကျွန်တော့် လက်မောင်းနဲ့ နောက်ကျော တစ်ပြင်လုံး ကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်းထသွားသည်။ ဒုတ်ခတော့ရောက်ပြီ..။ ဒီလို ကြက်သီးမွေးညှင်းထတိုင်း ကျွန်တော် သရဲ နဲ့ ထိပ်တိုက်တွေ့ရလေ့ရှိသည်။
သူမက…။ သူမက.. ဘယ်သူလဲ…၊ လူကော ဟုတ်ရဲ့လား…။ ကျွန်တော် မ၀ံ့ရဲစွာ သူမဘက်ကို လှည့်ကြည့် လိုက်သည်။ ပြူးကြောင်နေသော မျက်လုံးအစုံက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် အရဲစွန့်ပြီး တစ်ခု စမ်းသပ်လိုက်သည်။

"အဟွတ်…၊ အဟွတ်…"

ကျွန်တော် ချက်ချင်းပဲ ချောင်းဆိုးသလိုလုပ်ပြီး လက်ကို သူမမျက်စိရှေ့မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ကျွန်တော့်ဖက်ကို လှည့်ပြီးပြူးကြည့်နေတဲ့ မျက်လုံး မျက်တောင် လုံးဝခတ်မသွား..။ သေချာပြီ..။ သူမ သည် လူမဟုတ်။ သရဲ..။ သရဲ ဖြစ်သည်။ ကျွန်တော် သူချီထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်သည်။ ပိုသေချာ သွားသည်။ သူမ ချီထားသည်မှာ ကလေးမှာ ခေါင်းသာ ပါပြီး ခန္ဓာကိုယ်မပါ..။ ကလေးငယ်လေးက မျက်လုံးပြူး ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။

ကျွန်တော် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးသည်။ ဒါ တစ်ကယ်မဟုတ်ဘူး.။ အိပ်မက် မက်နေတာ..။ အိပ်မက်က နိုးစမ်း..။ နိုးစမ်းပါ..။ သတိပြန်ထားပြီး သူမကိုပြန်ကြည့်သည်။ ကျွန်တော့် ကို ပြူးကြောင်ကြည့်နေသော သားအမိနှစ်ယောက်ရဲ့ မျက်လုံးလေး လုံးက နေရာမရွှေ့..။ သေချာသည်။ ဒါ အိပ်မက်မှ မဟုတ်တာ။ တစ်ကယ် ဖြစ်နေတာကြီး.။
ကျွန်တော်ချက်ချင်းပဲ စိတ်ထဲကနေ ဘုရားစာဆိုပြီး..၊ မေတ္တာသုတ်ကို အဆက်မပြတ် ရွှတ်ဖတ်နေလိုက်သည်။ စိတ်ကိုလည်း သူ့ဖက်မရောက်အောင်.. ဘုရားစာထဲကိုသာ အာရုံပို့လိုက်သည်။ ပြီးတော့ စပယ်ယာကို 

"ကျွန်တော့်ကို တရားခွေ တိုးတိုးလေးဖွင့်ပေးပါလား..၊ အိပ်ရင်း တရားနာလို့ရတာပေါ့.."

တိုးညှင်း သိမ်မွေ့သော တရားသံက ကြားရရုံလေး ထွက်လာသည်။ ကျွန်တော် တရားနာရင်း စိတ်ကို မပြန့်လွင်အောင် ထိန်းရင်း အိပ်ပျော်သွားခဲ့သည်။ မနက် နိုးနိုးချင်း ကြည့်မိတာက ဘေးနားက နေရာ..
ဘယ်သူမှရှိမနေ..။ ကျွန်တော် စပယ်ယာကို မေးကြည့်သည်။

"ဘေးနားက လမ်းကြုံလိုက်လာတဲ့ ညီမ ဆင်းသွားပြီလား.."

"မဆင်းပါဘူး..၊ ကားက လုံးဝမရပ်ဘူး..၊ တောက်လျှောက်မောင်းနေတာလေ.."

"အခုသူ မရှိတော့ဘူးလေ…"

"ခုံများ ပြောင်းထိုင်နေသလား…"

သူပြောမှ ကျွန်တော်လည်း ကားထဲက ခုံတွေအားလုံး လိုက်စစ်ကြည့်သည်။ မတွေ့..။

"မရှိပါဘူးကွာ..၊ မင်းတို့ကလည်း လူတစ်ယောက်လုံး ပျောက်သွားတာကိုတောင် မသိဘူးလား.."

"အာ.. အကိုကလည်း ကားမှ မရပ်တာ..၊ လူစစ်ဖို့ မလိုဘူးလေ..၊ ထူးဆန်းတယ်ဗျာ..၊ ဘယ်ရောက်သွားတာ လဲ ဒီသားအမိ…"

"နေပါအုံး…၊ နောက်တစ်ခုက…၊ ကျွန်တော်တို့ကားက… လားရှိုးကနေ အစောဆုံးထွက်တဲ့ကား.. ရှေ့မှာ ဘယ် လားရှိုးကားမှ မရှိဘူး.."

"မင်းဟာ သေချာလို့လားကွာ.."

"အာ အကိုကလည်း ကျွန်တော်တို့က ဘယ်ကား ဘယ်ရောက်ပီ ဆိုတာ အချိန်ပြည့် ဖုန်းနဲ့ချိတ်နေတာဗျ.."

"ဒါဆို ငါတို့တွေ့ခဲ့တာ ဘာကြီးလဲ…"

"လွန်ခဲ့တဲ့နှစ်ရက်က အဲ့ဒီနေရာတစ်ဝိုက်မှာ ကားတိုက်မှု တစ်ခုဖြစ်ခဲ့တယ်ဗျ…။ အမျိုးသမီးတစ်ယောက်နဲ့ ကလေး တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်တဲ့ .. သတင်းစာထဲမှာတော့ ဖတ်လိုက်ရတယ်… ကျွန်တော် တို့ တင်ခဲ့တာ အဲ့ဒီနှစ်ယောက်များ ဖြစ်နေမလား.."

"ဖြစ်နေမလား မဟုတ်ဘူး.. ဖြစ်နေတာဟေ့..၊ မင်းကို ပြောပြလိုက်အုံးမယ်..၊ အေး..၊ သူချီထားတဲ့ကလေးက ခေါင်းပဲ ရှိတယ်..။ ကိုယ်မရှိဘူး..။ ငါ့ကို ဘာမှ ဒုက္ခမပေးတာနဲ့ ငါလည်း တစ်ညလုံး ဘုရားစာတွေရွတ်၊ မေတ္တာတွေ ပို့နေလိုက်တာ.၊ ရှေ့လျှောက် ညပိုင်းဆို မင်းတို့ ကားပေါ်မှာ တရားခွေလေး ကြားရရုံဖွင့်ထားပါကွာ…၊ ဘေးကင်းတာပေါ့.."

ဒီလိုပါပဲ..။ အဲ့ဒီ နာမည်ကြီးတဲ့ အမြန်လမ်းမကြီးမှာ.. လူမသိသူမသိပဲ.. ညမှောင်မှောင်မှာ.. ကားတားတားပြီး စီးတတ်ကြတဲ့ သူတွေ ပိုမိုများလာသလို လမ်းပေါ်မှာ ကားတိုက်မှု၊ ကားမှောက်မှု၊ လူသေဆုံးမှုတွေကလည်း ပိုမို ဖြစ်လာကြတာဟာ တိုက်ဆိုင်မှု တစ်ခုလားဆိုတာကတော့ ကျွန်တော့်ကို ခေါင်းခြောက် စေခဲ့ပါတယ်..။ 

သင်တို့လည်း ညဘက် အဲ့ဒီလမ်းပေါ်မှာ ခရီးဝေးကား စီးရတဲ့အခါ လမ်းကြုံလို့ တားဆီးတဲ့ မသင်္ကာဖွယ်ရာ လူများတွေ့ရင် မေတ္တာသုတ်ကိုသာ နာနာဖိရွှတ်ပါလို့ အကြံပေးလိုက်ရပါစေ..။

အောင်ထွန်းဦး

Tuesday, February 25, 2014

သံသရာ တစ်ကွေ့ တွေ့ကြရာဝယ်




"ဆွမ်းအုပ်နီနီ..အမေ..ရွက်လို့…. နက်ဖြန် နံနက် ကျောင်းတက်မယ်…."

ဒီကဗျာလေးကို ကျွန်တော်အရမ်းကြိုက်သည်။ မေမေနဲ့ ဒီကဗျာလေး ဆိုရသည့် အချိန်သည် ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေ ဖြစ်သည်။ မူကြိုက ပြန်လာသည်နှင့် ကျောင်းက သင်ပေးလိုက်သည့် ကဗျာလေးတွေကို ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်ထိုင်ပြီး ဟန်အမူရာနဲ့ ဆိုပြရတာကို ကျွန်တော်အရမ်းနှစ်ခြိုက်သည်။ ဒီလိုအချိန်မျိုးတွင် မေမေနှင့်အတူ ဖေဖေပါ ကျွန်တော့်ကို ကျေနပ်စွာ ပြုံးပြီး ကြည့်နေတတ်ကြသည်။ ကျွန်တော် ဖေဖေနှင့် မေမေကို အရမ်းချစ်သည်။ ဒီလိုပဲ ဖေဖေနဲ့မေမေ ကလည်း ကျွန်တော့်ကို အရမ်းချစ်သည်ဟု ထင်မိသည်။

ညဘက်ရောက်မှာကို ကျွန်တော်ကြောက်နေမိသည်။ အထူးသဖြင့် ၈း၀၀ နာရီသတင်းလာမှာကို ကျွန်တော်ကြောက် နေခြင်းဖြစ်သည်။ ၈း၀၀ နာရီသတင်းလာသံကြားသည်နှင့် ကျွန်တော်စာလုပ်ဖို့ မေမေလာပြောလိမ့်မည်။ ဖေဖေနဲ့မေမေကို ကြည့်ရတာ ကျွန်တော့်ကို အရင်ကလောက် မချစ်တော့ဟု ထင်မိသည်။ ကျွန်တော့်ကို စာကြည့်ဖို့၊ စာကြိုးစားဖို့သာ တတွတ်တွတ် ပြောနေပြီး ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြသူကတော့ ကျွန်တော် မဟုတ်တော့တာ ကြာပြီဖြစ်သည်။ ကျွန်တော့်နေရာတွင် နေရာယူထားသော ညီလေးကို ကြည့်ပြီး ကျွန်တော် အူတို နေမိသည်။

ဖေဖေနဲ့မေမေကို ကြည့်ရတာ ခုတစ်လော အတော့်ကို အိုမင်းလာသလိုပင်။ စီးပွားရေး အဆင်မပြေတာအပြင် အလုပ်ပင်ပန်းတာကြောင့်လည်း ပါမည်ထင်သည်။ ကျွန်တော်တစ်ခုခုပူဆာ တိုင်း ဖေဖေနဲ့မေမေ မျက်နှာပျက်သွားတတ်သည်။ အရင်က ဒီလိုမဟုတ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာကိုတော့ မဖြစ်ဖြစ်အောင် ၀ယ်ပေးတတ်သည်။ ခက်သည်က မေမေက တစ်ဗျစ်ဗျစ်တောက် ပြောတတ်သည့် အကျင့်ရလာသည်။ ပိုက်ဆံတောင်းရမှာထက် ဒီတစ်ဗျစ်ဗျစ်တောက် စကားတွေကို ကျွန်တော်မုန်းမိသည်။ မိဘတွေ အသက်ကြီးလာလျှင် ဒီလိုပါပဲဟုသာ ဖြည့်တွေး မိလိုက်သည်။

ကျွန်တော်ဘွဲ့ယူသည့်နေ့က မမြင်တွေ့ရတာ ကြာပြီဖြစ်သည့် ဖေဖေနဲ့မေမေတို့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ကျွန်တော်မြင်လိုက်ရသည်။ ကျွန်တော်မှတ်မိသည်။ ကျွန်တော်ငယ် ငယ်တုန်းက မေမေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြတုန်းကလည်း ကျွန်တော်တို့တွေ ဒီလိုပျော်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဒီလိုပျော်တာ ကျွန်တော်အမြဲမြင်ချင်နေမိသည်။ ကျွန်တော်တို့ ဒီလိုပျော်လျှင် ကျွန်တော်လည်း အရမ်းပျော်မိသည်။

ကျွန်တော်အလုပ်စ၀င်ဝင်ချင်း ရတဲ့လစာကို ကန်တော့ တော့ မေမေမျက်ရည်ကျသည်။ ဖေဖေ မျက်နှာလွှဲပြီး ဆုတိုတို တုတ်တုတ်ပေးသည်။ ဆုပေးတဲ့ ဖေဖေ့အသံတွေ တုန်နေသလို မျက်ရည်တွေကြားက မေမေ့ မျက်နှာသည် လည်း ပြုံးရွှင်နေသည်။ 

ဒီနေ့ ဖေဖေ့မျက်နှာ တော်တော်ညှိုးနေသည်။ ဖေဖေ့ကိုကြည့်ရတာ ဂဃာမငြိမ်ဖြစ်နေသည်။ ထိုင်နေလိုက် ခဏနေရင် အိမ်ထဲလမ်းလျှောက်လိုက်.၊ လဲအိပ်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ကြာလာတော့ မနေနိုင် တော့သည့် မေမေက .."ကဲ..အဘိုးကြီး.၊ ဒီနေ့က စပြီး ပင်စင်ယူပြီးပြီဆိုတော့..၊ ရှေ့လျှောက် တစ်နေကုန် အိမ်မှာပဲ နေရတော့မှာ..၊ အိမ်နဲ့ နေသားကျအောင် ကြိုးစား.." ..။ ဟုတ်သည်။ ဖေဖေသည်လည်း အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူပြီး အိမ်မှာ နားနေရတော့မည့် အသက်အရွယ် ရောက်နေပြီပဲ..။

ကျွန်တော် မင်္ဂလာဆောင်ပြီးရင် အိမ်ခွဲနေမယ် ပြောတော့ ဖေဖေရော..၊ မေမေ ရော.. မျက်နှာ မကောင်းကြ။ ဖေဖေကတော့ ဘာမှပြောပဲ တစ်နေရာကို ငေးကြည့်နေသည်။ မေမေကတော့.."သားရယ်..၊ သားမိန်းမကို ဒီအိမ်မှာလိုက်နေခိုင်းပါလားကွယ်..၊ မေမေတို့ အဆင်ပြေ အောင်နေပါ့မယ်.."..။ ကျွန်တော် ၀မ်းနည်းသွားသည်။ မေမေတို့က အဆင်ပြေအောင် နေပေး မည်တဲ့လား..။ ဒါပေမယ့်.."သူက မိဘတွေအိမ်မှာ မကပ်နေချင်ဘူးတဲ့…။ ကိုယ့်ဟာကိုယ် အိမ်ခွဲ နေချင်တာ မေမေရဲ့..၊ မပူပါနဲ့..၊ သားမေမေတို့ကို လတိုင်း ကြည့်ပေးမှာပါ…"..။ မေမေ ဘာမှ ဆက်မပြောတော့..။ ဖေဖေကတော့ ထုံးစံအတိုင်း အဝေးကို ငေးလျက်..။

ကျွန်တော် ခုတစ်လော ဖေဖေတို့အိမ်ကို သိပ်မရောက်ဖြစ်။ အလုပ်ကိစ္စနဲ့ ခရီးတွေ ပတ်ထွက် နေရတာကြောင့်လည်း ပါသည်။ နယ်ရောက်နေတုန်း မေမေဖုန်းဆက်လာသေးသည်။ လိုင်းက မကြည်တာကြောင့် ဘာသံမှ သဲသဲကွဲကွဲ မကြားလိုက်..။ ဖေဖေ နေမကောင်းဘူး ဆိုတာတော့ ကြားလိုက်သည်။ ရန်ကုန် ပြန်ရောက်တာနဲ့ ကြားလိုက်ရတဲ့သတင်းက ဖေဖေ ဆုံးပြီတဲ့..။ နောက်ဆုံးအချိန်ထိ ကျွန်တော့်ကို တဖွဖွေ မေးနေသည်တဲ့..။ ဖေဖေ့ အသက်ကိုတောင် မမီလိုက်နိုင်သည့်အတွက် ကျွန်တော် စိတ်မကောင်း။ သားသမီးတွေ အတွက် အသက် ခြောက်ဆယ်အထိ မနားမနေ တာဝန်ယူပေးခဲ့သော ဖေဖေ..၊ အခုမှ အနားယူရတာ ဘာမှ မကြာသေး..။ အရင်က ပင်ပန်းခဲ့သမျှ ဒဏ်တွေကို အခုမှ စုပြီး ခံရတာကြောင့် ဖြစ်နိုင်သည်။ သားသမီးတွေကို ကျွေးမွေးပြုစုပျိုး ထောင်ပေးဖို့ လူလောကထဲရောက်လာပြီး တာဝန်ကျေလို့ ပြန်သွားတဲ့ ပုံစံမျိုးဖြစ်နေသည်။

မေမေက တရားစခန်းဝင်မည်ပြောသည်။ ကျွန်တော် မတားမိ။ ဒီလိုအချိန်မှာ မေမေရဲ့ စိတ်ထွက်ပေါက် ရှာတာ မှန်တယ်လို့ ကျွန်တော်ထင်မိသည်။ ကျွန်တော် မေမေ့ကို ကားနဲ့ တရား စခန်းလိုက်ပို့ဖို့ လုပ်တော့ နောက်ဆုံးအနေနှင့် မေမေ အိမ်ကို အကြာကြီး ကြည့်နေသည်။ ဘ၀ တစ်လျှောက်လုံး ကုန်ဆုံးနေထိုင်ခဲ့သည့် ဒီအိမ်ကြီးကို သံဃောဇဉ်ဖြတ်ဖို့ မေမေနောက်ဆုံး အနေနှင့် ကြည့်တာ ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်တော့်ကို အကြာကြီး ကြည့်သည်။ ကျွန်တော် မေမေ့အကြည့်ကို မျက်နှာချင်းမဆိုင်ဝံ့ပဲ ခေါင်းကို ငုံ့ထားလိုက်သည်။

ကျွန်တော် သားလေးကို အရမ်းချစ်သည်။ အသက်ထက်ပိုချစ်သည်ဆိုသော စကားကို ကျွန်တော် ဒီနေရာမှာ သုံးချင်သည်။ ညအိပ်ယာဝင်ချိန် သားလေးရဲ့ ကဗျာရွှတ်ဆိုသံသည် ကျွန်တော့်ရဲ့ တစ်နေ့ တာ မောပန်းမှုအားလုံးကို ဖြေဖျောက်နိုင်စွမ်းခဲ့သည်။ သားလေးကို ကျွန်တော် အရမ်းချစ်သည်။ ထို့အတူပင် သားလေးကလည်း ကျွန်တော့်ကို ကျွန်တော့်နည်းတူ ချစ်လိမ့်မည်ဟု ထင်သည်။

အောင်ထွန်းဦး

Friday, February 21, 2014

ပျော်ရွှင်မှုကို ရှာဖွေခြင်း


လူ (၅၀) ဦးခန့်ဟာ ခန်းမ တစ်ခုထဲမှာ ဟောပြောပွဲတစ်ခုကို တက်ရောက်နေပါတယ်..။ ဟောပြော သူက ရုတ်တရက် စကားပြောတာကို ရပ်လိုက်ပြီး လူတစ်ယောက်ကို အရောင်တူ ဘောလုံး တစ်လုံး ဆီ ဝေငှပေးလိုက်ပါတယ်..။ ပြီးတော့ marker pen တစ်ချောင်းဆီပေးပြီး သူတို့ရဲ့ နာမည်တွေကို ဘောလုံးတွေပေါ် ရေးခိုင်းလိုက်ပါတယ်..။ ပြီးတော့ သူဟာ ဘောလုံးတွေကို ပြန်လည် သိမ်းယူလိုက် ပြီး အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်..။

သူဟာ ဟောပြောပွဲ တက်ရောက်လာတဲ့ လူ (၅၀) ကို အခန်းထဲ ထည့်ထားတဲ့ ဘောလုံးတွေထဲက မိမိနာမည်ရေးထားတဲ့ဘောလုံးကို အချိန် ၅ မိနစ်အတွင်း ရှာယူလာဖို့ပြောပါတယ်..။

သူတို့ဟာ အားကြိုးမာန်တက်နဲ့ အရောင် တူဘောလုံးတွေ ကို မွှေနှောက်ရှာဖွေကြပါတယ်..။ ဒါပေမယ့် အချိန် ၅ မိနစ်ပြည့်သည့်တိုင်အောင် သူတို့ရဲ့ နာမည်နဲ့ ဘောလုံးကိုတော့ မရှာနိုင်ခဲ့ကြပါဘူး..။

အဲ့ဒီနောက်မှာ ဟောပြောသူက လူ (၅၀) ထဲမှ တစ်ဦးကို ခေါ်လိုက်ပြီး ကျရာ ဘောလုံးကို ကောက် ခိုင်းလိုက်ပါ တယ်..။ ပြီးတော့ ဘောလုံးပေါ်မှာ ရေးထားတဲ့ နာမည်ကို အော်ပေးပြီး ပိုင်ရှင်ဖြစ်သူကို ပေးလိုက်ပါတယ်..။ ၅ မိနစ်မပြည့်ခင်မှာပဲ လူတိုင်းဟာ သူတို့နာမည်နဲ့ ဘောလုံးတွေ ကိုယ်စီ ရရှိ နေပါပြီ..။

ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ နေ့စဉ် ဖြစ်ပျက်နေတာနဲ့ အတော့်ကို ဆင်တူပါတယ်..။ လူတိုင်းဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေအတွက် ကြိုးစားပမ်းစား ရှာဖွေကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နေရာမှာ ရှာဖွေတွေ့နိုင်လဲဆိုတာမသိကြပါဘူး..။ အစစ်အမှန် ပျော်ရွှင် မှုဆိုတာ တစ်ခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှု အပေါ်မှာ မူတည်ပါတယ်..။ သူတို့အတွက် ပျော်ရွှင် မှုကို သင်ဖြည့်ဆည်းပေးလိုက်ပါ..။ သင့်အတွက် ပျော်ရွှင်မှုများ မလွဲမသွေ ပြန်ရောက်လာပါလိမ့်မယ်။

အောင်ထွန်းဦး

Saturday, February 15, 2014

ဖန်ခွက်ကို အောက်ချပါ




စိတ်ပညာရှင်တစ်ယောက်ဟာ ပရိတ်သတ်တွေကို ကိုယ့်အပေါ်မှာရှိနေတဲ့ ဖိအားတွေကို ဘယ်လို ထိန်းချုပ် ဖယ်ရှားရမလဲဆိုတာကို ဟောပြောနေပါတယ်..။ သူဟာ ဖန်ခွက်တစ်ခွက်ကို မြှောက်ပြလိုက်ပြီး

"ဒီဖန်ခွက် ဘယ်လောက် လေးမယ်လို့ထင်လဲ…" လို့မေးလိုက်တယ်..။

ပရိတ်သတ်တွေဆီက ၈ အောင်စ ကနေ ၂၀ အောင်စ အထိအလေးချိန် ရှိကြောင်း အဖြေ အမျိုးမျိုး ထွက်လာခဲ့ကြတယ်..။

သူက ရှင်းပြတယ်.."ကျွန်တော် ပြောချင်တာက ဒီခွက်ရဲ့ အလေးချိန်က အဓိက မကျပါဘူး..။ ကျွန်တော် ဒါခွက် ကို ဘယ်လောက်ကြာကြာ ကိုင်ထားရမလဲ ဆိုတာက ပြသနာပါ..။ တစ်မိနစ်လောက်ပဲ ကိုင်ထားရမယ်ဆိုရင် တော့ ဒါက ပြသနာမဟုတ်ပါဘူး..။ ဒါပေမယ့် တစ်နာရီလောက် ကြာမယ်ဆိုရင် ကျွန်တော် လက်မောင်းတွေ ကိုက်လာမယ်..။ တစ်ကယ်လို့ တစ်နေကုန်သာဆိုရင်တော့ ကျွန်တော့် လက်မောင်းထုံထိုင်းပြီး အကြောတွေ သေသွားမယ် ထင်ပါတယ်..။ ဒီလိုအချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကတော့ ပြောင်းလဲမသွားပါဘူး..။ ကျွန်တော့် အတွက်သာ ကြာကြာကိုင်ရလေလေ..၊ ဖန်ခွက်က ပိုပြီးလေးလာ လေလေ ပါပဲ..။

"ဒီလိုပါပဲ..။ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ စိတ်ပင်ပန်းမှုတွေက ဖန်ခွက်ရဲ့ အလေးချိန်နဲ့ တူပါတယ်..။ ခဏလေးပဲ သူတို့အကြောင်းကို စဉ်းစားကြည့်ရင် ဘာပြသနာမှ မရှိပါဘူး..။ နည်းနည်း အချိန် ကြာကြာ စဉ်းစားမိတာနဲ့ သင့်ကို သူတို့ ဒုက္ခစပေးပါလိမ့်မယ်..။ နောက်ဆုံး တစ်နေကုန်သာ စဉ်းစားနေမယ် ဆိုရင်တော့ သင် စိတ်ဓါတ်တွေကျပြီး ဘာအကြံဥာဏ်မှ မထွက်ပဲ ဘာမှ မလုပ်တတ်တော့ပဲ ဖိအားတွေ အောက် ကျရောက်သွားတတ်ပါတယ်..။
ဖိအားတွေကို လွှင့်ပစ်လိုက်ဖို့ အရေးကြီးပါတယ်..။

ညနေခင်း ရောက်ပြီဆိုတာနဲ့ သင့်မှာရှိတဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေ အလုပ်အကြောင်းတွေကို မေ့ထားလိုက်ပါ..။ ညစာစားချိန်၊ ညအိပ်ယာဝင်တဲ့အချိန်ထိ ဒါတွေကို မသယ်ထားပါနဲ့..။ ဖန်ခွက်ကို အောက်ကို ချဖို့ သတိရပါ..။
 

အောင်ထွန်းဦး

Friday, January 31, 2014

နံရံပေါ်က ကော်ဖီတစ်ခွက်

 တစ်နေ့မှာ ကျွန်တော်ဟာ အသိတစ်ယောက်နဲ့ အီတလီနိုင်ငံ Venice မြို့ရဲ့ နာမည်ကြီး ကော်ဖီ ဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်နေခဲ့ကြတယ်..။

အဲ့ဒီအချိန်မှာပဲ၊ လူတစ်ယောက်ဟာ ကော်ဖီဆိုင်ထဲဝင်လာပြီး ကျွန်တော်တို့ဘေးက စားပွဲအလွတ် တစ်ခုံမှာ ထိုင်လိုက်တယ်..။ ပြီးတော့… "ကော်ဖီ နှစ်ခွက်ပေးပါ..။ တစ်ခွက်ကို နံရံပေါ် တင်ပေးပါ…"

ကျွန်တော်တို့လည်း စိတ်ဝင်စားစွာနဲ့ သူဘာကိုဆိုလိုတာလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်..။ စားပွဲထိုးလေးက သူ့ကို ကော်ဖီတစ်ခွက်လာချပေးတယ်..။ အဲ့ဒီကော်ဖီကို သူသုံးဆောင်ပြီးနောက်မှာ တော့ ကော်ဖီနှစ်ခွက်စာ ပိုက်ဆံကို သူရှင်းသွားခဲ့တယ်..။

သူပြန်တဲ့အခါမှာတော့ စားပွဲထိုးလေးက စာရွက်ငယ်တစ်ခုပေါ်မှာ "ကော်ဖီ တစ်ခွက်" လို့ရေးပြီး နံရံ ပေါ်မှာ ကပ်ထားလိုက်တယ်..။

ခဏအကြာမှာပဲ နောက်ထပ်လူနှစ်ယောက်က ကော်ဖီသုံးခွက်မှာလိုက်တယ်..။ နှစ်ခွက်ကို သူတို့ သောက်သုံးပြီး တစ်ခွက်ကို နံရံပေါ် တင်ပေးပါလို့ ပြောလိုက်တယ်..။ စားပွဲထိုးလေးက စာရွက်အပိုင်း လေးတစ်ခုနဲ့ "ကော်ဖီ တစ်ခွက်"ဆိုတဲ့ စာရွက်လေးကို ထပ်ကပ်လိုက်တယ်..။ နံရံပေါ်မှာ ဒီလို စာရွက် လေးတွေ အရောင်စုံနဲ့ အများကြီး ရှိနေပါတယ်..။

ခဏအကြာမှာတော့ စုတ်စုတ်ပြတ်ပြတ် ၀တ်စားထားတဲ့ အိမ်ခြေမဲ့ တစ်ယောက်ဟာ ကော်ဖီ ဆိုင်ကို ရောက်လာခဲ့တယ်..။ ပြီးတော့ ခုံတစ်ခုံမှာ အကျအန ထိုင်လိုက်ပြီး.. "နံရံပေါ်က ကော်ဖီ တစ်ခွက် ပေးပါ.."

ကျွန်တော်တို့ သိလိုက်ရပါပြီ..။ ဒါဟာ အင်မတန်ချစ်စရာကောင်းတဲ့ Venice မြို့သားတွေရဲ့ ကော်ဖီ သောက်တဲ့ အလေ့အထပါပဲ..။ သူတို့ဟာ သူတို့လိုပဲ ကော်ဖီသောက်ချင်နေရှာမယ့် မရှိဆင်းရဲသား တွေ အတွက် ကော်ဖီ တစ်ခွက် တိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တစ်စုံတစ်ယောက်ကအနေ ဒီအလေ့ အထကို အစပြုခဲ့တာပါ…။

ဘယ်သူက အစပြုခဲ့လဲ မသေချာတော့ပေမယ့် ဒီအလေ့အထလေး ကြောင့် Vencie မြို့လေးမှာ ရှိတဲ့ ကော်ဖီဆိုင်လေးဟာ ကြင်နာနွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတယ် လို့ နာမည်ကြီးနေပါတော့တယ်..။

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ