Wednesday, May 22, 2013

ကျုပ်နဲ့ ရန်ကုန်အထာ - ၃


ကျုပ်နဲ့ ဆရာမလေး ရွှေတိဂုံမှာ ဘုရားအတူတူဖူးကြတယ်…၊ ဆရာမလေးလို ချောမောလှပလွန်းတဲ့ သူတစ်ယောက်နဲ့ ကျုပ်တွဲသွားရတာ အတော့်ကို ပျော်တာပဲဗျို့..။ လေပေါ် မြှောက်နေသလား မှတ်ရ..၊ ဘုရားလာဖူးတဲ့သူတွေကလည်း ကျုပ်နဲ့ ဆရာမလေးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေသေးရဲ့…၊ အေးလေ…၊ ကံကောင်းလှတဲ့ ကျုပ်ကို ကြိတ်အားကျနေကြတာလားမှ မသိတာ…။
ဒီလိုနဲ့ ဘုရားဖူးပြီးတော့ ကျုပ်တို့ ဘုရားကို တစ်ပတ် ပတ်ကြတယ်..။ ဆရာမလေးက

"ဦးအောင်ဘု..၊ ဓါတ်လှေကား စီးဖူးလား.."

"ဘယ်လိုဟာလဲ ဆရာမလေး..၊ ကျုပ် မျက်စိထဲမမြင်ဘူး.."

"လှေကားမလိုပဲ… အခန်းတစ်ခန်းထဲကနေပြီး..အပေါ်တက် အောက်ဆင်း လုပ်တဲ့ဟာကိုပြောတာ.."

"ကောင်းသားပဲ..၊ ကျုပ်လည်း ရွာကို ပြန်ပြောပြလို့ရတာပေါ့..၊ စီးချင်တယ်ဗျို့.."

"လာ လိုက်ခဲ့..၊ ဒီဖက်ကို…"

ကျုပ် ဆရာမလေးခေါ်ရာလိုက်ခဲ့တယ်..၊ ကျုပ်တွေးနေမိတယ်..၊ ကျုပ်နဲ့ ဆရာမလေး အခန်းထဲမှာ နှစ်ယောက်တည်း ဓါတ်လှေကား အတူတူစီးရတော့မယ်..။ အမှန်တော့ ကျုပ်က ဓါတ်လှေကား သိပ် စီးချင်တာ မဟုတ်ဘူးရယ်..၊ ဒါပေသည့် ဆရာမလေးနဲ့ အတူ နီးနီးကပ်ကပ်နေရမယ့် အခွင့်အရေး မှန်သမျှ ကျုပ် လက်လွတ်ခံမှာ မဟုတ်ဘူးလေ…။

"ရောက်ပီ…"

"အဲ….ဒီမှာ လူတွေ ဘာလုပ်ဖို့ တန်းစီနေတာတုန်း..၊ ဆရာမ "

"ဓါတ်လှေကား စီးဖို့လေ…"

"အလို….."

ကျုပ်အံ့သြသွားတယ်..၊ ဓါတ်လှေကား မစီးပဲ လမ်းလျှောက်သွားရင်ကို ဘာမှမကြာတဲ့ ဒီဟာလေးကို စောင့်နေတဲ့လူတွေက တစ်သီတစ်သန်းပါပဲလား..၊ သူတို့ တစ်ကယ်ပဲ လမ်းမလျှောက်ချင်လို့လား…၊ ကျုပ်လို ဓါတ်လှေကားပဲ မစီးဖူးလို့ စီးချင်ကြတာလား ကျုပ်သိချင်ပေမယ့် ဆရာမလေးကို မမေးဖြစ်ခဲ့တော့ပါဘူး…။ နည်းနည်းကြာအောင် တန်းစီစောင့်ပြီးတော့

"ကဲ … ၀င်ရအောင် ဦးအောင်ပု…ပုဆိုးကို သေချာဝတ်ထား.."

"အလို…."

"အသက်ကို ၀၀ ရှု "

"အင်.."

"ရှင့်လွယ်အိတ်ကို လက်မှာပိုက်ထား"

"ဟုတ်…."

"ပြီးတော့…၊ ကျွန်မ တိုးလို့ ပြောတာနဲ့ ရှင်ရှိသမျှအားနဲ့ ဓါတ်လှေကားထဲရောက်အောင် တိုးပေတော့..၊ ရှင့်နောက်က ကျွန်မ လိုက်လာမယ်.."

ရန်ကုန်မှာ ဓါတ်လှေကား တစ်ခါစီးဖို့ ဒီလောက်ခက်မှန်း ကျုပ်ခုမှ သိတော့တယ်ဗျို့..၊ ဒါ့ကြောင့်လည်း ကျုပ်တို့ရွာမှာ ဓါတ်လှေကားဆိုတာ မကြားဖူးတာ ဖြစ်ပါလိမ့်မယ်..၊ ကျုပ်လည်း ပုဆိုးကို ပြင်ဝတ်၊ အသက်ကို ၀၀ရှု၊ လွယ်အိတ်ကို ရင်မှာပိုက်ပြီး….ဆရာမလေးရဲ့ အမိန့်ကို စောင့်နေလိုက်တယ်..။

Tuesday, May 21, 2013

သမီးကို ရေနွေးပူနဲ့ လောင်းတဲ့အဖေ


ကျွန်တော် ဒီမနက် ဒီသတင်းလေးကိုတွေ့တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရတယ်..။ ကလေးသူငယ်တွေကို ညှင်းပန်းနှိပ်စက်မှုတွေ အခုနောက်ပိုင်းမှာ တော်တော်များများကို ကြားသိ တွေ့မြင်နေရပါတယ်…။ ညှင်းပန်းနှိပ်စက်တဲ့သူတွေအနေနဲ့ ဘယ်လိုစိတ်ထားတွေရှိလို့ ဒီလောက် ထိတောင် ညှင်းပန်းနှိပ်စက် နိုင်ကြသလဲ မသိဘူးဗျာ…၊








အခုဖြစ်ရပ်ကလည်း သူစိမ်းမဟုတ်ပါဘူးဗျာ..၊ အဖေဖြစ်သူက အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ Xiao Li ဆိုတဲ့ သမီးလေးကို နှိပ်စက်ခဲ့တာကို လူသိရှင်ကြား ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပါ..၊ အခုလို လူသိရှင်ကြား ဖြစ်ခဲ့ရပေမယ့် ကလေးဟာ ဘယ်လောက်ကြာကြာ နှိပ်စက်ခံခဲ့ရသလဲဆိုတာ သူ့ကိုယ်ပေါ်က အမာရွတ်တွေ ကြည့်တာနဲ့တင် သိနိုင်ပါတယ်..။

Thursday, May 16, 2013

ဟာသ၀တ္တုတို (သတိရမိသော ပျော်စရာအချိန်များ)


ဘ၀ကို ပျင်းရိစွာ ဖြတ်သန်းနေရင်းဖြင့် အချိန်များ ကုန်လွန်မှန်း မသိသာစွာ ကုန်လွန် လာခဲ့ပါသည်။ လူတစ်ယောက်အဖို့ အလုပ်အကိုင်တစ်ခုရှိနေလျှင်ပင် ပျင်းရကောင်းမှန်း မသိ ဖြစ်တတ်သော်လည်း အလုပ်မရှိသော ကျွန်တော့်အဖို့ ပျင်းရိခြင်းဆိုသည်မှာ အဖော်ကဲ့သို့ ဖြစ်လာပါသည်။

          တစ်နေ့တာကို မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို တွေးရင်းနှင့်ပင် အလွန်ပင် စိတ်မောချင်စရာ ကောင်းနေပါသည်။ ဒီလိုဖြစ်နေသော ကျွန်တော့်အဖို့ သွားနေကျ လက်ဘက်ရည်ဆိုင်သည်သာလျှင် အကောင်းဆုံးဖြစ်သည်ကိုတွေးမိသည်နှင့် သကာလ လက်ဘက်ရည်ဆိုင်ကို ထထွက်ခဲ့တော့သည်။

          "ဟေ့ကောင် သက်အောင်၊ လာလေကွာ၊ ရေနွေးကြမ်း သောက်ရအောင်"

          လက်ဘက်ရည်ဆိုင်တွင် အလကားရသော ရေနွေးကြမ်းများကို ထိုင်သောက်နေသော ဖိုးကျော်နှင့် အရိုးတို့ကိုတွေ့သည်။ လက်ဘက်ရည်ဆိုင်ထဲဝင်ဝင်ချင်း စားပွဲထိုးလေးက လောကွတ်ပြုသည်။

          " ကိုကြီး၊ ဟိုနေ့ကအကြွေးသောက်ထားတာ မပေးသေးဘူးနော်၊ ဆိုင်ရှင်ကပြောနေ ပြီ "

          "ဒီကလေးနဲ့တော့ကွာ၊ မင့်အကြွေးက ဘယ်လောက်မို့လို့လဲ၊ မင်းဟာက ထိုင်တောင် မထိုင်ရသေးဘူး၊ ဒီနေ့ မင်းအကြွေးကို အကျေချေမယ်၊ ရှင်းတယ်နော်၊ သွား၊ Birdy plane တစ်ခွက်သွားယူခဲ့ "

          စိတ်တိုတိုနဲ့ပြောချင်ရာပြောလိုက်ပြီးမှ ကျွန်တော့်ကို ကြောင်ပြီးငေးကြည့်နေသော ဖိုးကျော်နှင့် အရိုးကိုတွေ့လိုက်ရသည်။

          " ဘာလဲ၊ မင်းတို့က ဘာကြည့်တာလဲ "

          " ဘာမှ မဟုတ်ပါဘူး၊ အကြွေးရှင်းမယ်စကားကြားလို့ မင်းပြောတာမှ ဟုတ်ရဲ့လားလို့ ကြောင်ပြီး ငေးနေတာ၊ ငါ့ကောင်ကြီး ထောလာတယ် ထင်တယ် ဟိဟိ "

          " ဘာမှ မထောလာဘူးဟေ့၊ ပျင်းလို့ထွက်လာပါတယ်ဆိုမှ အကြွေးလာတောင်းနေ လို့ ပြောလွတ်လိုက်တာ၊ ပိုက်ဆံဖြင့် ၂၀၀ ပြည့်အောင်တောင် ပါတာမဟုတ်ဘူး "

          " ဟင်...၊ ဒါဆို အကြွေးရှင်းမယ်ဆိုတာက............."

          " ထွက်ပြေးမှာဟေ့၊ သောက်ပြီးရင် ထွက်ပြေးမှာ...၊ ရှင်းပလား "
         
          " ထွက်ပြေးစရာမလိုပါဘူးကွာ၊ မင်းတစ်ခွက်လောက်တော့ ငါတိုက်နိုင်ပါတယ်"

အသံကြားတာနဲ့တင် ပြေးထိုးချင်စရာကောင်းသော လောရှည် အသံကိုကြားလိုက်ရသည်။ ဒီကောင်က ထောသည်။ မိဘများက ကုန်သည်ဖြစ်သောကြောင့် ငွေကိုရေလို သုံးနိုင်သည်။ အူတူတူ အတတဖြစ်တာမို့ ပေါင်းလို့သင်းလို့ကောင်းသည်။

          " တိုက်ရင်လည်းတိုက်ပေါ့ကွာ...၊ ငါကတော့ ဘာအကူအညီမှ မပေးနိုင်ဘူး"
         
          " အဟီး၊ မင်းကလည်း ကြိုသိနေတဲ့အတိုင်းပဲ၊ အဲလိုမလုပ်ပါနဲ့၊ မင်းတို့ သုံးကောင်လုံး ဒီည ငါ့ကိုကူညီစမ်းပါ၊ "

          " နဒီ တို့အဆောင်မှာ ဂီတာသွားတီးဖို့ကလွဲရင် ကြိုက်တာပြော၊ ကူညီမယ် "
အရိုးက ခနဲ့လိုက်သည်။

          " လုပ်ပြန်ပြီကွာ၊ မင်းတို့ကလည်းက ငါစိတ်ကူးထားတာကို ကြိုသိနေသလိုပဲ၊ လုပ်စမ်းပါကွာ၊ ဟိုဘက်ရပ်ကွက်က ကျော်မင်းတို့အဖွဲ့က ဒီညသွားကြမလို့တဲ့၊ ငါ့နဒီလေး အဲဒီကောင်နောက်ကို ဘယ်လိုမှ အပါမခံနိုင်ဘူးနော် ဟရောင် "

          " အေး၊ ကျော်မင်းဆိုရင်တော့ ငါသိပ်ကြည့်လို့မရဘူးကွ၊ ရပ်ကွက်လူကြီးသားဆိုပြီး စွာကျယ် စွာကျယ်လုပ်လွန်းလို့ " ဖိုးကျော်က ၀င်ပြောသည်။

          ကျော်မင်းကိုတော့ ဖိုးကျော်မှမဟုတ် ကျွန်တော်တို့တစ်ဖွဲ့လုံး ဘယ်သူမှ မကြည်ကြ။

          " အေး၊ ကျော်မင်းလာမယ်ဆိုလို့ မင်းကံကောင်းတယ်မှတ်၊ ဒီည ဘယ်မှာစုကြမလဲ"

          " ထုံးစံအတိုင်း လောရှည်အိမ်မှာပဲ စုကြမယ်၊ ဒီည လူကြီးတွေ ခရီးထွက်သွားတယ်၊ အိမ်မှာ ဒီကောင် တစ်ကောင်တည်း "

          " အိုကေလေ...၊ ည ခုနှစ်နာရီ ဆုံကြတာပေါ့၊ နောက်မကျကြစေနဲ့ "


Tuesday, May 14, 2013

ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား




နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်တွင် မိခင် ဝက်မကြီးမှ ဝက်သားပေါက် ခြောက်ကောင် မွေးဖွားသည့် အနက် သုံးကောင်မှာ ဝက်ခန္ဓာကိုယ်နှင့် ဆင်ခေါင်း သဏ္ဌာန် တစ်ကောင်၊ ကြံ့ခေါင်းသဏ္ဌာန် တစ်ကောင်၊ မျောက်ခေါင်းသဏ္ဌာန် တစ်ကောင်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု မရင်းကြီး ကျေးရွာနေ ကိုသန်းနိုင်ဦး-မဇင်မာဦးတို့ မွေးမြူထားသော ဝက်မကြီးမှ ဝက်ပေါက် အထီးတစ်ကောင် စတင် သားကျပြီး ဒုတိယ သားပေါက်တွင် ကြံ့ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ တတိယ သားပေါက်တွင် ဆင်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ စတုတ္ထ သားပေါက်တွင် မျောက်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ ထို့နောက် ဝက်ပေါက် နှစ်ကောင် စုစုပေါင်း ခြောက်ကောင် ပေါက်ဖွား ခဲ့ကြောင်း သိရသည်။

ယခုပေါက်ဖွားသော ဝက်သားပေါက် ကလေးများမှာ အလျား ၈ လက်မခန့် ရှိပြီး ဆင်ပေါက် ကလေးမှာ နှာမောင်းတစ်ခု ဆင်မျက်လုံး နှစ်လုံး ပါရှိသည်။ ကြံ့ပေါက်လေးမှာ ဦးခေါင်းမျက်နှာပြင် အလယ် တည့်တည့်တွင် မျက်လုံးကြီး တစ်လုံးတည်း ပါရှိပြီး အစွယ်နု၊ ဦးချိုနု၊ ကြံ့ပါးစပ်နှင့် ဝက်ခန္ဓာ ပါရှိပြီး မျောက်သတ္တဝါမှာ မျက်နှာသည် မျောက်မျက်နှာစင်စစ် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝက်ခန္ဓာကိုယ် ဖြစ်ကြောင်း သိရသည်။

''မွေးပြီး သုံးနာရီ အကြာ မွန်းတည့် ၁၂ နာရီမှာ ဆင်ပေါက်လေးနှင့် ကြံ့ပေါက်လေး သေဆုံးသွားတယ်၊ မျောက်လေးကတော့ အသက်ရှင်လျက် ရှိပါတယ်၊ သေသွားတဲ့ ကြံ့နဲ့ဆင်ကိုတော့ သက်ဆိုင်ရာ တာဝန် ရှိသူများကို ပြပြီး ညွှန်ကြားသလို ပြုလုပ်ပါမယ်''ဟု ဝက်ပိုင်ရှင် မဇင်မာဦးက မြဝတီ သို့ ပြောကြားသည်။

ယခုအခါ ထူးဆန်းစွာ မွေးဖွားလာသော သတ္တဝါလေး များအား ပတ်ဝန်း ကျင် ကျေးရွာများမှလာရောက်ကြည့်ရှု သူများနှင့် စည်ကားလျက် ရှိကြောင်း တွေ့မြင်ရသည်။



credit to - မြ၀တီ



အောင်ထွန်းဦး

Monday, May 13, 2013

ကျွန်တော်နှင့် နွားဘဝ



ကျွန်တော် မျက်လုံးနှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ကျွန်တော့်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်သော ဇနီးနှင့် သားလေး… ကျွန်တော် ၀မ်းသာအားရ အော်ခေါ်လိုက်ချင်ပေမယ့် ပါးစပ်ထဲက ဘာသံမှ ထွက်မလာခဲ့..။ ချစ်နှင့် သားလေးကိုကြည့်ရတာ ကျွန်တော့်ကိုကြည့်ပြီး အတော့်ကို ပျော်ရွှင်နေပုံရသည်…။

"အမေရေ…၊ အထီးလေးဗျ..၊ အထီလေး…ဒီအကောင်ကို သားယူမယ်.."

"အင်း..ဟုတ်တယ်နော်.. စပ်ကြားလေးနဲ့.. ချစ်စရာလေး.."

အလို…၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..၊ ကျွန်တော် ဘာဖြစ်နေတာလဲ..? ကျွန်တော် နောက်ဆုံးသိလိုက်တာက ကျွန်တော် ချစ်တို့နဲ့အတူ နေ့လည်စာ ထမင်းစားပြီး အထမှာ မူးကနဲ ဖြစ်ပြီး မေ့လဲသွားခြင်း..၊ အခု.. ကျွန်တော်..ဘယ်ရောက်နေတာလဲ..၊ ကျွန်တော် သေဆုံးသွားခဲ့တာလား….

"ဒီကောင်လေးကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ…အမေ…"

"ညိုမောင်း လို့ နာမည်ပေးလိုက်မယ်လေ…သားကြိုက်လား"

"ကောင်းတယ်အမေ.. အဖေသာရှိရင် ဒီကောင့်ကို သိပ်သဘောကျမှာဗျ…"

ကျွန်တော် သိလိုက်ပါပြီ..၊ ကျွန်တော် သေဆုံးသွားခဲ့ပါပြီ..၊ ကျွန်တော်ဟာ ကျွန်တော် ချစ်တဲ့ ချစ်ဇနီးနဲ့ သားလေးတို့နဲ့ စည်းတစ်ခု ခြားထားတဲ့ ဘုံဘ၀ တစ်ခုမှာ နွားဘ၀နဲ့ လာဖြစ်နေရပြီလေ…၊ ဒီအချိန်မှာပဲ ကျွန်တော့်ကို မွေးဖွားပေးတဲ့ နွားမကြီးကို ကျွန်တော့်ကို ညှင်သာစွာ လျှာနဲ့လျှက်ပြီး ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်သည်။ လူ့ဘ၀က အရက်သောက်..၊ ဖဲရိုက်ပြီး မိသားစုပေါ် တာဝန်မကျေခဲ့တဲ့ကျွန်တော် ဒီဘ၀မှာတော့ နွားဘ၀ နဲ့ ရှေးဘ၀က ၀ဠ်ကြွေးတွေ ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ…။

လက်ညှိုးနဲ့ ကင်မီးကောက် ထောင်တဲ့သူ

ကဲ.. လက်ညှိုးနှစ်ချောင်းနဲ့ ကင်မီးကောက် ထောင်သတဲ့ဗျို့..။ သူ့လိုလူမျိုး ကမ္ဘာမှာ နှစ်ယောက်သာ ရှိသတဲ့..၊ နောက်တစ်ယောက်က ဘယ်သူလဲ သိချင်ကြသလားဗျ....



အောင်ထွန်းဦး

ထိုင်းနိုင်ငံမှ Life Museum

ထိုင်းနိုင်ငံမှာ ရှိတဲ့ Life Museum ကတော့ ထူးခြားတဲ့ ပြတိုက်လို့ဆိုရပါမယ်..။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ AIDS ရောဂါနဲ့ သေဆုံးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေကို နောက်လာနောက်သားတွေ ဆင်ခြင် နိုင်အောင် ပြသထားလို့ပါပဲ..။ စိတ်ဝင်စားသူများ အောက်က ပုံလေးတွေကို ကြည့်နိုင်ပြီး မကြည့်ချင်သူများအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါရစေ..။



Sunday, May 12, 2013

ကမ္ဘာတစ်ဝှမ်း ထူးခြား ဆံပင်ပုံစံများ





ရင်သို့ထိသောစာစုများ - ၅



ကျွန်တော် ဒီနေ့ အလုပ်က စောစောပြန်မှ ဖြစ်မည်..၊ မနေ့က ရပ်ကွက်ရုံးမှ ဒီနေ့ည ကင်းစောင့်ရန် လာအကြောင်းကြား ထားသည်..၊ ခုတစ်လော ရပ်ကွက်ထဲမှာ သူခိုးတော်တော်ပူတာကတစ်ကြောင်း၊ နွေရာသီ ဖြစ်တာကြောင့် မီးဘေးအန္တရာယ်လည်း ရှိနိုင်တာက တစ်ကြောင်း၊  ရပ်ကွက်တွင်း အလှည့်ကျ ကင်းစောင့်စနစ်ဖြင့် တာဝန်ချထားခြင်းဖြစ်သည်။ အလုပ်က စောစော ပြန်နိုင်မှသာ ကင်းချိန်ကို နောက်မကျဘဲ သွားနိုင်တော့မည်…၊ ထို့ကြောင့် အလုပ်ကိုသိမ်းကာ အိမ်ပြန်ဖို့ ခြေလှမ်း စတင်ခဲ့တော့သည်။

အိမ်ကိုရောက်တော့ အိမ်ရှေ့တံခါးဝမှာ ငုတ်တုတ်လေးထိုင်ပြီး ဆီးကြိုနေသော အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ဘ၀သည် အမေတစ်ခုသားတစ်ခု ဘ၀ဖြစ်သည်။ အဖေဆုံးပြီးကတည်းက အမေ့ကို လုပ်ကျွေးပြုစုလာတာ ဒီအချိန်ထိဖြစ်သည်။ စီးပွားရေး အဆင်မပြေပေမယ့်…၊ အမေနဲ့ ပျော်ရွင်စွာ နေထိုင်ရသော ဒီဘ၀ကို ကျွန်တော်ကျေနပ်သည်…။

“သား… ဒီနေ့ အလုပ်ပြန်တာ..စောလှချည်လား..”

“ဟုတ်တယ် … အမေ…၊ သားဒီနေ့ ရပ်ကွက်ကင်းကျတယ်လေ.. အဲဒါ …သွားရအုံးမယ်..”

“ထမင်း အရင်စားမလား..၊ ရေအရင်ချိုးမလား သား..”

“ရေ အရင်ချိုးမယ် အမေ… ပြီးမှ ထမင်းစားမယ်လေ…”

ကျွန်တော် ရေအမြန် ချိုးလိုက်သည်..၊ ရေချိုး… အ၀တ်အစားလဲပြီးတော့ ထမင်းဝိုင်းပြင်ဆင်ပြီး စောင့်နေသော အမေ့ကို တွေ့လိုက်ရသည်….။ ထမင်းစားရာတွင် အမေသည် တစ်ယောက်တည်း ဘယ်တော့မှ မစား..၊ နှစ်ယောက်ဆုံမှ စားလေ့ရှိသည်..။ မိမိအလုပ်နောက်ကျသော နေ့မျိုးတွင်ပင်လျှင် အမေသည် အဆာခံပြီး မိမိကိုစောင့်လေ့ရှိသည်…၊

နောက်ထူးခြားချက်တစ်ခုရှိသည်။ အမေသည် ကျွန်တော် တောင်းဆိုသမျှကို ဘာတစ်ခုမှ ငြင်းသည်မရှိ…၊ တတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးသည်..၊ ဥပမာ… ကျွန်တော် ညနေစာ ငါးသလောက်ဟင်းစားချင်လျှင်… ရရနေရာကနေ ရှာပြီး..ချက်ထားတတ်သည်..။ ကျွန်တော့်မျက်နှာကို အညှို မခံနိုင်သော အမေဖြစ်သည်။

Saturday, May 11, 2013

လိုအပ်နေတဲ့ စာနာစိတ်လေး



ဒီဇာတ်လမ်းလေးက တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါ..။ ဇာတ်လမ်းကတော့ တစ်နယ်ခြားမှာ စစ်တိုက်ထွက်နေရတဲ့ စစ်သား လေး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်..။ သူဟာ တိုင်းပြည်အတွက် ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲ ဆင်နွှဲပြီး မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်..။ သူဟာ Delhi မြို့ ကို ရောက်တဲ့ အခါမှာတော့ အမေရိကန်မှာရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းဆက်ခဲ့ပါတယ်…။

"အဖေနဲ့အမေ..၊ ကျွန်တော် အခု အိမ်ပြန်လာနေပါပြီ..၊ ဒါပေမယ့် အဖေနဲ့အမေကို ကျွန်တော်တောင်းဆိုစရာ တစ်ခုရှိပါတယ်..။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် အိမ်ကို ခေါ်လာချင်ပါတယ်.."

"ခေါ်လာလို့ ရတာပေါ့သားရယ်..၊ တောင်းဆိုစရာ မလိုပါဘူး.."

"ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်..၊ ကျွန်တော့်သူငယ်ချင်းက တိုက်ပွဲမှာ မိုင်းထိခဲ့တဲ့အတွက် လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်..၊ သူ့မှာ ဘယ်မှ သွားစရာနေရာမရှိပါဘူး.၊ ဒါကြောင့် သူ့ကိုသား အိမ်ကို ခေါ်လာမလို့ပါ.."

"အမေတို့ ကြားရတာ စိတ်မကောင်းပါဘူး သားရယ်..၊ အမေတို့ သူ့ကို တစ်နေရာမှာ နေနိုင်ဖို့ ကူညီပေးနိုင်မှာပါ.."

"မဟုတ်ဘူးအမေ..၊ ကျွန်တော် သူ့ကို ကျွန်တော်တို့ မိသားစုနဲ့အတူ နေစေချင်တာပါ.."

"သား…….၊ သားဘာလုပ်နေလဲ ဆိုတာကို သားသိမှာ မဟုတ်ဘူး..၊ ဒီလိုမျိုး ဒုက္ခိတ တစ်ယောက် ကို ခေါ်တင်ထားဖို့ဆိုတာ ဘယ်လောက် တာဝန်ကြီးလဲ၊ သူ့ကို ဝေယျာဝစ္စ အ၀၀ကို ဘယ်သူလုပ်ပေးမှာလဲ..၊ သူ့ကို ဘယ်သူဂရုစိုက်ရမှာလဲ..၊ အဖေနဲ့ အမေလား…. ဒီမှာလည်း ကိုယ့်မိသားစုနဲ့ကိုယ်လေ..၊ ကိုယ့်မိသားစုဘ၀ကို အနှောင့်အယှက်ပေးမယ့် ဘာတစ်ခုကိုမှ အမေတို့ ခွင့်ပြုမှာ မဟုတ်ဘူး..၊ သား သူ့အကြောင်းကိုမေ့ပစ်ပြီး အိမ်ကိုသာပြန်လာခဲ့ပါ..၊ သူလည်း သူ့ဟာသူ အဆင်ပြေသွားပါလိမ့်မယ်.."

အဲ့ဒီအချိန်မှာ သားဖြစ်သူဟာ ဖုန်းချလိုက်ပါတယ်.။ ဖုန်းမြည်သံကလွဲပြီး ဘာမှ မကြားရတော့ပါဘူး..။ ရက်အနည်းငယ် ကြားတဲ့အခါမှာ..၊ Delhi ရဲစခန်းကနေ သူတို့ဆီကို ဖုန်းတစ်ခုဝင်လာပါတယ်..။ သူတို့သားဟာ အဆောက်အဦအမြင့်တစ်ခုပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားကြောင်း လှမ်း အကြောင်းကြားတာပါ.။ ရဲတွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ သတ်မှတ်ထားကြပါတယ်.။

မိဘနှစ်ပါးဟာ ချက်ချင်းပဲ လေယဉ်နဲ့ Dehli ကိုရောက်လာပြီး သေဆုံးသူဟာ သူတို့ရဲ့သား တစ်ကယ်ဟုတ်/မဟုတ်ကို ကြည့်ရှု့ခဲ့ကြပါတယ်..။ သေချာပါတယ်..။ ဒါဟာ သူတို့ရဲ့သားပါ..။ ဒါပေမယ့် သူတို့ မသိလိုက်တာ တစ်ခုက . သူတို့သားဟာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတ တစ်ယောက်ဖြစ်နေတယ်ဆိုတာကိုပါပဲ…

လူတိုင်းလူတိုင်း စာနာစိတ်လေးတွေ မွေးဖွားနိုင်ကြပါစေဗျားးးး…။

အောင်ထွန်းဦး


LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ