Wednesday, July 31, 2013

ငါးမန်း အန္တရာယ်

ငါးမန်းအကြောင်း ကျွန်တော်တော့ သိပ်မသိပါဘူး..။ မသိဆို တောင်ပေါ်သား ဆိုတော့ကာ ပင်လယ်နဲ့ ဝေးဝေးမှာနေရတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်.. အောက်က ပုံထဲမှာပါတဲ့ကောင်မလေး Bruna Gobbi ဆိုတဲ့ အသက် (၁၈) နှစ်အရွယ် ကောင်မလေး တစ်ယောက်ဟာ ဘရာဇီးနိုင်ငံ Viagem ကမ်းခြေမှာ ရေကူးနေခဲ့ပါတယ်...



ရုတ်တရက်ဆိုသလို အဆိုပါ ကောင်မလေး ရေနစ်သွားခဲ့ပြီး ကမ်းခြေမှာရှိတဲ့ အသက်ကယ်လှေတစ်စင်းက ကယ်ဆယ်ဖို့ သွားရောက်ခဲ့ပါတယ်. ဒါပေမယ့် သူမဟာ တစ်ကယ်တော့ ရေနစ်နေတာ မဟုတ်ပဲ ငါးမန်းတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ..။ ကံကောင်းစွာပဲ သူမဟာ အသက်မသေခဲ့ပေမယ့် ခြေထောက် တစ်ချောင်းကိုတော့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်..။






အောင်ထွန်းဦး

Tuesday, July 30, 2013

ဟာသဓါတ်ပုံများ - ၎

အင်တာနက်၊ Facebook ပေါ်က တွေ့ရှိသမျှ ကောင်းနိုးရာရာ ဟာသဓါတ်ပုံလေးများကို ပြန်လည် ဝေငှ ပေးလိုက်ရပါတယ် ခင်ဗျာ...


အမြီးပေါက်နေတာ မဟုတ်ရဘူးဗျာ...


ကဲ.. လည်ပင်းမှာ ပတ်တဲ့ဟာတွေကို ဘယ်တော့မှ မလွယ်မိပါစေနဲ့...


ကလေးဘ၀တုန်းက ဒီလိုဖြစ်မှာ ကြောက်ခဲ့ရတာပေါ့လေ... 

Monday, July 29, 2013

ကျွန်တော်နှင့် သရဲဘဝ


ကျွန်တော် ဘယ်ရောက်နေတာလဲ….??? အမှောင်ထုက ကျွန်တော့်မျက်ဝန်းထဲကို စိုးမိုးထားသည်။ လူတစ်ကိုယ်လုံး လေထဲမြောက်နေသလို ခံစားရပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးနေသလို ခံစား ရသည်။ ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက် သည်။ ဟင်….။ လူတွေ အများကြီး ပါလား…။ ဘာလို့ အိမ်ကို လူတွေ ဒီလောက်အများကြီး လာနေရ တာလဲ…။ ပြီးတော့ သူတို့အားလုံး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ၀မ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့…။

 " အမေရေ…..အမေ…….." 

ကျွန်တော် ကြောက်လန့် တကြား အာခေါင်ခြစ်ပြီး အော်ဟစ် လိုက်သည်။
လူတွေ တစ်ယောက်မှ ကျွန်တော့်အော်သံကို မကြား..။ ကျွန်တော် အံ့သြစွာဖြင့် အမေ့ကို မျက်စိဝေ့ပြီး ပတ်ရှာလိုက်သည်။ တွေ့ပါပြီ…။ အို…။ အမေ…ငိုနေပါလား…။ ဘာလို့ ငိုနေရတာလဲ အမေရယ်…..။ ကျွန်တော် အမေ့အနားသို့ သွားရောက် နှစ်သိမ့်ပေးရန် အိပ်နေရာမှ အားယူ ထထိုင်လိုက်သည်။ ထူးဆန်းသည်မှာ ကျွန်တော် ထထိုင်လိုက်စဉ် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာ ကျွန်တော်နဲ့ အတူ ပါမလာခဲ့..။ အိပ်နေလျက်အတိုင်း ပဲ ရှိနေဆဲဖြစ်သည်။ ကျွန်တော် အံ့သြလွန်းပြီး ပြန်အိပ်ချလိုက်သည်။ ပြီးတော့.. ကျွန်တော့် ခန္ဓာကိုယ်ကို အတူလိုက်ပါနိုင်ဖို့ မျှော်လင့်ပြီး  ပြန်ထထိုင်လိုက် သည်။ ကျွန်တော့် ခန္ဓာကိုယ်ကတော့ အိပ်ယာပေါ်မှာ အိပ်လျက်သား ရှိလျက်….။

"အားးးးး"

ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်မိလိုက်သည်….။ ငါဘာဖြစ်သွားတာလဲ..။ ငါဟာ အိပ်မက်တစ်ခု မက်နေတာလား.….???  ဒါမှမဟုတ်... ငါသေဆုံး သွားခဲ့ပြီလားး??? အတွေးပေါင်းစုံတို့ က ကျွန်တော့် ခေါင်းထဲတိုးဝင်လာသည်။ ကျွန်တော် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နောက်ဆုံး မှတ်မိသမျှသော ခေါင်းထဲက မှတ်ဥာဏ်တို့ကို ကြိုးစားပြီး ပြန်လည် တူးဖော်ဆွလိုက်သည်။ ငါ နောက်ဆုံး ဘာလုပ်နေတာလဲ…??? ဘာလုပ်ခဲ့တာလဲ…? အလို…။ ငါ မှတ်မိပြီ…။ ငါ…ငါ….. ရေ နစ်…နေတာပဲ… ဟုတ်တယ်…. ငါ … အရက်သောက်ပြီး ရေကူးရင်း ရေ နစ်နေတာ…..။

Friday, July 26, 2013

ဒေါသ တစ်ချက်


ကျွန်တော်က ကားခရေစီပါ…။ ကားချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့ဗျာ… ကျွန်တော့်ဘ၀မှာ ကျွန်တော့်မိန်းမရယ်… သားလေးရယ်…ကျွန်တော် အခုစီးနေတဲ့ ကားလေး ရှိရင် ကျွန်တော့် ဘ၀က ပြည့်စုံပြီ…။

တစ်ရက်.... ကျွန်တော် အလုပ်က အတော်ပင်ပန်းလာတယ်..။ စိတ်ပန်း လူပန်း ဖြစ်နေတာကြောင့် အိမ်ရောက်တာနဲ့ ထမင်းစားပြီး ဘာအလုပ်မှ မလုပ်ပဲ တန်းအိပ်ပြစ်ဖို့ ကျွန်တော် တွေးထားလိုက် တယ်..။ အိမ်ကိုရောက်ပြီး ကျွန်တော့် မိန်းမ ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး အိပ်ဖို့အတွက် အပေါ်ထပ်ကို ကျွန်တော် တက်ခဲ့တယ်..။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်မိန်းမက ကျွန်တော့်ကို မီးဖိုထဲမှာ သံတစ်ချောင်း ရိုက်ပေးဖို့ ပြောလာတယ်..။ ကျွန်တော်လည်း သံရိုက်ဖို့ တူယူလာပြီး မီးဖိုဘက်ကို အလာမှာ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကျွန်တော့်ကားအနီးနားမှာ ကျောက်ခဲ တစ်လုံးနဲ့ ကားကို ခြစ်ဆော့နေတဲ့ သားလေး ကို တွေ့လိုက်ရတယ်…။

ကျွန်တော် အရမ်းစိတ်ဆိုး ထူပူသွားပြီး စိတ်ဆိုး မာန်ဆိုးနဲ့ သားလေးရဲ့ လက်ကိုယူပြီး ကျွန်တော် လက်မှာ ရှိတဲ့အရာနဲ့ စိတ်ရှိလက်ရှိ ရိုက်နှက်လိုက်တယ်…။ သားလေးကတော့ ကြောက်လန့်တကြား နဲ့ အော်ဟစ်အော်ငိုနေလေရဲ့..။ ဘယ်လောက်တောင် ဆက်တိုက် ကျွန်တော် ရိုက်နှက်နေမိလဲ မသိတော့ပါဘူး….။ ကျွန်တော် သတိပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော် သိလိုက်ရတာက ကျွန်တော် သားလေးလက်ကို ကိုင်ပြီး ရိုက်နှက်နေတဲ့အရာက… မီးဖိုထဲမှာ သံရိုက်ဖို့ ယူလာတဲ့ တူ တစ်ချောင်းးး…။

ကျွန်တော်တို့ သားလေးကို ချက်ချင်းပဲ ဆေးရုံကို ပို့ကြတယ်…. ဆရာဝန်က ကျိုးကြေနေတဲ့ သားလေးရဲ့ ညာဘက်လက်ကို ကြည့်ပြီး "ကလေးက ဘယ်လိုဖြစ်လာတာလဲလည်း" ဆိုတဲ့ အမေးကို ကျွန်တော့်မှာ ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး..။ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့အချိန်မှာ ဆရာဝန်က ကျွန်တော့်ကို ခေါ်ပြောတယ်…သားလေးရဲ့ ညာဘက်လက်က စာရေးလို့ ရတော့မှာ မဟုတ်ဘူးတဲ့…။ ကျွန်တော် ကိုယ့်ကိုယ်ကို နောင်တရလို့ မဆုံးဖြစ်မိတယ်..။ ကျွန်တော် ဘာဖြစ်လို့ ဒီလောက်ထိ ဒေါသထွက် ပြီး သားလေးကို ရိုက်နှက်ခဲ့ရတာလဲ….။ ဆေးရုံကုတင်ပေါ်က သားလေးက ကျွန်တော့်ကို ကြောက်နေတဲ့ ပုံစံပါပဲ..။ ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ သားလေးကို ထွေးပွေ့လိုက်တယ်…။ သားလေးက ညှိုးငယ်စွာနဲ့

"သားလက်တွေ ဘယ်တော့ ပြန်ကောင်းမှာလဲ ဖေဖေ" တဲ့..။

ကျွန်တော် ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီး အပြင်ပြေးထွက်ခဲ့တယ်..။ ဆေးရုံရှေ့မှာ ရပ်ထားတဲ့ ကျွန်တော့်ကို ဒေါသထွက်စေတဲ့ကားကို စိတ်ရှိ လက်ရှိ ကျွန်တော် ကန်ကြောက် နေမိခဲ့တယ်…။ အဲ့ဒီအချိန်မှာပဲ ကားပေါ်မှာ ကျောက်ခဲနဲ့ ခြစ်ပြီး ရေးထားတဲ့ စာကြောင်းလေး တစ်ကြောင်းကို ကျွန်တော် တွေ့လိုက်ရတယ်…။

"ဖေ့ဖေ့ကို သား ချစ်တယ်…" တဲ့…

သင်ခန်းစာ ။       ။ ကျွန်တော်တို့ဟာ ဒေါသအလွယ်တကူ ထွက်တတ်ကြပါတယ်..။ ဒေါသထွက်ရင် လည်း လုပ်မိလုပ်ရာ လုပ်တတ်ကြပြီး နောက်မှ ဖြစ်လာတာရှင်းမယ်ဆိုတဲ့ လူမျိုးတွေပါ..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တဒင်္ဂဒေါသကြောင့် မခန့်မှန်းနိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ပြန်ပြီး ပေးဆပ်ရတတ်တယ် ဆိုတာကို သိချင်စေပါတယ်ဗျာ…။

အောင်ထွန်းဦး

Thursday, July 25, 2013

ကျွန်တော်နှင့် သရဲကိုမြင်အောင် စမ်းသပ်ခြင်း


"ခွေးတွေ ကြောင်တွေက သရဲ၊ ၀ိဥာဉ်တွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ ဟုတ်လား အဖိုး.."

"အေး ..ဟုတ်တယ်ကွဲ…၊ ဒါကြောင့် ညဘက် ခွေးအူသံကြားရင် သားတို့ကို အဖိုး အပြင်မထွက်ခိုင်းတော့တာပေါ့…"

"တစ်ချို့ ကံနိမ့်တဲ့သူဆိုရင် ခွေး၊ကြောင် တွေရဲ့မျက်ချေးကို မျက်စိမှာသုတ်ရင် ပရလောကကိုတောင် မြင်နိုင်စွမ်းရှိတယ်…."

ကျွန်တော်ငယ်စဉ်က အဖိုးပြောပြခဲ့သော အကြောင်းအရာလေးဖြစ်သည်။ အခု အရွယ်လေးလည်း ရောက်လာပြီး စူးစမ်းလိုစိတ်ကလည်း ပြင်းပြလာတာကြောင့် ကျွန်တော် ဒီဟာကို စမ်းသပ်ဖို့ အမြဲ စိတ်အား ထက်သန်နေခဲ့တော့သည်။ သရဲ၊ နာနာဘာဝတွေ ပျော်မြူးချိန်က လပြည့်နှင့် လကွယ်ည သန်းခေါင်ယံ ချိန်ဖြစ်သည်ဟု ကြားဖူးသည်။ လပြည့်ည တစ်ညမှာ ခွေးတစ်ကောင်ရဲ့ မျက်ချေးကို သုတ်ရင် သရဲ တစ်ကယ် မြင်နိုင် မမြင်နိုင် ကို လက်တွေ့ အကောင်အထည်ဖော် စုံစမ်းဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။

ကျွန်တော့် စုံစမ်းရေးကိစ္စကို သူငယ်ချင်းတွေ ပြောပြတော့ အကုန်လုံးစိတ်ဝင်စားကြပြီး အဲ့ဒီလပြည့်ည မှာ သူတို့ပါ လိုက်လံ လေ့လာမည် ဖြစ်ကြောင်း ပြောပြသည်။ လူငယ်တွေဆိုတော့လည်း ဒီလိုကိစ္စ စိတ်မ၀င်စားတဲ့သူ ဘယ်ရှိပါ့မလဲလေ…..။

ဒီလိုနဲ့ လပြည့်ည ရောက်တော့ ည ၁၁း၀၀ နာရီလောက် ရွာထိပ်က သချိုင်္င်းကုန်းကို သူငယ်ချင်း ၄ ယောက် ထွက်ခဲ့တော့သည်။ တခြားနေရာမှာ ဆို သရဲ မမြင်မှာ စိုးတာကြောင့် သချိုင်္င်းကုန်းထိကို စမ်းသပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ လပြည့်ညမို့ လရောင်ထိန်ထိန် အောက်မှာ အုတ်ဂူ ဖြူဖြူများက ညီညာစွာ ရှိနေကြသည်။ တစ်ချက် တစ်ချက် ကြားလိုက်ရသော ခွေးအူသံ ကလည်း ကျွန်တော့်ရဲ့ သိချင်စိတ်ကို ပိုတိုးမြှင့်ပေးနေသလို စိတ်ကြောက်ကိုလည်း ဖြစ်ပေါ်စေနေတော့သည်။

"ဟရောင်တွေ..တစ်ခုခုဖြစ်ရင်..ထွက်မပြေးကြနဲ့အုံးနော်…" ကိုယ့်သူငယ်ချင်းတွေကိုလည်း ပြောထားရ သေးသည်။ ဒီကောင်တွေက ပြေးဟေ့ဆို ထိပ်ဆုံးကချည်းနေခဲ့တဲ့ ကောင်တွေလေ…။

"အေးပါ..မင်းသာ..သရဲ မြင်ရင် မေ့လဲမသွားနဲ့အုံး.. သရဲက ဘယ်လိုဘယ်ပုံဆိုတာ… သေချာပြောပြ…"

"အေးပါဟ…"

သချိင်္ုင်းကုန်းတွင်ရှိနေတတ်သော ခွေးလေခွေးလွင့် တစ်ကောင်ကို အစာ ပြ မျှားပြီး ခေါ်လိုက်သည်။ ပြီးတော့ ခွေးမျက်လုံးနှစ်ဘက်က ခွေးမျက်ချေးကို အသာသုတ်ယူလိုက်သည်..။

"ဟရောင်….ဖြစ်ပါ့မလား.. မလုပ်ရင် မလုပ်ပါနဲ့တော့ကွာ…"

သူငယ်ချင်းတစ်ယောက်က ကြောက်သံပါတဲ့လေသံနဲ့ပြောသည်။

ကျွန်တော် ဘာမှ မပြောပဲ ကျွန်တော့် မျက်စိ နှစ်ဖက်ကို ခွေးမျက်ချေး သုတ်လိုက်သည်….။ ပြီးတော့………………………………………

"ဟရောင်တွေ…ငါဘာ သရဲမှ မတွေ့ဘူးဟ…"

"ဟုတ်လား… ဟိုဟိုဒီဒီ ကြည့်ကြည့်ပါအုံး…."

"မတွေ့ဘူးဟ… တစ်ကယ်မဟုတ်ဘူးနဲ့တူပါတယ်ကွာ…."

"အေး ပုံပြင်တွေဖြစ်မှာပါကွာ..၊ ကဲ..မင်းသိရလို့ ကျေနပ်ပြီ မဟုတ်လား…ပြန်ရအောင်.. ညနက်နေပြီ.."

သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်တော့ ည (၁း၀၀) နာရီထိုးနေပြီ..။ ခြံတံခါးပိတ်… အဖေ..အမေ..မနိုးအောင် သူခိုးခြေလှမ်းမျိုးနဲ့ အိမ်ထဲကို ပြန်ဝင်ခိုက်….. တွေ့လိုက်ရတာက… ဧည့်ခန်းထဲမှာ ခန့်ခန့်ကြီးထိုင်ပြီး မျက်လုံးပြူးကြီးနဲ့ ကျွန်တော့်ကို ကြည့်နေသော အဖိုး…

"ဟာ…..အဖိုးးး…"

ကျွန်တော် ပါးစပ်က ရေရွတ်မိသည်ထင်သည်။ မဖြစ်နိုင် အဘိုးဆုံးသွားခဲ့တာ အခုဆို ၇ နှစ်တောင်ကျော်ပြီ..။ ကျွန်တော် မျက်လုံးမိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ မျက်တောင် မခတ်ပဲ မျက်လုံးနီကြီးနဲ့ စူးစိုက်ကြည့်နေသော.. အဖိုးကို ထပ်တွေ့လိုက်ရသည်…။

"အားးးးးးးး…."

ကျွန်တော် ကြောက်လန့်စွာ မျက်လုံးမိတ်ပြီး အသံနက်ကြီးဖြင့် အော်မိလိုက်သည်။ ကျွန်တော့် အသံကြောင့် အဖေနဲ့ အမေ အိပ်ခန်းထဲက ထွက်လာကြသည်။

"သား…ဘာဖြစ်လို့လဲ…"

"အမေ….သား အဖိုးကိုတွေ့နေရတယ်…"

"ဘယ်မှာတွေ့တာလဲ… ဘယ်တုန်းကတွေ့တာလဲ.. သားဖြစ်လာတာလဲ…"

ကျွန်တော် ပြန်ကြည့်လိုက်သည်။ အဖိုးကတော့ ဧည့်ခန်းထဲမှာ ကျွန်တော့်ကို မျက်တောင်တစ်ချက်မှ စိုက်ကြည့် နေတာကို ထပ်တွေ့လိုက်ရသည်။

"အမေ…..အဖိုးကို သားတွေ့နေရသေးတယ်..ဧည့်ခန်းထဲမှာ..ထိုင်ပြီး သားကို စိုက်ကြည့်နေတယ်.."

"မင်းဘယ်တွေသွား…ဘာတွေလုပ်ခဲ့လဲ…အဖေ့ကို မှန်မှန်ပြောစမ်းး.."

ကျွန်တော် အဖေ့ကို ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်သည်။

"ဟာ…ဒီကလေးတော့ ဒုက္ခပါပဲ…လာလာ… ဘုရားဂုဏ်တော်ကို ပါးစပ်က အဆက်မပြတ်ဆိုနေ… ပြီးရင် ဘုရားသောက်တော်ရေ…သောက်လိုက်…"

ကျွန်တော် မျက်စိမှိတ်ထားလိုက်ပြီး ပါးစပ်ကနေ ဘုရားဂုဏ်တော်ကို အဆက်မပြတ်ဆိုနေလိုက် သည်။ ခဏနေတော့ အမေယူပေးတဲ့ ဘုရားသောက်တော်ရေ သောက်ပြီး မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ဘယ်သူမှ ရှိမနေတော့…။ ကျွန်တော် မျက်နှာသစ် ဘုရားရှိ ခိုးပြီး အိပ်ယာဝင်ခဲ့လေတော့သည်။

(မှတ်ချက်။   ။ မစမ်းသပ်သင့်ပါ…။ ခွေးများကြောင်များအား ချစ်ပြီး တအားနမ်းတတ်သောသူများ သတိထားပါ..။ သင်ကံနိမ့်သော အခါနှင့်ကြုံလျှင် ၄င်းတို့၏ မျက်ချေးသည် ပရလောကကို မြင်နိုင် စွမ်းသည်။ တစ်ခါတစ်ရံ ခွေး၊ကြောင်များ သခင်မှန်းသိပါလျက်နဲ့ သင့်အား ထိုးဟောင်နေခြင်းသည် သင့်ကို ဟောင်ခြင်းမဟုတ်….. သင်မမြင်နိုင်သော ပရလောကသားအား ဟောင်ခြင်း ဖြစ်လေတော့ သည်။)

အောင်ထွန်းဦး

Wednesday, July 24, 2013

ပင်လယ်ရေအောက်က ထူးဆန်းသတ္တ၀ါများ

ပင်လယ်ရေအောက်ကို တစ်ကယ်ရောက်ရှိသွားသလို ခံစားရစေမယ့် ပင်လယ်မျက်နှာပြင်ရဲ့ အောက်မှာ ရှိတဲ့ ထူးဆန်းသတ္တ၀ါပုံလေးတွေ စုစည်းတင်ပေးထားပါတယ်..။ အပျင်းပြေ ကြည့်လိုက်ပါအုံး…

Fanfin Seadevil
Angler
Coffinfish

ကမ္ဘာပေါ်မှာ တွေ့ရှိခဲ့ရတဲ့ ဂြိုလ်သားများ

ဂြိုလ်သားတွေ ဒီကမ္ဘာပေါ်မှာ တစ်ကယ်ရှိသလားဆိုတာ ယခုအချိန်အထိ လူ့အဖွဲ့အစည်းထဲမှာ အငြင်းပွားဖွယ်ရာ အဖြစ် ရှိနေဆဲပါ..။ ကျွန်တော်ကတော့ ဒီစိတ်ဝင်စားစရာကောင်းတဲ့ ဂြိုလ်သားတွေရဲ့ ဓါတ်ပုံ (၃၀) လောက်ကို တွေ့ထားပါတယ်..။ စိတ်ပါဝင်စားသူများ ကြည့်ရှု့နိုင်ပါတယ်…။ အတုလား အစစ်လားဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပါလို့တော့ ပြောချင်ပါတယ်..။

You Decide
1
2
3
4

အမေ - ၃


ကျွန်တော်တို့ ရပ်ကွက်ထဲတွင် လကုန်ရက်များတိုင်း တစ်စုံတစ်ခုကို စောင့်မျှော်နေတတ်သော အဒေါ်ကြီး တစ်ယောက်ရှိလေသည်…………….။

အဒေါ်ကြီးမှာ ယောက်ျားဖြစ်သူဆုံးပါးသွားပြီး နောက်ပိုင်း သားသမီး (၃) ယောက်တို့ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ပြီး ပညာသင်ပေးခဲ့သည်။ အဒေါ်ကြီးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲတွင် စံပြ မိသားစုဖြစ်ခဲ့ပြီး အားလုံးက လေးစားခဲ့ကြသည်။ ယခုဆိုလျှင် အကြီးဆုံးသားဖြစ်သူမှာ ဘွဲ့ရပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေပြီဖြစ်ပြီး မိသားစုကို ပြန်လည် ထောက်ပံ့ပေးလျက်ရှိသည်။ အရင်က ဈေးတောင်း ခေါင်းရွက်ပြီး တစ်ရပ်ကွက်လုံး ဟင်းသီးဟင်းရွက် လှည့်ရောင်းခဲ့သော အဒေါ်ကြီးမှာလည်း ဇရာကြောင့် ယခုအခါ အရင်လို မလုပ်နိုင်တော့….၊ကျွန်တော် တစ်ခုသတိထားမိသည်မှာ ဒီအဒေါ်ကြီးသည် လကုန်ရက်ပိုင်းများတွင် ညနေတိုင်း အိမ်ရှေ့သို့ ထွက်ပြီး တစ်စုံတစ်ခု ကိုစောင့်မျှော်နေတတ်သည်။
ကျွန်တော်နဲ့ အတော်အတန် ခင်မင်ရင်းနှီးမှုရှိတာကြောင့် တစ်နေ့ စကားကြုံတာနဲ့ ကျွန်တော် ဒီအကြောင်း ကိုမေးကြည့်မိသည်။

"အဒေါ့် သားဆီက စာကိုမျှော်နေတာပါ...သားက ပုံမှန် တစ်လတစ်ခါ လကုန်တိုင်း စာနဲ့အတူ ပိုက်ဆံထည့်ပြီး ပို့ပေးနေကျလေ."

ကျွန်တော်ပြန်ရရှိလိုက်သည့် အဖြေက ရိုးရိုးလေးပင်ဖြစ်သည်။ ကျွန်တော် မအံ့သြမိ…။ စားဝတ်နေရေးနှင့် ကျန်တဲ့သားသမီး နှစ်ယောက်ကျောင်းစရိတ်အတွက် အဒေါ်ကြီး လစဉ်တိုင်း မျှော်လင့်သင့်သည်ပဲလေ…။
စာပို့သမားရောက်လာတဲ့အခါ ပျော်ရွှင်စွာ ပြေးထွက်သွားပြီး သူ့သားရေးပေးလိုက်သော စာကို သူ့သားသမီးတွေနဲ့အတူ အရသာခံပြီး ဖတ်လေ့ရှိသည်။ အဲ့ဒီညနေတွင်လည်း တစ်ရပ်ကွက်လုံးကို သူ့သား စာထဲတွင် ဘာတွေ ထည့်ရေးလိုက်ကြောင်းကိုလည်း ပျော်ရွှင်စွာ လှည့်လည် ကြွားလေ့ရှိလေတော့သည်။

ခုတစ်လော အဒေါ်ကြီးကို ကြည့်ရတာ မျက်နှာသိပ်မကောင်း…။ လကုန်ရက်တိုင်း စာပို့သမားကို စောင့်နေမြဲ စောင့်နေသော်လည်း စာပို့သမားမှာ ရောက်မလာခဲ့..။ စောင့်ရတဲ့ လတွေ များနေပေမယ့်လည်း သေချာနေတာ တစ်ခုကတော့ အဒေါ်ကြီးသည် လကုန်ရက် ညနေပိုင်းများတွင် အိမ်ရှေ့မှာ ထွက်ထိုင်ပြီး စာပို့သမားကို စောင့်မျှော်နေတာပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲတွင် လကုန်ရက်များတွင် အိမ်အလည်လာမည့် ဧည်သည့်တစ်ယောက် လျော့ပါးသွားခဲ့တာ ကြာပြီဖြစ်သည်။

 တစ်ရက်… အရင်ကထက် များစွာ ပိုမို အိုမင်းနေသယောင် ရှိသော အဒေါ်ကြီးကို တစ်ရက် အိမ်ရှေ့မှာ ထွက်စောင့် နေတာ ကျွန်တော် တွေ့လိုက်ရသည်။ ဟုတ်သည်ပဲလေ..။ ခုရက်ပိုင်း က လကုန်ရက်ဖြစ်နေသည်ကိုး..။

"သားဆီက စာမလာဘူးလား အဒေါ်…."

ဝမ်းနည်းသွားသယောင် ရှိသွားသော အဒေါ်ကြီး မျက်နှာကိုကြည့်ပြီး မေးမိသော ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

"အေးကွယ်.. စာမလာတာ ငါးလလောက်ရှိပြီ…."

ကျွန်တော် တစ်ကယ်ဝမ်းနည်းသွားသည်။ ဒါဆို ဒီငါးလအတွင်း ဒီမိသားစုတစ်ခုလည်း ကို အဒေါ်ကြီး ဘယ်လို ရှာဖွေ ကျွေးမွေးနေ သနည်း..။ မေးခွန်းများစွာက ကျွန်တော့် ခေါင်းထဲကို တိုးဝင်လာသည်။
"ကျွန်တော့်ကို အားမနာပါနဲ့နော်… လိုအပ်တာရှိရင်ပြောပါ..အဒေါ်.." ကျွန်တော် တစ်ကယ့်ကို ကူညီလိုစိတ်ရင်း အပြည့်နဲ့ မေးလိုက်မိသည်။

"မလိုပါဘူးကွယ်… ကျေးဇူးတင်ပါတယ်….. အဒေါ့်သားက တစ်နှစ်စာအတွက် ပိုက်ဆံပို့ထားပေးပါတယ်.."

"ဗျာ..ဒါဆို…."

"ဟုတ်တယ်… လစဉ်ပို့ရင် ရှုပ်လို့ဆိုပြီး သားက တစ်နှစ်စာအတွက် ပိုက်ဆံပို့ပေးထားတယ်.."

ပြောရင်း အဒေါ်ကြီး အသံတိမ်ဝင်သွားတာကို သတိထားမိလိုက်သည်။ မျက်ဝန်းမှ မျက်ရည်တွေ စို့လာသည်ထင့်..။ ကျွန်တော့်ကို မျက်နှာလွှဲပြီး…

"တစ်ကယ်တော့ ..အဒေါ်.. သားဆီက လစဉ်လာတဲ့ ပိုက်ဆံကိုပဲ ပိုမက်မောတယ်….သူ့ကိုလည်း အရင်လို လစဉ် ပို့ပေးဖို့ အဒေါ် ပြန်ပြောထားတယ်…."

"နောက်လကျရင် သူလွှဲပေးထားတဲ့ ပိုက်ဆံအားလုံးကို အဒေါ် ပြန်လွှဲပေးလိုက်တော့မယ်…"

အဒေါ်ကြီး မျက်ရည်တွေ သုတ်နေတာကို ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော် ပြန်ပြောစရာ စကားမဲ့နေသည်။ ကျွန်တော် သိလိုက်ပါပြီ..။ အဒေါ်ကြီးသည် ကျွန်တော် ထင်သလို သားဆီက  ပိုက်ဆံတစ်ခုတည်းကို စောင့်မျှော်နေတတ်သော အမေ မဟုတ်ပါလား…။

အမေတို့သည် ကျွန်တော်တို့ မသိသော စွမ်းအားများကိုပိုင်ဆိုင်ထားကြသည်။ ထိုစွမ်းအားများသည် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်စွမ်းအားနှင့်မျှ နှိုင်းယှဉ်လို့မရ…။ ထိုစွမ်းအားများသည် အခြေအနေ လိုအပ်ချက်ရှိမှသာ ထွက်ပေါ်လာတတ်သည်။ သားသမီးကို ချစ်သော အမေတစ်ယောက်၏ အချစ်သည် ကမ္ဘာပေါ်မှာ ရှိသမျှသော အဖိုးအနဂ္ဂတို့တက် သာလွန်မည်ဆိုပါက ကျွန်တော် လွန်မည်မထင်ပေ…။

အမေတွေကို ချစ်တတ်ကြပါစေ…..။


အောင်ထွန်းဦး

Tuesday, July 23, 2013

ဘုရားဆင်းတုတော်ထုလုပ်ရာမှာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ်ဦးနှောက်တော် ပုံသဏ္ဌာန် တည်ရှိနေကြောင်းဖူးမြော်တွေ့ရှိရ


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အောက်ခြေအနီးရှိ သစ္စဝေဒဂူ (မိုးကုတ်ဝိပဿနာကျောင်းတိုက်) တွင်ပူဇော်ထားရှိရန်အတွက် ကုက္ကိုသားဖြင့် ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ဆင်းတုတော်ကြီးတစ်ဆူထုလုပ်ရာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော် ပုံသဏ္ဌာန် ၊ ၀မ်းဗိုက်တော်အတွင်း ၌ အူးများယှက်လိမ်နေပုံ ပုံသဏ္ဌာန် ၊ ခြေဖ၀ါးတော်တွင် သွေးကြောများယှက်ဖြာနေပုံ သဏ္ဌာန် ထူးဆန်းအံ့သြဖွယ်ဖူးတွေ့ရပါသည်။

ဆင်းတုတော်ကြီးကိုထုလုပ်သည့် ကုက္ကိုပင်ကြီးမှာ ပြီးခဲ့သည့်မေလ ၄ရက်နေ့က မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်စဉ် ပြိုလဲခဲ့သော မန္တလေး ၃၅လမ်း ၈၅ လမ်း ယွန်းဝင်းဓမ္မာရုံ အနီးမှ သက်တမ်းရင့် ကုက္ကိုပင်ကြီး တစ်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

"ကုက္ကိုပင်က ပေ၇၀လောက်ရှိတော့ အကောင်းဆုံးနေရာ ပင်စည်ပေ ၂၀လောက်ကို အဖြတ်မှာ အပင်ကြီးရဲ့သစ်ခေါင်းတစ်လျှောက်သစ်မြစ်တွေလိမ်ယှက်နေတာကိုတွေ့ရတယ်... ဆင်းတုတော်ကြီးကိုထုလုပ်ရင်းကနေ ဦးခေါင်းတော်အရောက်မှာ အတွင်းမှာ သစ်မြစ်တွေက ဦးနှောက်လိုထုံးဖွဲ့နေတာကို ထူးဆန်းစွားတွေ့မြင်ရတော့တာဘဲ... ၀မ်းဗိုက်တော်မှာလဲ အူတွေလိုလိမ်ဖွဲ့နေတယ်... ခြေဖ၀ါးတော်မှာလဲ သွေးကြောတွေလိုဖြာထွက်နေပါတယ်... ကျွန်တော်တို့ ပန်းပုထုတဲ့သက်တမ်းတစ်လျှောက်မှာဒီလို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူး"လို့ ပန်းပုဆရာ ဦးထွန်းလင်းက ပြောသည်... 

ဝါဆိုလပြည့်နေ့တွင် အားလုံးဖူးမြော်ကြည်ညိုနိုင်ရန် အတွက်မျှဝေပေးလိုက်ပါသည်။

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

သတင်းချစ်သူ - ဝေဟင်

အောင်ထွန်းဦး

မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို SMS စနစ်ဖြင့် လျှောက်ထားပါက ချက်ချင်းအသုံးပြုနိုင်


ယခင်က မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက် လျှောက်ထားရသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏ မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် SMS စနစ်ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တစ်ရက်နှင့်အထက် ကြာမြင့်သည့်အထိ အင်တာနက်စနစ် အသုံးပြုနိုင်ရန် ယခင်က စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ၌ SMS စနစ်ဖြင့် လျှောက်ထားပါက "You have ordered data service successfully" ဟု SMS ပြန်စာ ရောက်ရှိလာသည့်နောက်ပိုင်း ချက်ချင်းအသုံးပြုနိုင်သည်ဟု သိရသည်။ အထက်ပါ SMS စနစ်အတိုင်း မိမိမိုဘိုင်းဖုန်းသို့ ပြန်လည်ရောက်ရှိလာပါက မိုဘိုင်းဖုန်းကို Restart ပြုလုပ်ပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။

SMS ဖြင့် မိုဘိုင်းအင်တာနက်စနစ်ကို လျှောက်ထားလိုပါက 1331 သို့ "Order data Service" ဟူ ၍ ပေးပို့ရမည်ဟု သိရသည်။ SMS ပေးပို့သည့် မိုဘိုင်းဖုန်းအတွင်း၌ လက်ကျန်ငွေသည် ငွေကျပ် တစ်သောင်းပြည့်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းအင်တာနက်စနစ်အတွက် ကျသင့်ငွေ တစ်သောင်းကျပ်ကို အဆိုပါလက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆိုပါကဲ့သို့ အင်တာနက်စနစ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဘီလ်စနစ်ကို မိုဘိုင်းဖုန်းငွေလက်ကျန်အတွင်းမှ တစ်မိနစ်လျှင် ၂ ကျပ် (GSM) ၊ ၄ ကျပ်(WCDMA) ဟူ၍ ယခင်အတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမည်ဖြစ်သည်။ CDMA မိုဘိုင်းဖုန်းလိုင်းများအတွက် အင်တာနက်စနစ် လျှောက်ထားခြင်းကိုမူ ယခင်အတိုင်း ဆက်သွယ်ရေးရုံးများသို့ သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

Copy : Internet Journal


အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ