မိသားစုဘဝ
“သားကြီး…၊ အဖေ့ကို အရက် တစ်ပုလင်းလောက် သွားဝယ် ပေးစမ်း…”
နံနက်မှ မိုးမလင်းသေး...၊ အိပ်ယာထဲမှ အဖေ့အသံကို စိတ်မချမ်းမြေ့စွာ ကြားလိုက် ရသည်...။ အဖေက ရောဂါသည်…၊ အိပ်ယာထဲမှာ လဲနေတာ ၄ လခန့်ရှိပြီ ဖြစ်သည်..။ ရောဂါသည် ဆိုတာထက် အရက်စွဲ နေတာ ဆို ပိုမှန်လိမ့်မည်..၊ ဒီစကားသည် နံနက်တိုင်း မိမိကို အဖေ ခိုင်းလေ့ရှိသည့် စကားလည်း ဖြစ်သည်။
“ဟုတ်ကဲ့ အဖေ..”
ပြောပြီးတာနဲ့ ပိုက်ဆံထုတ်ရန် စုဗူးကို ဖွင့်လိုက်သည်။ စုဗူးထဲတွင်လည်း ပိုက်ဆံက သုံးထောင်မျှသာ ကျန်တော့သည်..၊ ဒီပုံစံတိုင်းဆို မိမိတို့ မိသားစု ဘယ်လိုရှေ့ဆက် ခရီးဆက်ရမည်နည်း….၊ ဘေးနားမှာ အိပ်ပျော်နေသော ညီလေးနဲ့ ညီမလေးတို့ကို ကြည့်လိုက်မိသည်..။ သြော်… အပူအပင်ကင်းစွာ အိပ်မောကျ နေလိုက်ကြတာ.....။ ဒီပိုက်ဆံသုံးထောင်နဲ့ဆို ဒီမိသားစုအတွက် အလွန်ဆုံး ၂ရက်စာသာ လုံလောက်တော့ မည်…. အဖေ့အတွက် အရက်ဖိုး..၊ အိမ်အတွက် စားစရိတ်... ဒါတွေကို စဉ်းစားလိုက်သည်နဲ့ အသက်ရှု မရတော့လောက်အောင် မွန်းကျပ်လာသည်…။ ဒီတစ်ရက် နှစ်ရက်အတွင်း အလုပ်တစ်ခုခုလုပ်ပြီး ပိုက်ဆံရအောင် ရှာမှ ဖြစ်တော့မည်…..
အရက်ဝယ်ဖို့ ထွက်လာရင်း မိမိဘ၀ကို ပြန်တွေးကြည့်မိသည်..။ တစ်ကယ်တော့ အဖေသည် ယခင်က အရက်သမား လုံးလုံးမဟုတ်ခဲ့..၊ တစ်စ နှစ်စသာ သောက်သူဖြစ်သည်..။ အမေဆုံးပါးပြီးနောက်ပိုင်းမှ အရက်ကို စွဲစွဲမြဲမြဲသောက်ပြီး အရက်သမားလုံးလုံးကြီးဖြစ်လာခဲ့သူဖြစ်သည်။ ယခင်က မိမိတို့၏ မိသားစုအခြေအနေမှာလည်း ချမ်းသာသောမိသားစုထဲတွင် မပါသောလည်း အတော်အတင့်ဖြင့် ချောင်လည်ခဲ့သည်။ အမေဆုံးပြီးနောက်ပိုင်း အဖေ အရက်သမား လုံးလုံးကြီးဖြစ်သွားရာမှ ရှိသမျှကို ရောင်းချ ပေါင်နှံပြီး ၀မ်းရေးအတွက် ဖြေရှင်းခဲ့ရသည်။ အဖေကလည်း အရင်လို ဘာစီးပွားရေးမလုပ်ပဲ အရက်ပဲ ဖိသောက်နေတော့သည်…။ ဒီလိုနေလာခဲ့တာ မနက်ဖြန်..သဘက်ခါဆို… တစ်မိသားစုလည်း စားစရာ တစ်ခုမှ ရှိတော့မည်မဟုတ်…။ မိမိအတွက် အကြောင်းမဟုတ်သော်လည်း ..အဖေ.. ညီနှင့် ညီမလေးအတွက်တော့ စိုးရိမ်မိသည်… ကျောင်းဆက်မတက်တော့ဘဲ .. ပိုက်ဆံရဖို့ အလုပ်တစ်ခုခု လုပ်ဖို့သာ စိတ်ကူးလိုက်တော့သည်…။
“ဒီမှာ အရက်ထားခဲ့ပြီ်.အဖေ… ဖြည်းဖြည်းလဲ သောက်အုံးနော်..၊ လိုတာရှိရင်…. အငယ်ကောင်နဲ့ မီးမီးရှိတယ်…၊ အော်ခေါ်လိုက်နော် အဖေ… ကျွန်တော် အပြင်သွားလိုက်အုံးမယ်..”
အဖေ့ကိုမှာစရာရှိတာ မှာပြီးတာနဲ့…၊ ကျောင်းလွယ်အိတ်ထဲမှ ကျောင်းစာအုပ်တွေကို ထုတ်ပြီး ကုတင်အောက် ထည့်ထားလိုက်သည်..၊ ရှေ့လျှောက် ဒီစာအုပ်တွေနဲ့ မိမိနဲ့ လားလားမျှ သက်ဆိုင်တော့မည် မဟုတ်... လွယ်အိတ်ကိုလွယ်.. ပုဆိုးကို ပြင်ဝတ်ပြီး … ဘ၀အတွက် တိုင်ပွဲဝင်ရန်.. အားအင်အပြည့်နှင့် အိမ်က ထွက်ခဲ့တော့သည်…။
ထွက်သာထွက်လာခဲ့ရသည်..၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ…၊ ဘယ်မှာ အလုပ်သွားရှာလို့ ရှာရမှန်းမသိ ဖြစ်နေသည်..၊ လတ်တစ်လော ပိုက်ဆံရဖို့က မဖြစ်မနေ အရေးကြီးနေသည်..၊ပြောမယ့်သာပြောရသည်…၊ မိမိ၏ ၁၂ နှစ်ဟူသော အသက်အရွယ်နှင့် မည်သူကမှ အလုပ်ခိုင်း ချင်မည်မဟုတ်..၊ မိမိအနေဖြင့်လည်း အရင်က ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဖူးပဲ ဘောကြော့နေထိုင်လာသူဖြစ်သည်..။ မတတ်နိုင်… ထိုင်နေတာထက်စာလျှင် ထသွားတာ ပိုအကျိုးရှိနိုင်သည်…။
Supermarket တစ်ခုထဲဝင်မိလိုက်သည်..၊ လူတွေ ဟိုမှဒီ မျက်စိနှောက်အောင် လှုပ်ရှားသွားလာနေတာ ကိုတွေ့လိုက်ရသည်.. သြော်..သူတို့များကြတော့ ကံကောင်းလိုက်တာ.. အပူအပင်မရှိ…၊ ပျော်စရာကောင်းလိုက်တာ…၊ မိသားစုလိုက်ဈေးဝယ်လာသူတွေမြင်တော့ မိမိ၏ မိသားစု ဈေးဝယ်ထွက်ကြပုံကို စိတ်ကူးထဲတွင် မြင်ယောင်ကြည့်မိသည်..၊ ဘယ်လောက်များပျော်စရာကောင်း လိုက်မလဲ… ညီလေးက အရုပ်တွေဝယ်နေမယ်..၊ ညီမလေးက သူကြိုက်တဲ့ ဖိနပ်တွေ ကြည့်နေမယ်.. အဖေနဲ့ အမေက နောက်က တပြုံးပြုံးနဲ့ကြည့်ပြီး လိုချင်တာ လိုက်ဝယ်ပေးနေမယ်… ဘယ်လောက်များပျော်စရာ ကောင်းလိုက်မလဲ…. သို့ပေမယ့်… ဒီလိုအခြေအနေမျိုး ဒီတစ်သက်တော့ မဖြစ်နိုင်တော့.. နောင်ဘ၀အတွက်သာ ဆုတောင်းရတော့မည်… တစ်ယောက်တည်းတွေးပြီး ပြုံးလိုက်မိသည်….
ဆိုင်ခန်းများကို လျှောက်ကြည့်ရင်း..ဆိုင်တစ်ဆိုင်ရောက်တော့.. အင်္ကျီတစ်ထည်တွေ့လိုက်ရသည်..၊ ဒီအင်္ကျီမျိုးကို သိပ်ကြိုက်ကြောင်း အဖေ့ကျွန်တော့်ကိုပြောဘူးသည်..၊ ကျွန်တော် ဒီအင်္ကျီကို အဖေ့အတွက်ဝယ်ချင်သည်..၊ တွေ့ပြန်ပါပြီ…ဖိနပ်လေးနဲ့ စက်ရုပ်လေး…၊ ဖိနပ်က ညီမလေးနဲ့ဆို အရမ်းလိုက်မှာ… အင်္ကျီသစ်ဝတ်ပြီး ခန့်ညားချောမောလှသော အဖေ… ဖိနပ်စီးပြီး ပျော်ရွင်နေသော မီးမီးနှင့် စက်ရုပ်ကို မောင်းဆော့နေသော အငယ်ကောင်ကို မျက်စိထဲမြင်ယောင်လာသည်..၊ ခက်သည်က ပိုက်ဆံ..၊ ဒါတွေ ၀ယ်ဖို့နေနေသာသာ..၊ နက်ဖြန်..၊ သဘက်ခါဆို စားစရာမရှိ..၊ ကျွန်တော် တစ်ချက်ပြုံးလိုက်သည်..၊ မိုက်မဲသော အလုပ်တစ်ခုကို လုပ်ရန် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်..
ဆိုင်ရှင်က မိမိကလေးဆိုတော့ သိပ်ဂရုမစိုက်..၊ တစ်ချက်ကြည့်ပြီးသည်နဲ့ အခြားဘက်လှည့်ပြီး.. အလုပ်ရှုပ်နေတော့သည်..၊ အင်္ကျီနားသို့ မသိမသာ ကျွန်တော်ကပ်သွားလိုက်သည်..၊ ဆတ်ခနဲ ဆွဲယူပြီး လွယ်အိတ်ထဲ မြန်မြန်ထိုးထည့်လိုက်သည်… ပြီးတော့ ဖိနပ်…ကံကောင်းသည်.. ဆိုင်ရှင်သတိမထားမိသေး..၊ နောက်ဆုံး စက်ရုပ်…စက်ရုပ်ကိုယူပြီး အိတ်ထဲထည့်နေချိန်မှာ... ဆိုင်ရှင်မြင်သွားသည်..
“ဟဲ့ ကလေး..ဒါဘာလုပ်တာလဲဟင်…နင်ဒါဘာလုပ်တာလဲ..”
သူများ ပစ္စည်းမခိုးဘူးပေမယ့် ပြေးရမှန်းတော့ ကျွန်တော်သိသည်..။ စက်ရုပ်ကို လွယ်အိတ်ထဲထည့်..၊ ဖိနပ်ကိုချွတ်..၊ လက်မှကိုင်ပြီး..တစ်ချိုးတည်း..ကျွန်တော်ပြေးတော့သည်..။ နောက်က ဆိုင်ပိုင်ရှင်နှင့် လူအများ လိုက်လာကြသည်..။
“ဟဲ့ကလေး…ရပ်စမ်း..၊ ရပ်လို့ ပြောနေတယ်လေ…”၊
ကျွန်တော်မရပ်..၊ ကျွန်တော် အိမ်သို့ မြန်မြန်ရောက်ချင်နေပြီ..၊ အိမ်မှာ အဖေ၊ အမေနှင့် ညီမလေးတို့ကို ကျွန်တော်သူတို့အတွက် ဘာတွေ ပါလာသလဲဆိုတာ ပြချင်နေပြီ..၊ ပြေးသည်..၊ ကျွန်တော်ပြေးသည်…၊ ဆက်ပြေးသည်…။
“ဟဲ့ကလေး… ကား…ကားလာနေတယ်လေ…. “
“ ဒုန်း”
“ဒီကောင်လေးပေါ့....ဆိုင်က ပစ္စည်းတွေယူပြီးတန်းပြေးတာ….၊ အသက်မှ ရှိသေးရဲ့လား မသိဘူး..”
ဒါကျွန်တော်ကြားလိုက်ရသော နောက်ဆုံး အသံဖြစ်သည်…။ကျွန်တော်ကတော့ ..ပြေးနေတုန်းပါပဲ…၊ ဒါပေမယ့် အရင်လို မမြန်တော့..၊ အတောလည်း မောလာသည်..၊ ပတ်ဝန်းကျင်ကလည်း တစ်ဖြည်းဖြည်း မှောင်လာသလိုခံစားလာရသည်..၊ ဟုတ်သည်..၊ တော့တော့ကို မှောင်လာသည်..၊
အမှောင်ထဲမှ… ရုတ်တရက် အမေ့ကို တွေ့လိုက်ရသည်..၊ အမေက ကျွန်တော့်ကို လက်ကမ်းပြီးခေါ်နေသည်..၊ မလိုက်ပါရစေနဲ့အမေ..၊ သား..အဖေနဲ့ ညီလေး.. ညီမလေးတို့အဖို့ လက်ဆောင်တွေ ယူလာတယ်..၊ သားသွားပေးလိုက်အုံးမယ်…၊ ပြီးတော့ သားအလုပ်လုပ်ရအုံးမှာ အမေရဲ့..၊ အဖေ့နဲ့ ညီလေး..၊ ညီမလေးတို့ကို သားလုပ်ကျွေးရအုံးမှာ..၊ သားကို မခေါ်ပါနဲ့နော်..၊ သားကို အခု မခေါ်ပါနဲ့အုံး….. အိမ်မှာ အဖေနဲ့ ညီလေးရယ် ညီမလေးက သားကို မျှော်နေမှာ…. သားကို အခု ခေါ်မသွားပါနဲ့…..
ခေါ်မသွားနဲ့…..
ခေါ်မသွားပါနဲ့နော်… အမေ…
အင်္ကျီတစ်ထည်..၊ ဖိနပ်တစ်ရံနှင့် စက်ရုပ်လေးတစ်ရုပ်ကတော့ သွေးများစွန်းပေးကာ မြေပေါ်တွင် ပြန့်ကျဲလျက်…..
No comments:
Post a Comment