Pages

Tuesday, July 31, 2012

သူငယ်ချင်းဖြူလေး



ကျွန်တော်တို့အိမ်တွင် ၀က်မွေးဖူးပါသည် ……..။ အမေက အိမ်အတွက် တစ်ဖက်တစ်လမ်း ၀င်ငွေရအောင် ကျွန်တော် အသက် (၆) နှစ်သား အရွယ်လောက်မှာ ၀က်ပေါက်လေး တစ်ကောင် ၀ယ်လာခဲ့ပါသည်။
ထိုအချိန်တွင် ကျွန်တော်တို့ မိသားစုကလည်း နေရာအသစ်တစ်ခုသို့ ရွှေ့ပြောင်းခါစ ဖြစ်သောကြောင့် ကျွန်တော့်မှာ အဖော် မရှိသေးပဲ အမေ၀ယ်ခဲ့သော ထိုဝက်ကလေးသာ ကျွန်တော် အဖော်ပြုပြီး ကစားဖော် ကစားဖက် ဖြစ်ခဲ့ရပါသည်။ ကျွန်တော် ထိုဝက်ကလေးကို ဖြူလေးဟု နာမည် ပေးခဲ့ပါသည်။
ကျွန်တော် ထိုဝက်ကလေးကို အစားအသောက်ကျွေးမွေးခြင်း ကိစ္စကို တာဝန်ယူခဲ့ရပါသည်။ ညနေတိုင်း အခြားအိမ်များတွင် ၀က်စာယူပြီး ပဲဖတ်တို့နှင့် ၀က်စာ ပြင်ဆင်နေချိန်တွင် ဖြူလေးမှာ ၀က်ခြံထဲတွင် ခုန်ပေါက် ပြီး ပျော်မြူးနေတတ်သည်။

ဖြူလေးမှာ အတော်အတန် လိမ္မာပြီး သိတတ်သည့်ဝက်ဟု ပြောရမည်။ ကျွန်တော် မြင်ဖူးသမျှကတော့ ၀က်တွေသည် သူတို့ စားချိန်ရောက်လို့မှ လာမကျွေးလျှင် အော်ပြီး ဆူညံနေတတ်သည်။ ဖြူလေးကတော့ ဒီလိုမဟုတ်။ သူ့ကို လာမကျွေးလျှင် အော်ဟစ် ဆူညံခြင်းမပြု။ ၀က်ခြံထောင့်တွင် သွားပြီး အိပ်နေတတ်သည်။ လူမြင်တော့ ချက်ခြင်းထလာပြီး သူ့ကိုသတိပြုမိအောင် အမူအရာ တစ်ခုခု လုပ်ပြတတ်သည်။


ဖြူလေးမှာ ငယ်ငယ်ကတည်းက တောက်လျှောက် သူနဲ့ ကစားဖော်ကစားဖက် ဖြစ်လာသော ကျွန်တော့်ကို အတော် သံဃောဇဉ် ကြီးသည်။ ညနေတိုင်း ၀က်စာကို ကျွန်တော်မှ ကျွေးလေ့ ရှိ သောကြောင့် တစ်ခါတစ်ရံ ကျွန်တော်မကျွေးဖြစ်လျှင် လုံးဝမစား။ ၀က်ခြံထောင့်တွင်သာ အိပ်နေတတ်သည်။ ကျွန်တော် ရောက်လာမှသာ အမေက ဖြူလေးအစာမစားကြောင်း၊ ကျွန်တော့်ကို စောင့်နေကြောင်းနှင့် အစာ သွားကျွေးရန်ပြောပါသည်။ ကျွန်တော် ရောက်သွားတော့ ဖြူလေး ၀က်ခြံထောင့်မှ ပြေးလွှား ထလာပြီး အော်ဟစ် နေတော့သည်။ ထို့နောက် ကျွန်တော်ချကျွေးသော ၀က်စာတို့ကို အားရပါးရ စားသောက်ပါတော့ သည်။


ကျွန်တော်လည်း ဖြူလေးကို အတော် သံဃောဇဉ်ရှိပါသည်။ ဖြူလေး ဘာအလိုမကျ ဖြစ်နေလဲ ဆိုတာ ကျွန်တော် ကြည့်ရုံနှင့်သိသည်။ ထိုစဉ်ကတည်းက ကျွန်တော်နှင့် ဖြူလေးကြားမှာ ရှိသော သံဃောဇဉ်သည် အတော်အတန်ကြီးမားကြောင်း အမေတို့မှ သဘောပေါက်ခဲ့ကြသည်။ ကျွန်တော်လည်း တတ်နိုင်သမျှ ဖြူလေး ညနေစာကျွေးချိန် ကျွန်တော် ကိုယ်တိုင် ကျွေးနိုင်ရန် ကြိုးစားခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်တော် မကျွေးနိုင်ပါက ဖြူလေးမှာ လုံးဝ မစားပဲ နံနက်ကျမှ စားသည်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါသည်။


လူတို့၏ ဒဏ်ကို အိမ်မွေး တိရစ္ဆာန် များက ပေးခံရသည်ကိုလည်းကြာဖူးပါသည်။ ဥပမာ - ကြောင်တို့သည် အိမ်တစ်အိမ်တွင် လူတစ်ဦး နာမကျန်းဖြစ်ခြင်း၊ နာရေးကိစ္စရှိခြင်း စသည်တို့ရှိပါက အိမ်တွင် မနေပဲ ထွက်သွားတတ်ကြသည်။ ခွေးတို့မှာ သခင်တို့မှ အိမ်က နှင်ထုတ်ခြင်း မပြုမခြင်း အိမ်တွင်သာ နေတတ် ကြပါသည်။ တစ်ခါက ကျွန်တော် အသည်းအသန် ဖျားပါသည်။ မိုးမိရာမှ ဖျားသော အအေးမိ အဖျားသည် ပေါ့ပေါ့ဆဆ ထားမိပြီး အဆုတ်အအေးပတ်သည် အထိ ပြင်းထန်လာခဲ့ပါသည်။ နောက်ဆုံး ဆေးရုံ တက်ရမည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။


ကျွန်တော် ဆေးရုံစတက်သည်နဲ့ ဖြူလေးမှာ ညနေစာ လုံးဝမစားတော့။ ဘယ်လောက် သူကြိုက်တဲ့ အရာတွေ ဘယ်လောက် ကျွေးကျွေး လုံးဝမစားတော့။ ညနေရောက်တိုင်း ထုံးစံအတိုင်း ၀က်ခြံထောင့်တွင်သာ အိပ်နေတော့ သည်။


ကျွန်တော် ဆေးရုံမှ ပြန်ဆင်းတော့ ဖြူလေး၏ အခြေအနေမှာ အတော်အတန် ဆိုးဝါးနေလေပြီ။ ဆရာဝန် ခေါ်ပြီး ဆေးထိုးခြင်းပြုလုပ်ပြီး၊ ညနေတိုင်း ကျွန်တော် အစာပြန်ကျွေးမှသာလျှင် ပြန်စားသောက်ခဲ့ပြီး အမေက ကျွန်တော်၏ဒဏ်ကို ဖြူလေးမှ ၀င်ခံပေးခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ထိုအချိန်တွင် ကျွန်တော့်တွင် မည်သို့မျှ မဖော်ပြနိုင်သော ခံစားမှုတစ်ခု ကြက်သီးများ ထသည်အထိ ခံစားလိုက်ရပါသည်။ ကျွန်တော် ဖြူလေးကို တော်တော်ချစ်ခဲ့ပါသည်။
ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ကျွန်တော်တို့ မိသားစု အစိုးရ ၀န်ထမ်း ဖြစ်သော အဖေ တာဝန်ကျရာ မြို့သို့ ပြောင်းရွှေ့ရန် အကြောင်းပေါ်လာတော့သည်။ ပြသနာက ဖြူလေး…..။ ဖြူလေးကို ခေါ်သွားလို့ ဘယ်လိုမှမရ။ ရောင်းရန်သာ ရှိတော့သည်။ ကျွန်တော်က ကလေးဆိုတော့ လုံးဝမရောင်းရန်၊ ဖြူလေးကိုသာ အတူခေါ်သွားရန် ပြောသည်။ တစ်ကယ်တမ်းကျတော့ ခေါ်သွားဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်…..၊


ဒီလိုနဲ့ပဲ……………….


အဲဒီနေ့ကို ကျွန်တော် ဘယ်လိုမှ မေ့လို့မရပါ……………….။


ကျွန်တော်တို့ ဖြူလေးကို ရောင်းဖို့ပြောထားတာ ၀က်မွေးမြူရေးခြံကိုပါ။ ဒါပေမယ့် တစ်ကယ်တမ်း ဖြူလေးကို လာခေါ်တာကတော့ တရုတ်လူမျိုးများဖြစ်နေသည်။ သူတို့ မင်္ဂလာဆောင်တွင် ကျွေးမွေး ဧည့်ခံရန်တဲ့…..။ ၀က်မွေးမြူရေးခြံက တစ်ဆင့်ပြန်ရောင်းလိုက်ခြင်းဖြစ်သည်။


ကျွန်တော်တို့ ငြင်းသည်။ မရ…။ ငွေက ယူထားပြီးဖြစ်သည်။ ငွေပြန်ပေးမည် ဆိုတော့လည်း မယူ..။ ဖြူလေးကိုသာ ၀က်ခြံထဲမှ ထုတ်ရန် ပြင်လေတော့သည်။ ကျွန်တော် အော်ငိုပြီး အမေ့ကို ဖြူလေးကို မရောင်း ရန် တောင်းပန်သည်။ အမေကလည်း တရုတ်ကြီးထံ တောက်လျှောက် အသနားခံပြီး လိုက်ပြောသည်။ မရပါ..၊ ဖြူလေးကိုသာ အတင်းကြိုးတွေ တုတ်ပြီး ဆွဲချနေတော့သည်။


ဖြူလေးမှာ သူ့ကို ကြိုးတုတ်ပြီး ဆွဲချသောကြောင့် အံ့သြပြီး ကြောက်လန့်နေပုံရသည်။ ရုန်းကန်ပြီး ၀က်ခြံထဲမှ လုံးဝ မထွက်ရအောင် ကြိုးစားပြီး ကျွန်တော်တို့ မိသားစုကို အားကိုးတကြီး လှမ်းကြည့်နေသည်။ ကျွန်တော်တို့ ဘာမှမတတ်နိုင်တော့ ..။ ဖြူလေးမှာ အရွယ် အစား ကလည်း အတော်ထွားသောကြောင့် တရုတ်များမှာ ပါလာသော လူအင်အားနှင့် မနိုင်သဖြင့် လူများ ထပ်သွားခေါ်လာကြသည်။


နောက်ဆုံး ဖြူလေး အရှုံးပေးရလေပြီ။ ဘယ်လိုမှ မတတ်နိုင်ပဲ.. ၀က်ခြံထဲမှ ကားပေါ်သို့ ဆွဲတင်ခြင်း ခံနေရသည်..။ ဖြူလေးမှာနောက်ဆုံး ရုန်းရင်းကန်ရင်း အားအင်များ ကုန်ခန်းကာ မျက်ရည်များ စီးကျလာသည်။ ဖြူလေးမျက်ရည်ကျသည်ကို ကျွန်တော် လုံးဝမမြင်ဖူးပါ။ ဖြူလေးမျက်ရည်ကျတာ မြင်တော့ ကျွန်တော်လုံးဝ စိတ်မထိန်းနိုင်တော့။ ဖြူလေးကို ပြေးဖက်ပြီး အော်ငိုမိသည်။ ကျွန်တော် ပြေးဖက်ထားတော့ ဖြူလေးမှာ လုံးဝ ရုန်းကန်ခြင်း မပြုတော့…။ အသားများ တဆတ်ဆတ်တုန်ပြီး တအီအီနှင့်သာ အော်လျက်ရှိနေသည်။


တရုတ်များမှာလည်း ၀က်တစ်ကောင်နှင့် ကလေးတစ်ယောက် ယခုကဲ့သို့ ဖြစ်ပျက်ပုံကို မမြင်ဖူးလို့ ထင်သည် ၀ိုင်းကြည့်နေကြသည်။ ကျွန်တော်တို့ မိသားစုမှာလည်း မျက်ရည်စ ကိုယ်စီနဲ့..။ ခဏကြာတော့ အမေက…


"သားရယ်…၊ ဘ၀ဆိုတာ ၀ဋ်ကြွေးတွေ ပါလာပြီးသား၊ သူ့ဝဋ်ကြွေးကို သူဆပ်ရမှာပေါ့..၊ ကံမကုန်ရင်တော့ နောင်ဘ၀တွေမှာ ပြန်ဆုံမှာပါသားရယ်" တဲ့။


ဘာကိုဆိုလိုမှန်း အဲဒီအချိန်က ကျွန်တော်မသိခဲ့ပါ။ ဖြူလေးကိုသာ ဖက်ရင်း ကျွန်တော် ငိုကြွေးခဲ့သည်။ နောက်ဆုံး ဖြူလေးကားပေါ်ကို ပါသွားခဲ့သည်။ လုံးဝ ရုန်းကန်ခြင်း မပြုသွားခဲ့။ ကားထွက်ခါနီး မျက်ရည်စ များနှင့် ကျွန်တော့်ကို ကြည့်သွားအကြည့်ကို ကျွန်တော့် တစ်သက် မေ့နိုင်တော့မည် မဟုတ်ပါ……။


သွားတော့ ဖြူလေးရေ…၊ မင်းဝဋ်ကြွေးတွေ ဒီဘ၀မှာတင် ကုန်ပါစေကွာ……..။


ထိုအချိန်မှစပြီး ကျွန်တော်တို့မိသားစု ဘယ်တော့မှ ၀က်ပြန်မမွေးတော့.. နောက်ဆုံး တစ်မိသားစုလည်း ၀က်သားကိုပင် ရှောင်ကြဉ်ဖြစ်ခဲ့ကြတော့သည်………။

2 comments:

  1. ဖြူလေးကို သတိရသည်။

    ReplyDelete
  2. ဖြူလေးသနားပါတယ်။

    ReplyDelete