"မေမေ… သားခေါင်းက
ဆံပင်တွေ ဘယ်တော့ပြန်ပေါက်လာမှာလဲဟင်…"
ဒီလို မေးလိုက်တိုင်း
သူမမှာ ပြန်ဖြေစရာ အဖြေမရှိခဲ့..။ ဘယ်တော့မှ ဆံပင်ပြန်မပေါက်နိုင်တော့တဲ့ သားလေးရဲ့
ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး..
"နောက်ကျရင်
ပြန်ပေါက်လာမှာပေါ့သားရယ်….."
သားလေး သူမတို့ မိသားစုထဲကို
ရောက်လာတော့ သူမဘ၀အတွက် အရာရာပြည့်စုံသွားခဲ့ပြီ..။ ချစ်တဲ့ ခင်ပွန်းရယ်..၊ သားလေးရယ်က
သူမအတွက် နိဗ္ဗာန်ဘုံဆိုလည်းမမှား…၊ ဒါပေမယ့် ကောင်းတာတွေပဲ အမြဲ မဖြစ်တတ်တဲ့ လောကကြီးရဲ့
ပုံသေနည်းအတိုင်းပင် သားလေးတွင် ကင်ဆာရောဂါဆိုး ၀င်ရောက်ခဲ့ပြီး အခုဆိုရင် ဆရာဝန်က
သားလေးရဲ့ သက်တမ်းကို နောက်ဆုံး ၆ လလို့တောင် သတ်မှတ်ထားနေပြီလေ..။
အတွေးတွေကြောင့် ကျလုဆဲဆဲ
မျက်ရည်တို့ကိုသုတ်ရင်း ကုတင်ပေါ်က သားလေးကို သူမ အားယူပြုံးပြ လိုက်သည်။ သားလေးက ကုတင်ပေါ်မှ
အားယူထိုင်လိုက်ပြီး…
"သားကျောင်းပြန်တက်ချင်တယ်မေမေ…
စာတွေလည်း မမှီမှာစိုးတယ်.. စာမေးပွဲလည်း ဖြေရအုံးမှာလေ…"
"ဖြေရမှာပေါ့သားရယ်…
နောက်တစ်ပတ်ဆို သားက ဆေးရုံက ဆင်းရတော့မှာလေ… "
သူမအသံတွေ တုန်နေမိသည်ထင်သည်။
ချစ်တဲ့ သားလေးနှုတ်ခမ်းပေါ်က အပြုံးလေးတစ်ပွင့်ကို သူမတွေ့လိုက်ရသည်။ သူမ ဒီအခိုက်အတန့်လေးကို
သူမမှာ ရှိသမျှ စည်းစိမ်တွေ အကုန်သုံးပြီး ရပ်တန့် ထားလိုက်ချင်သည်။ စိတ်ထဲမှာတော့
သားလေးအတွက် သူမ မီးပင်လယ်ဝေနေပြီလေ…။
"သားကို ကျောင်းမထားရဘူး..၊
သားက နေကောင်းသေးတာလည်း မဟုတ်ဘူး.. အိမ်မှာပဲ အေးအေးဆေးဆေး နေပြီး သားလေးကို မရ ရအောင်
အကို ကုမယ်…."
"ဒီမယ် အကို…၊
သားလေး လူ့လောကမှာ ဘယ်လောက်ပဲနေရတော့မှာလဲဆိုတာ အကိုလည်း သိတယ်..၊ သားလေးရဲ့ နောက်ဆုံးအချိန်ကို
ပျော်ပျော်ကြီး ဖြတ်သန်းနိုင်အောင် ကျွန်မတို့ ၀ိုင်းကူညီပေးရအောင်ပါ အကို…"
သူ နှုတ်ဆိတ်သွားသည်။
သားလေးကို နောက်ဆုံးအချိန်ထိ မျှော်လင့်နေသည့် ဖခင်တစ်ယောက်ရဲ့ စိတ်ကို သူမသိသည်။ သူဘာမှ
မပြောပဲ သူမဆီလျှောက်လာသည်။ မျက်ရည်စတို့ တွဲခိုနေတဲ့ မျက်ဝန်းအစုံကို သူမ ရဲ့ ရင်ခွင်ထဲတွင်
အပ်ပြီး ကလေးငယ် တစ်ယောက်လို ရှိုက်ကြီး တငင် အော်ငိုချလိုက်သည်။ တော်ရုံ တန်ရုံ ၀မ်းနည်းခဲတဲ့သူ
ငိုမိတာကို သူမ မအံ့သြမိ..။ တစ်ကယ့်ယောက်ျားပီသသူတွေက ငိုတတ်ကြတာပဲလေ…။
ဒီမနက် သားလေး ကျောင်းပြန်တက်ရမှာ
ဖြစ်တာကြောင့် တစ်အိမ်လုံး ဆူညံပြီး ပျော်ရွှင်နေကြသည်။ ကျောင်းဝတ်စုံအပြည့်နဲ့ သားလေးကို
ကြည့်ရတာ မိုးပေါ်မှ နတ်သားလေး တစ်ပါးဆင်းလာသလို ကျက်သရေ ရှိလှသည်။ သူမ သားလေးကို ဦးထုပ်လေး
ဆောင်းပေးလိုက်ပြီး…
"ကျောင်းမှာ
ပျော်ပျော်နေနော် ..သားလေး…"
အချိန်တွေက ကုန်ဆုံးတာ
အရမ်းမြန်တယ်လို့ ထင်မိသည်။ သူမဘ၀တစ်လျှောက်လုံး ဒီအချိန်တွေသည် အမြန်ဆုံး ကုန်ဆုံးနေသည်ဟုလည်း
ထင်မိသည်။ ညနေ မိုးချုပ်မှာကို ကြောက်နေမိသလို နေ့သစ်အဖြစ် နံနက် နေထွက်လာတာကိုလည်း
သူမ ရင်မဆိုင်ဝံ့ခဲ့..။ သားလေးက ကျန်းမာရေးအခြေအနေ ဆိုးဝါး လာတာ ကြောင့် အခု ကျောင်းမတက်တော့ပဲ
အိမ်မှာပဲ နေနေရသည်။ သူမဘ၀အတွက် အဆိုးဆုံးအချိန်ကာလကို ရောက်တော့မယ်ဆိုတာ သူမသိပေမယ့်လည်း
ကြိုတင်ပြင်ဆင်ဖို့ စိတ်မကူးမိသလို တွေးလည်း မတွေး..။ ကုတင်ပေါ်မှာ ရောဂါဒဏ်ရဲ့နှိပ်စက်မှုကြောင့်
လူးလွန့်အော်ဟစ်နေရှာတဲ့ သားလေးကို သူမ မကြည့်ရက်တော့..။
"သူရဲ့နောက်ဆုံး
အချိန်ကို ရောက်နေပါပြီ…၊ ကြိုတင်ပြင်ဆင်ထားပါဗျာ…"
မိသားစုဆရာဝန်တဲ့
စကားက သူမနားထဲကို သံရည်ပူတွေလောင်းထည့်သလို စီးဆင်းလာသည်။ သူမ သားလေးရဲ့လက်ကို နွေးထွေးစွာဆုပ်ကိုင်ထားလိုက်သည်။
သားလေးခံစားနေရတဲ့ ဝေဒနာအားလုံး လက်ကနေ တစ်ဆင့် သူမဆီကို အကုန်ပို့လိုက်ပါဆိုပြီး စိတ်ထဲကနေ
အထပ်ထပ်အခါခါ ဆုတောင်း နေမိပါတယ်…။ ဝေဒနာခံစားနေရတဲ့ သားလေးကို ဘာမှ မလုပ်ပေးနိုင်ပဲ
ဘေးနားကနေ ထိုင်ကြည့် နေရတဲ့ ခံစားမှု အတော့်ကို ဆိုးဝါးလှတယ်လို့ သူမထင်မိသည်။
မှတ်မှတ်ရရ အချိန်က
နံနက် (၉း၁၀) မိနစ် တိတိ…၊ သားလေးရဲ့ ရုန်းကန်နေတဲ့ ခန္ဓာကိုယ်ငြိမ်ကျသွားခဲ့ သည်။ နိမ့်လိုက်မြင့်လိုက်
ဖြစ်သည်အထိ အသက်ရှုရခက်နေသော ရင်အစုံတို့သည်လည်း ငြိမ်သက် သွားခဲ့ ပြီ..၊ သူမဆုပ်ကိုင်ထားသော
သားလေးရဲ့ လက်တွေသည်လည်း ဖြေလျော့သွားခဲ့ပြီ…။ သားလေးရဲ့ ကိုယ်မှ စို့နေတဲ့ ချွေးလေးတွေလည်း
ခြောက်ခန်းသွားခဲ့သလို စီးဆင်းနေတဲ့ သွေးကြောတွေ ရပ်ဆိုင်းသွားမှုကြောင့် နွေးနေတဲ့
ခန္ဓာကိုယ်လည်း အေးစက်သွားခဲ့ရပြီလေ…။
ရက်လည် ဆွမ်းသွပ်
ကိစ္စတွေပြီးတော့ သားလေးရဲ့ အခန်းထဲကို သူမ အလွှမ်းပြေ အမြဲတမ်း ၀င်ကြည့်ဖြစ် သည်။ သားလေးအခန်းကိုလည်း
သားလေးရှိစဉ်က ပုံစံအတိုင်းမပြုပြင်ပဲ ထားခဲ့သည်။ သားလေးရဲ့ ကျောင်း လွယ်အိတ်လေးကို
သူမတွေ့လိုက်သည်။ သားလေး အရမ်းကြိုက်သည့် ပင့်ကူလူသား ရုပ်ပုံနှင့် ကျောပိုးအိတ် ကလေး..၊
သူမ ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ သားလေးရဲ့ ကျောင်းစာအုပ်တွေကို လှန်လှော ကြည့်သည်။
တစ်နေရာအရောက် စာအုပ်ရဲ့ နောက်ကျော တစ်နေရာမှာ ဆွဲထားတဲ့ ပုံတစ်ပုံ ကို တွေ့လိုက်ရသည်။ ဆွဲထားတဲ့ ပုံက
သူမရယ်.. အကိုရယ်..
လက်တွဲနေတဲ့ပုံ… ဘေးနားမှာက အုတ်ဂူလေး တစ်လုံး….စာလေး တစ်ကြောင်း ရေးထားခဲ့သည်။
"ပျော်ရွှင်စွာ
နေခဲ့ပါ ဖေဖေနဲ့ မေမေ…၊ သားကို အရမ်းချစ်မှန်း သိခဲ့ရလို့ သားပျော်ခဲ့ရပါတယ်"
တဲ့
အောက်မှာ ရက်စွဲလည်း ထိုးထား သည်။ လွန်ခဲ့သော ၆ လ က ရက်စွဲ….။ ဟင်….. သားလေး….၊
သူ….သေမယ်ဆိုတာကို ကြိုသိနေခဲ့တာပေါ့…. သူ ဒီအကြောင်းတွေကို ကြိုသိနေခဲ့တာပေါ့….သူမ
အံ့သြတယ်ဆိုတာထက် ပိုမို ခံစားမှု မျိုးဖြစ်ပေါ်နေသည်။ သားလေးက ဒီခြောက်လအတွင်း ပျော်ရွှင်စွာပဲ
အပူအပင်မရှိ နေထိုင်ခဲ့သည်။
သူမ လုံးဝ ထင်မထားမိ..။ သားလေးက သူ့ကိုယ်သူ သေလူတစ်ယောက်ဆိုတာကို
သိနေပြီး ကလေးတစ်ယောက် ဖြစ်ပေမယ့် ကြုံတွေ့ လာတဲ့ လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်သွားခဲ့တာပဲ....
လူလောကမှာ ကျန်ခဲ့တဲ့ သူမတို့ကကော လောကဓံကို သူ့လောက်တောင် ရင်မဆိုင်နိုင်ဘူးလား…။
သူမရင်ထဲ ဘယ်ကမှန်းမသိတဲ့ ခွန်အားတွေ ၀င်ရောက်လာခဲ့သည်။ သူမ တစ်ချက်ပြုံးလိုက်သည်။
အခုဆို သူမမှာ လောကဓံကို ရင်ဆိုင်နိုင်ဖို့ သားလေးက ပေးတဲ့ ခွန်အားတွေ အပြည့်ရှိနေပြီလေ….။
အောင်ထွန်းဦး
No comments:
Post a Comment