ကျွန်တော် ငယ်စဉ်ကတည်းက
စိတ်ဝင်အစားဆုံးအရာက ခေါင်ရမ်းပန်းနဲ့ ကြောင်နက်…။ ငယ်ဘ၀ကတည်း လူကြီးတွေ ပြောတာကြားဖူးတယ်..။
လူသေခေါင်းမှာ ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင်
အဲ့ဒီလူသေဟာ ဖုတ်ဝင်ပြီး သင်းချိုင်းကို တန်းတန်းမတ်မတ် လမ်းလျှောက်သွားတယ်လို့ ကြားဖူးတယ်..။
ရှေးတုန်းက အသုဘချကြရင်လည်း ဒီလိုပဲ ချတတ်ကြသတဲ့..။ နောက်တစ်ခုကတော့ ကြောင်နက်…။ ကြောင်နက်
ဆိုတဲ့ နေရာမှာ ကြောင်က တစ်ကိုယ်လုံး မဲနက်နေရမယ်..။ သူရဲ့ မျက်လုံးအစ..။ တစ်ကိုယ်လုံးမဲနက်နေတဲ့
ကြောင်ကိုတော့ ကျွန်တော် တော်တော် များများ တွေ့ဖူးပါတယ်..။ ဒါပေမယ့် မျက်လုံးပါ မဲနက်နေတဲ့
ကြောင် ကတော့ ကျွန်တော့်တစ်သက် ၂ ခါပဲ မြင်ဖူးသေးတယ်..။ ရှားလဲ တော်တော်ရှားမယ့် အမျိုးပါပဲ..။
ရှေးလူကြီး တွေ ပြောကြတာတော့ တောထဲမှာပဲ နေတတ်ကြတဲ့..။ ထူးခြားတာက အဲ့ဒီလိုမျိုးကြောင်နက်တစ်ကောင်က
လူသေအလောင်းတစ်ခုရဲ့ ဘယ်သူမှ စေခိုင်းချက်ကြောင့် မဟုတ်ပဲ ညာဘက်ကနေ ဘယ်ဘက်ကို ခုန်ကျော်
လိုက်ပြီဆိုရင် အလောင်းကောင်ဟာ ဖုတ်ဝင်ပြီး အသက်ပြန်ရှင်လာတယ်လို့ လဲ ကြားဖူးပါတယ်..။
ဒီနေရာမှာ ပြောချင်တာက ကြောင်ကို အလောင်းကောင်ရဲ့ တစ်ဖက်ကနေ အစာနဲ့မျှားပြီး ခုန်ကျော်အောင်
လုပ်တာမျိုးကို မဆိုလိုပါဘူး..။ ဒီအယူအဆကတော့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့ခဲ့သလို
အချို့ဗွီဒီယိုကားတွေမှာလည်း ဒီဓလေ့ကို ထည့်သွင်းရိုက်ကူးကြတာ မြင်ဖူးကြမှာပါ…။ နိဒါန်းတောင်
တော်တော် ရှည်သွားပြီ..။ ကျွန်တော် ပြောပြချင်တာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ခေါင်ရမ်းပန်း
တစ်ပွင့်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ ဇာတ်လမ်း လေး တစ်ပုဒ်ပါ..။ ကဲ…စပါပြီ…။
ကျွန်တော် သူ့ကို
ဒီအကြောင်းတွေ ပြောပြတော့ သကောင့်သားက ရယ်တယ်ခင်ဗျ..။ ပြီးတော့ သူလက်တွေ့ စမ်းချင်တယ်တဲ့..။
ဒါနဲ့ လာမည့် တနင်္ဂနွေနေ့ အပုပ်ချိန် ညနေ (၅း၀၀) နာရီ သင်းချိုင်းမှာ စမ်းကြမယ်လို့
ကျွန်တော်တို့ တိုင်ပင်ထားလိုက်ကြတယ်..။ သင်းချိုင်းမှာဆိုတော့ ညဘက်တော့ မစမ်းရဲဘူးဗျို့..။
ဒါကြောင့် အပုပ်ချိန်ကို ရွေးလိုက်ရတာ..။ ပြောပြရအုံးမယ်..။ ကျွန်တော်တို့က သရဲအကြောင်းဆို
စိတ်ဝင်စားပြီး သင်းချိုင်းကို ခဏခဏရောက်လွန်းလို့ အဲ့ဒီက သုဘရာဇာနဲ့တောင် မိတ်ဆွေတွေ
ဖြစ်နေကြပြီ..။ အခုကိစ္စမှာ လည်း သူလည်း စိတ်ဝင်စားတာကြောင့် ပါမယ်ပေါ့ဗျာ..။ ပြီးရင်
သူ့ကို ကိစ္စထူးထူး မထူးထူး ထုံးစံအတိုင်း အရက်ဖိုးတော့ ပေးခဲ့ရမှာပေါ့..။
စနေနေ့မှာ ကျွန်တော်
အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခရီးထွက်ခဲ့ရတယ်..။ ရန်ကုန်မှာ နှစ်ပတ်ကြာတယ်..။ ကျွန်တော်ပြန်လာတော့
ဟိုကောင် ဆေးရုံတက်နေရတယ်တဲ့..။ ကျွန်တော် ဆေးရုံကို လိုက်သွားတော့ သက်သာနေတဲ့ သူ့ပုံစံကိုတွေ့လို့
စိတ်သက်သာရာရခဲ့တယ်..။ ဒီကောင်ပြောပြတာက ကျွန်တော် မလာနိုင် မှန်း သိပေမယ့်လည်း စမ်းချင်တဲ့
စိတ်ကို မထိန်းနိုင်တာနဲ့ သူရယ်.. သူငယ်ချင်းတစ်ယောက်ရယ်.. အဲ့ဒီ တနင်္ဂနွေနေ့ ညနေ (၅း၀၀)
နာရီမှာ သင်းချိုင်းကို ဆိုင်ကယ်နဲ့ထွက်ခဲ့ပါသတဲ့..။ လက်ထဲမှာတော့ ခေါင်ရမ်းပွင့် တစ်ပွင့်ကို
ကိုင်လို့ပေါ့လေ..။
သင်းချိုင်းကိုရောက်ရင်ပဲ
သုဘရာဇာဦးလေးက တံခါးလာဖွင့်ပေးတယ်..။ပြီးတော့ ကျွန်တော့်ကိုမေးတယ်တဲ့..။ ဒီကောင်က
ကျွန်တော် ရန်ကုန်သွားနေလို့ မလာနိုင်ဘူးဆိုတော့ သူတို့ကို အတင်းပြန်နှင်ထုတ်တယ်ဆိုပဲ..။
နောက်ဆုံး ဒီကောင်တွေလည်း မရမကပြောပြီး မုန့်ဖိုးပိုပေးပါ့မယ် ဘာညာနဲ့ သဘောတူခဲ့ကြတာပေါ့..။
ဒီလိုနဲ့ ဇရပ်ထဲမှာ ဒီညနေကမှ လာပို့ထားတဲ့ ကလေး အလောင်း တစ်လောင်းရှိတယ်..။ နက်ဖန်ကြမှ
မြေမြှပ်မှာ…။ စမ်းသပ်ချင်ရင် အဲ့ဒီအလောင်းကို စမ်းသပ်လို့ရတယ်ပေါ့…။ အခေါင်းက ကျကျနနကို
လုပ်ထားတာ..။ ကနုတ်ပန်းတွေ ဘာတွေနဲ့…။
သူအခေါင်းကိုဖွင့်လိုက်တယ်..။ ကောင်လေးက ၀မ်းလျှောပြီး
ဆုံးထားတာ ဆိုတော့ ပါးချောင် နားချောင်တွေ ကျနေပြီး အရိုးစုပုံစံဖြစ်နေပေမယ့် ချစ်စရာကောင်းတဲ့
မျက်နှာလေးကတော့ပေါ်လွင်နေတယ်..။ ပြီးတော့ ကောင်လေးရဲ့မျက်နှာမှာ သနပ်ခါးတွေ လိမ်းပေးထားတာလဲဖွေးလို့…။
သူ ကြာကြာမတွေးတောပဲ..
ကောင်လေးရဲ့ ဘယ်ဘက်နားကြားထဲကို ယူလာတဲ့ခေါင်ရမ်းပန်းထိုးပေးလိုက်တယ်..။ ခဏစောင့်ကြည့်တယ်..။
ထူးလာမလားပေါ့…။ ဘာမှ ထူးမလာဘူး..။ ၁၀ မိနစ် ကြာသွားလည်း ထူးမလာဘူး..။ ဒီလိုနဲ့ ဘာမှလည်းမထူးဘူး
ကျွန်တော့်ကို ပြန်ပြောစရာ ရပြီဆိုပြီ ပြန်မယ် အလုပ်မှာ သင်းချိုင်းကုန်း ခြံဝင်း သံတံခါးခေါက်သံကို
ကြားလိုက်တယ်..။ သူရယ်..၊ သူ့သူငယ်ချင်းရယ်..၊ သုဘရာဇာ ဦးလေးရယ်.. ဘယ်သူပါလိမ့်ဆိုပြီး
သွားလိုက်ကြတယ်..။ ကလေးငယ် တစ်ယောက်…။ ရုပ်က မသဲကွဲ…။ သုဘရာဇာ ဦးလေးက..
"ဟေ့ ကလေး..မိုးချုပ်တော့မယ်..
ဒီမှာ… ဘာလုပ်မလို့လဲ…"
"ကျွန်တော့်ကို
ဒီကနေ ခေါ်နေလို့လာတာ.."
"မင်းက ဒီက ဘယ်သူမှမခေါ်ဘူး..။
မှန်းစမ်း..၊ ဘယ်ရပ်ကွက်ထဲကကလေးလည်း..၊ မိုးချုပ်တော့မယ်.. အိမ်ပြန်တော့" ဆိုပြီး
မျက်နှာကို ဓါတ်မီးနဲ့ ထိုးလိုက်တာ…..
လားး လားး… အဲ့ဒီကလေးက… သူတို့ခုနမှ ခေါင်ရမ်းပန်း
ပန်ပေးလိုက်တဲ့ကလေးလေး..။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့…။ ဟုတ်ပါတယ်..။ သေချာကြည့်လိုက်မှ
သူ့ဘယ်ဘက်နားရွက်ထက်မှာ ပန်းကြီးတစ်ပွင့်..။
ဒါသူ နောက်ဆုံးမှတ်မိပြီး
ပြန်သတိရလာတော့ ဆေးရုံရောက်နေတာတဲ့..။ ဟိုတစ်ကောင်ကတော့ သတ္တိရှိပုံ ရတယ်..။ ဆေးရုံတက်ရလောက်အောင်
ဘာမှ မဖြစ်လိုက်ပေမယ့် မန္တလေးမှာပဲနေတော့မယ်ဆိုပြီး ပြောင်းသွားလေရဲ့…။ ကျွန်တော်တော့
ဒီအဖြစ်အပျက်နဲ့ မကြုံလိုက်ရတာ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ပါဘူးဗျာ…။
အောင်ထွန်းဦး
No comments:
Post a Comment