Saturday, March 16, 2013

ကျွန်တော့်ရဲ့ စစ်သား ဖေဖေ




ကျွန်တော့်အဖေက စစ်သား တစ်ယောက်ပါ…။ အဖေ့ရဲ့သား ဖြစ်တဲ့ ကျွန်တော်ဟာ ညစဉ်ညတိုင်း အဖေ့ရဲ့ တိုက်ပွဲ အတွေ့အကြုံတွေကို ညအိပ်ယာဝင်ပုံပြင်တွေလို နားဆင်ရင်း ကျွန်တော် ကြီးပြင်းလာရပါတယ်…၊ အဖေက သူ့စစ်တပ်က အကြောင်းပြောရမယ်ဆိုရင် ထမင်းမစား.. ဟင်းမစားနဲ့ မမောပန်းနိုင်အောင် ပြောနိုင် သူပါ…။ အဖေရဲ့ သွေးသားဖြစ်တဲ့ကျွန်တော်ကလည်း ငယ်စဉ်ကတည်းက အဖေ့အမွေကို ကောင်းကောင်းရရှိခဲ့သူဖြစ်ပြီး ကြီးလာရင် စစ်ဗိုလ်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ထားရှိခဲ့ကာ အဖေတို့လို စစ်သားဘ၀ကို အားကျခဲ့ပါတယ်…။

အဖေက စစ်သားဘ၀ကို အရမ်း ချစ်မြတ်နိုးပါတယ်…။ သူ့စစ်တပ် မကောင်းကြောင်းကို တစ်ခါမှ မပြောဖူးပါဘူး….၊ အဖေက ကျွန်တော့်ကိုပြောလေ့ရှိပါတယ်..။ "သားကြီးရင် စစ်ဗိုလ်ဖြစ်အောင် လုပ်စမ်းပါသားရယ်..၊ အဖေသားကို အလေးပြုချင်လို့ပါ…" ဒီစကားဟာ ကျွန်တော် စစ်ဗိုလ်ဖြစ်ဖို့ စာကြိုးစားအောင် တမင် လှုံ့ဆော် ပြောတဲ့စကားမဟုတ်မှန်း ကျွန်တော်သိပါတယ်…. ဒီစကားဟာ အဖေ့ရင်ထဲကလာတဲ့စကားပါ….၊ မိဘတွေဟာ ကိုယ့်သားသမီးကို ကိုယ့်ရဲ့အမြင့်မှာပဲ ရှိစေချင်ကြတယ်ဆိုတာ သိကြမယ်ထင်ပါတယ်…..။

အဖေက ကျွန်တော်ငယ်ငယ်လေးကတည်းက ကျွန်တော့်ရဲ့ ကစားဖော်ဖြစ်ခဲ့ရပါတယ်..။ စစ်တိုက်တိုင်း ကစားရင် အဖေက ရန်သူနေရာမှာနေပြီး ဘာပဲဆော့ဆော့ အဖေက လူဆိုးကြီးနေရာနေကာ ကျွန်တော်ကတော့ ဇာတ်လိုက်နေရာပေါ့…။ ဆော့တိုင်းလည်း ကျွန်တော်က အမြဲတမ်း အနိုင်ရတာပါပဲလေ… အဖေက ကျွန်တော့်ကို အမြဲအရှုံးပေးပြီးသား မဟုတ်လား…ကျွန်တော့်ကို အဖေက စစ်သားတိုင်း မဖြစ်မနေ ရရမယ့် သစ္စာ (၄) ချက်နဲ့ သစ္စာအဓိဌာန် (၁၀) ချက်တို့ကို ငယ်ငယ်လေးကတည်းက သင်ထားပေးပါတယ်..

စစ်တပ်ထဲမှာ စစ်သားသစ်တွေကို တပ်မှူးတွေက သစ္စာအဓိဌာန် အလွတ် ရ/မရ ဆိုတာကို စစ်ဆေးလေ့ရှိပါတယ်..။ တစ်ခါက အဖေတာဝန်ကျရာ ရုံးခန်းကို အဖေနဲ့ လိုက်သွားရင်း တပ်မှူးက တပ်သား သစ်တွေကို သစ္စာအဓိဌာန် တွေ မေးမြန်းနေပါတယ်..။ မရရင်တော့ စစ်တပ်ထုံးစံအတိုင်း ဒိုက်ထိုး..ကျွမ်းထိုး.. ပြေး ပေါ့..၊ အဲ့ဒီတုန်းက ကျွန်တော့် အသက် (၅) နှစ်လောက်သာ ရှိပါအုံးမယ်..။
စစ်သားသစ်မှာ ကြောက်ကြောက်လန့်လန့်နဲ့ သစ္စာအဓိဌာန်ဆိုရင်း ထစ်အထစ်အ ဖြစ်နေချိန်မှာ ကျွန်တော်က (၁) သစ္စာစောင့်သိမှု… (၂) အမိန့်နာခံတတ်မှု.. (၃) စိတ်ဓါတ်ခိုင်မာမှုနှင့်….. အစချီတဲ့ သစ္စာအဓိဌာန် (၁၀) ချက်ကို နံပါတ်စဉ်အတိုင်း တောက်လျှောက် ဆိုလိုက်ပါတယ်..။ ကလေးဆိုတော့ ကိုယ်ရှေ့မှာ ကိုယ်ရတဲ့စာဆိုနေရင် လိုက်ဆိုကြတာ သဘာဝပဲလေ…။


တပ်မှူးက တော်တော်အံ့သြသွားပြီး ကျွန်တော့်ကို ပွေ့ချီကာ ဖက်နမ်းလိုက်တယ်..။ ပြီးတော့ "ကဲ…ဗိုလ်ကြီး..၊ ဒါဗိုလ်ကြီးအတွက် မုန့်ဖိုး.." ဆိုပြီး ကျွန်တော့် လက်ထဲကိုလည်း ပိုက်ဆံ (၂၀၀) ထည့်ပေးခဲ့တယ်…။ ပြီးတော့ တပ်မှူးက "ဗိုလ်ကြီးရေ… သစ္စာ (၄) ချက်ကော ရရဲ့လား.." လို့ ထပ်မေးပြန်ပါတယ်…၊ တပ်မှူးက မရလောက်ဘူး ထင်ပြီး မေးလိုက်တာပါ…။ ကျွန်တော်က မဆိုင်းမတွပဲ ငါတို့သည်… နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ….အစချီပြီး သစ္စာလေးချက်ဆိုပြလိုက်တော့ တပ်မှူး တော်တော်ကို အံ့သြသွားခဲ့ပါတယ်..။ ပြီးတော့ အဖေ့ကို .."ဆရာကြီးက ဆရာကြီးသားကို တော်တော်ပုံသွင်းထားတာပဲ…" တဲ့..၊ အဖေဘာမှ ပြန်မပြောခဲ့ပါဘူး…၊ ကျွန်တော့်ကို ပြုံးပြီးသာ ကြည့်နေခဲ့ပါတယ်..။ ကျွန်တော် အဖေ ဘာဖြစ်လို့ ပြုံးနေလဲဆိုတာကို အဲ့ဒီအချိန်တုန်းက လုံးဝ နားမလည်ခဲ့ပါဘူး…။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော့်အတွက်နဲ့ အဖေ ပြုံးနေတယ် ဆိုတာပါပဲ…။

ကျွန်တော် အလယ်တန်းကျောင်းသား ဘ၀လောက်ရောက်လာတော့ အဖေရဲ့ အိပ်ယာဝင်ပုံပြင်တွေကို အရင်ကလို ညတိုင်း နားထောင်ချိန်မရခဲ့ပါဘူး..။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ အဖေ့ရဲ့ တိုက်ပွဲဝင် ပုံပြင်တွေအကြောင်း နားထောင်ခဲ့ရပြီး အရင်ကထက် တန်ဖိုးရှိတဲ့ စကားတွေလည်း ကြားခဲ့ရပါတယ်..။

"အဖေတို့ ရှေ့တန်းထွက်ရပီဆိုရင် အရမ်းပျော်ကြတာ…၊ စစ်တိုက်ရတော့မှာကိုး…၊ တပ်မှူးက ရှေ့တန်းမှာ ပွိုင့်နေရာချမယ်ဆိုရင် နေရာလုနေလိုက်ကြတာ..၊ သူနေမယ်..၊ ငါနေမယ်နဲ့..၊ တစ်ကယ်တမ်း ပွိုင့်ဆိုတာ ရှေ့ဆုံးက သွားရပြီး အရေးအကြောင်း ရှိလာရင် သူတို့က အရင်ဆုံး အထိနာတာပဲ… ဒါပေမယ့် ဘယ်သူမှ ပွိုင့်မကျချင်ဘူးလို့ မပြောကြဘူး.."

"တစ်ကယ်တမ်း ကျတော့ တိုက်ပွဲကို ဘယ်သူမှ မတိုက်ချင်ကြဘူးသားရဲ့…၊ မတတ်သာလို့သာ တိုက်နေကြ ရတာလေ..၊ တိုက်ကျပီဟေ့ ဆိုရင်လည်း နှစ်ဘက်လုံး အကျအဆုံးတော့ ရှိမှာပဲ…၊ အဲ့ဒီအချိန်မှာ သနားစိတ် ထားလို့ မရဘူး..၊ ကိုယ့်ရဲ့စိတ်ကို အကြမ်းတမ်းဆုံးထားပြီး သေသေကျေကျေတိုက်ရတာလေ…၊ အဲ့လိုမှ မဟုတ်ရင် စစ်သား ဘယ်ပီသပါ့မလဲ…၊ ပြီးတော့ ကိုယ့်နောက်မှာ ကိုယ့်နိုင်ငံ တစ်ခုလုံး ရှိတယ်ဆိုတာ ခေါင်းထဲ ထည့်လိုက်တာနဲ့ အလိုလိုကို အားတွေ ပြည့်လာရော…"

"အဖေဆို ရန်သူကို သေနတ်နဲ့ ပစ်သတ်ဖူးတယ်..၊ ကျည်ကုန်လို့ ဓါးနဲ့လည်း တက်ထိုးဖူးတယ်..၊ ၃ ယောက် ၁ ယောက်လည်း အသေအကြေ သတ်ဖူးတယ်..၊ အဲ့လိုနေရာမှာ သနားတဲ့စိတ်ဝင်သွားရင် ၀င်တဲ့သူက သေမှာပဲ…စစ်တိုက်ပီဆိုမှတော့ မသနားရဘူး.."

"ပြီးတော့ တိုက်ပွဲ တစ်ခုမှာ အရေးကြီးဆုံးက အဖေတို့လို စစ်သားတွေပဲ..၊ အထက်က နည်းဗျူဟာတွေ ဘယ်လိုပဲ ချမှတ် ချမှတ်.. အသေခံတိုက်ရတာ စစ်သားတွေလေ…၊ ဒါကြောင့် သားကြီးလာလို့ ဗိုလ်ကြီးဖြစ်လာရင် ဘယ်တော့မှ အောက်လက်ငယ်သားကို နိုင်ထက်စီးနင်း မဆက်ဆံနဲ့..၊ တစ်ကယ့်တိုက်ပွဲမှာဆို သူတို့က သားရဲ့ ဆရာပဲ…"

"ပြီးတော့ စစ်တပ်က တိုက်ပွဲမှာ ရုပ်ရုပ်ချွံချွံတိုက်ခိုက်ပြီး ထူးချွန်တဲ့သူတွေကို မြှောက်စားတယ်..၊ ဥပမာ ရန်သူ့ သေနတ် (၂) လက် သိမ်းနိုင်ရင် တစ်ရစ်တက်…အပွင့်တက်၊ ဒါမျိုးပေါ့…၊ အဖေတို့က ပညာမတတ်ခဲ့တော့ ရာထူးတက်ဖို့က ဒီလိုနည်းပဲ ရှိတယ်လေ...၊ ကိုယ်အသက်နဲ့ရင်းပြီး ရထားတဲ့ အရစ်လေးတွေကို လည်း အသက်ထက် တန်ဖိုးထား တယ်..၊ ပြန်ပြုတ်သွားမှာ ကိုလည်း သေမလောက် ကြောက်တယ်…"

"တိုက်ပွဲမှာ အဖေတို့မှာ ဦးစားပေးဆိုတာရှိတယ်..၊ ဥပမာ ကိုယ့်ဖက်က နှစ်ယောက်ရှိလို့ တစ်ယောက် မဖြစ် မနေ ကျပေးရမယ်ဆိုရင် ရာထူးနိမ့်တဲ့သူက ကျပေးရတယ်..၊ ဒါကြောင့် အထက်အရာရှိကို သေနတ်မမှန်ဖို့ ကိုယ့်ကိုယ်ကို အပစ်ခံရတာမျိုးလည်း ရှိတယ်.. ဒါကို အပြစ်ပြောလို့ မရဘူး. ဒါက စစ်တပ်ရဲ့ အထက်အောက် ဆက်ဆံရေးပဲ…၊ လေးစားမှု ရှိရမယ်..၊ ကိုယ်နဲ့ မတည့်လို့..၊ ကိုယ့်ပေါ် မကောင်းလို့ ဆိုပြီး တွေးနေလို့ မရဘူး.."

"ရှေ့တန်းထွက်ရပြီဆိုရင်လည်း ရှေ့တန်းထွက်ရတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ တစ်ချို့ရွာတွေက အဖေတို့ကို ကြောက်ပြီး ရှောင်ပုန်းနေကြတာလည်း ရှိတယ်..၊ ထမင်းဟင်းတွေ ပြင်ဆင်ပြီး နွေးနွေးထွေးထွေး ဧည့်ခံတဲ့ ရွာတွေလည်း ရှိတယ်..။ ဒါပေမယ့် အပြင်မှာပြောပြောနေကြတဲ့ စစ်သားတွေက ရွာကျွဲတွေ၊ နွားတွေ ဖမ်းပြီး သတ်စားတယ်..၊ ရွာသားတွေကို သတ်တယ် ရွာက သားပျို သမီးပျိုတွေကို ဖျက်ဆီးတယ်ဆိုတာ သားလည်း စဉ်းစားတတ်နေပီပဲ…၊ စဉ်းစားကြည့်ပေါ့..၊ တပ်မတော်ဆိုတာ လူအများကြီးနဲ့ ဖွဲ့စည်းထားတာ..၊ ကောင်းတဲ့သူတွေ ပါသလို ဆိုးတဲ့သူလည်း အနည်းအကျဉ်းတော့ ပါနေမှာပါ..၊ ဒါပေမယ့် စစ်သားတိုင်း ဒီလိုဆိုတဲ့ အတွေးမျိုးကြီး ၀င်နေကြတာ မြင်ရတော့ အဖေ စိတ်မကောင်းဘူး.."

ဒီစကားတွေက ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်ခဲ့တဲ့ အဖေ့ရဲ့ စကားတွေပါ..။ အဖေက ဒီစကားတွေ ကျွန်တော်ကို ပြောပြရင် အားနဲ့မာန်နဲ့ ပြောပြလေ့ရှိပြီး ကျွန်တော်ကလည်း စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်..၊ ကျွန်တော့်အတွက် ဒီစကားတွေ နားထောင်ရတာ ပျင်းတယ်ဆိုတာ တစ်ကြိမ်တစ် ခါတောင်မရှိခဲ့ ဘူးဆိုတာ ကျွန်တော် ကျိန်ဝံ့ပါတယ်..။ 

ကျွန်တော်နဲ့ အမေဟာ အဖေရှေ့တန်းပါသွားရင် အိမ်မှာ အမြဲတမ်း အဖေ့အတွက် စိုးရိမ်ပူပန်နေတတ်ပါတယ်..။ ရှေ့တန်းကနေ ပြန်ပို့လိုက်တဲ့ လူစာရင်းထဲမှာလည်း မပါပါစေနဲ့ ဆုတောင်းရတာ အမောပါပဲ…၊ ရှေ့တန်းက ပြန်ပို့ပြီဆိုကတည်းက မိုင်းထိလို့ ခြေပြတ်..၊ လက်ပြတ်..၊ နဲ့ အခြား ဒဏ်ရာရလူနာတွေကို  ပြန်ပို့ကြတာ မဟုတ်လား..။

ရှေ့တန်းပြန်ဝင်ပြီဆိုရင်လည်း အဖေ့ကို ရှာရတာ အတော်ပင်ပန်းပါတယ်…။ သူများမိသားစုတွေ တွေ့လို့ ပျော်နေချိန်မှာ ကိုယ့်အဖေကို မတွေ့သေးရင် ခံစားရတဲ့ ပူလောင်မှုက ပြောမပြတတ်လောက်အောင်ပါပဲ..။ အမေဆိုရင် ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်လိုက်ပါတော့..။ အဖေ့မျက်နှာကို ရိပ်ကနဲ တွေ့လိုက်ပြီး အဖေ့ကို ပြေးဖက်လိုက်ရတဲ့ ပျော်ရွှင်မှုဟာ ဒီတစ်ကမ္ဘာလုံးမှာ ရှိသမျှ အပျော်တွေထက် သာနေမယ်ဆိုတာ ကျွန်တော် ကျိန်ရဲပါတယ်ဗျာ..။



************************************



အချိန်တွေ တရွှေ့ရွှေ့ကုန်ဆုံးခဲ့ပြီး နွေ၊မိုး၊ဆောင်း လည်း ထပ်ခါထပ်ခါ ပြောင်းလဲခဲ့ပါပြီ။ စစ်တပ်ကို မိသားစုထက် ချစ်တဲ့အဖေ၊ အသက်ထက် မြတ်နိုးတဲ့ ကျွန်တော် အဖေဟာ စစ်တပ်ထဲက ပင်ပန်းမှုဒဏ်ကြောင့် ကျောက်ကပ်ပျက်ဆီးခဲ့ပြီး ဆီးသွားရင် သွေးပါတဲ့ ရောဂါကို ရရှိနေခဲ့ပါပြီ…။ ဒါပေမယ့် အဖေ့ရဲ့ စစ်တပ်ကို ချစ်တဲ့စိတ်ကတော့ ကျောက်တိုင်ကြီးတွေလို ခိုင်ခိုင်မာမာကြီး ရှိနေဆဲပါ…။

"တပ်ကြပ်ကြီး ---------- အား ဆေးပင်စင်ဖြင့် တပ်မှ ထွက်ခွင့်ပြုလိုက်သည် " တဲ့..။ ဒီစာရွက်လေးကို ကိုင်ပြီး အဖေ ထိုင်ခုံပေါ်မှာ ငူငူကြီးထိုင်နေပါတယ်….၊ အဖေ ငိုနေတာ မဟုတ်ပါဘူး..၊ မျက်ရည်လည်း မကျပါဘူး..၊ ဒါပေမယ့် ကျွန်တော်နဲ့ အမေ့ရှေ့မှာ မျက်ရည်မကျအောင် ထိန်းထားတယ်ဆိုတာ အဖေ့ရဲ့  အံကြိတ်ထားလို့ တင်းမာနေတဲ့ မေးရိုးတွေက သက်သေပြနေပါတယ်…။

"ကဲ… စစ်တပ်ကို ချစ်လှပါတဲ့ .. ကို တပ်ချစ်ကြီး..ခုတော့ ဘယ်လို နှစ်ပါးသွားကြမလဲ…" "ရှင်ချစ်လှပါပြီဆိုတဲ့တပ်က သုံးမရတော့ ဘယ်လိုလုပ်သလဲဆိုတာ မြင်ပြီလား…" အမေ့အသံမှာ ငိုသံတွေ စွက်နေသည်..။ စစ်တပ်က ထွက်ခွင့် ပေးလိုက်လျှင် တစ်ပတ်အတွင်း တပ်ထဲမှ အပြီးထွက်ပေးရမည်လေ..၊ အဖေ့ အခြေအနေက တောက်လျှောက် သွေးသွင်းနေရတဲ့ အခြေအနေ…၊ စစ်တပ်ထဲမှာ စစ်ဆေးရုံက အလကားသွင်းပေးပေမယ့် အပြင်ရောက်ရင် သွေးတစ်ပုလင်းရဲ့ စရိတ်က မနည်း…၊ အပြင်မှာ နေစရာ အိမ်ကလည်းမရှိ..၊ ဆွေမျိုးကလည်း မရှိနဲ့…၊ ဟုတ်တာပေါ့… အမေ ငိုချင်နေရှာမှာပဲလေ..၊ ကျွန်တော် အမေ့ကို လှမ်းကြည့်တော အမေ့ ပါးပြင်မှာ မျက်ရည်စတွေ တွေ့လိုက်ရသည်..၊ အမေငိုနေတာပဲ..၊ အမေက အဖေ့လို ဘယ်တောင့်ခံနိုင်ပါ့မလဲ…. စစ်သားမှ မဟုတ်တာ…။

စစ်တပ်တွင်းက ရရှိခဲ့တဲ့ ပင်ပန်းမှုတွေကြောင့် ရရှိခဲ့တဲ့ ရောဂါဝေဒနာကို အလူးအလဲ ခံစားခဲ့ရပေမယ့် အဖေရဲ့ နောက်ဆုံး အကြိမ်ထိ စစ်တပ် မကောင်းကြောင်း လုံးဝ မပြောသွားခဲ့ပါဘူး..၊ ရောဂါ ခံစားနေရစဉ် ကယောင် ကတမ်းနဲ့ …"တက်…..၊ တိုက်ထား.." "လေးစားပါတယ် ဗိုလ်ကြီး…" "အလေးပြု…" အစရှိတာတွေကို ပါးစပ်က အဆက်မပြတ် ရေရွတ်နေ တာကို ကြည့်ပြီး ကျွန်တော်နဲ့ အမေ ငိုခဲ့ရပါတယ်…။ စစ်တပ်ကိုချစ်ပြီး စစ်သားတစ်ယောက်ရဲ့ တာဝန်ကို နောက်ဆုံးအချိန်ထိ တာဝန်ကျေချင်တဲ့ အဖေ ကောင်းရာ သုဂတိ လားမှာပါ…။

အခုဆိုရင် အဖေဆုံးခဲ့တာ ၁၁ နှစ်ကျော်ခဲ့ပါပြီ..၊ အဖေက ကျွန်တော် ၁၀ တန်းဖြေပြီး အောင်စာရင်း မထွက်ခင်လေး ဆုံးသွားတာပါ..၊ ကျွန်တော် အောင်လား မအောင်လား ဆိုတာတောင် အဖေ မသိခဲ့ရပါဘူး..။ ၁၀ တန်းကို ကျွန်တော် အောင်မြင်ခဲ့ပေမဲ့လည်း အဖေဖြစ်စေချင်တဲ့ ဗိုလ်ကြီး ဘ၀ကိုတော့ ကျွန်တော် မရောက်ခဲ့ ပါဘူး… အဖေရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး အမေက ကျွန်တော့်ကို တပ်ထဲ လုံးဝ ပေးမ၀င်ခဲ့တာပါ..၊ နောက်ဆုံး "အမေ့ကို ချစ်ရင် တပ်ထဲမ၀င်ပါနဲ့ သားရယ်" ဆိုတဲ့စကားနဲ့ ဒီဘ၀အတွက် စစ်သားဖြစ်ခွင့်ကို ကျွန်တော် လက်လျော့ခဲ့လိုက်ရပါတယ်…။ ဒါပေမယ့် ကျရာနေရာကနေ တိုင်းပြည်အတွက် အလုပ်လုပ်ပေး နေတဲ့ ကျွန်တော့်ကို အဖေ တစ်နေရာ ကနေ ကျေနပ်စွာ ပြုံးကြည့်နေမှာကို ကျွန်တော် သိနေပါတယ်လေ..../


အောင်ထွန်းဦး


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ