"မေမေ… ကျောင်းစုံညီပွဲတော်..ကပွဲမှာ
သားပါတယ်… အဲ့ဒါ ကပွဲ ၀တ်စုံဝယ်ရမယ်တဲ့…"
"သမီးလည်း ပါတယ်မေမေ..
ပြီးတော့ အဲ့ဒီနေ့မှာ ဆုလည်း ပေးမှာ ဆိုတော့ ကိုကိုရော သမီးရော.. ဆုယူဖို့ ကျောင်းစိမ်း
အသစ်လည်း မရှိသေးဘူး… မေမေ၀ယ်ပေးမှာလားဟင်…"
"၀ယ်ပေးရမှာပေါ့ကွယ်..
မေမေ့ သားသမီးတွေ ဆုယူဖို့ပဲ..ဒါနဲ့ စုံညီပွဲတော်က ဘယ်နေ့လဲ.."
"နောက်တစ်ပတ်
တနင်္ဂလာနေ့ မေမေ…"
သူမ နဖူးက တစ်ဒီးဒီးစီးကျနေသော
ချွေးစတို့ကို သုတ်လိုက်သည်။ ရင်ထဲက ပူလောင်ဒဏ်တွေကို မျက်နှာပေါ်မှာ မပေါ်စေရန် မျက်နှာကို
အလှပဆုံးပြုံးထားလိုက်သည်။ ပြီးတော့ ကျောင်းစိမ်း အင်္ကျီ အဟောင်း လေးနဲ့ နွမ်းလျနေတဲ့
လွယ်အိတ်လေးကိုလွယ်ပြီး ကျောင်းသွားနေရတဲ့ သားနဲ့သမီးတို့ရဲ့ မျက်နှာကို မြင်ယောင်
ကြည့်သည်။ ပြီးတော့ အချိုသာဆုံးသော အသံဖြင့် …….
"ဟောဒီက ပဲပြုတ်…."
သူမ အတွက် ပဲပြုတ်ရောင်းတာ
တွက်ခြေကိုက်တယ်လို့ မဆိုနိုင်ပေမယ့် ဒီအလုပ်မှမလုပ်ရင်လည်း သူမအတွက် လုပ်စရာအလုပ်မရှိ။
ယောက်ျားရှိစဉ်က အဆင်ပြေပြေ မကြောင့်မကြ နေနိုင်ခဲ့ပေမယ့် အမြဲတမ်း မျက်နှာသာ မပေးတတ်ခဲ့
ကံကြမ္မာရဲ့အလိုအရ သူမယောက်ျား ဆုံးပါးသွားခဲ့ပြီး စီးပွားလည်း ပျက်ခဲ့ရသလို သူမသည်လည်း
ပဲပြုတ်သည်ဘ၀သို့ ရောက်ခဲ့ရပြီပဲလေ…။
"ပဲပြုတ်သည်
လာပါအုံး…."
အော်သံကြားရာကြည့်မိလိုက်တော့
ငါးလွှာက အမျိုးသမီးတစ်ဦး…။ သူမ မကြားချင်ယောင်ဆောင်ပြီး လှည့်ထွက်ဖို့ လုပ်လိုက်သည်။
ဒါပေမယ့်…
"ပဲပြုတ်သည်…
တက်လာပေးပါအုံး… မုန့်ဖိုးပေးပါ့မယ်…"
သူမ ချက်ချင်းပင်
လှည့်ပြီး ငါးလွှာသို့ အလျင်အမြန်တက်လာခဲ့သည်။ သူမအတွက် ဒီအချိန် ပိုက်ဆံက အရေးကြီးသည်။
သားတို့သမီးတို့က ကျောင်းမှာ စာတော်ကြသလို စုံညီပွဲတော်အတွက်လည်း ကပွဲတွေမှာ ပါကြသည်တဲ့လေ..။
ဒီတော့ သူတို့လေးတွေရဲ့ ၀တ်စုံဖိုးအတွက် သူမပိုက်ဆံကို ရသလို ရှာရမည်။ ကြိုက် သလောက်
မောပန်းပါစေ..။ ဒီအမောအပန်းတွေက သားတို့သမီးတို့ရဲ့ ကျောင်းစုံညီပွဲတော် နေ့ရောက်လို့
သူတို့လေးတွေ ဆုယူတာတွေ ကတာတွေကို ကြည့်လိုက်ရရင် အကုန်ပျောက်သွားမှာပါ..။ သားသမီးဆုယူတာ
ကို လူအများနဲ့ ထိုင်နေရတဲ့ အမေတစ်ယောက်ရဲ့ ပီတိဟာ ဘာနဲ့မှ လဲလို့မရတဲ့ ပီတိ တစ်ခုပဲလေ..။
တွေးရင်းနဲ့ပင် သူမ ငါးလွှာထက်သို့ ရောက်လာခဲ့သည်။
"ပဲပြုတ် ငါးရာဖိုးပေးပါ….
ဒီမှာ တစ်ထောင်… ငါးရာက မုန့်ဖိုး ယူလိုက်နော်…."
"ကျေးဇူးပါပဲ…"
သူမ ပဲပြုတ်ငါးရာဖိုးကို
ပိုပိုသာသာလေး ထည့်ပေးလိုက်ပြီး ပဲပြုတ်တောင်းကို ခေါင်းပေါ်ရွက်ကာ အောက်ကို ပြန်ဖို့
ပြင်ဆင်လိုက်သည်။
"ခဏလေး အဒေါ်…
အဒေါ် ကျွန်မကို တစ်ခုကူညီပါလား.."
"ဟုတ်…."
"ဟိုမှာလေ… ဖုန်းကြိုးလွှတ်နေလို့
.. အဲ့ဒါ နည်းနည်းလောက်တက်ဆက်ပေးပါလား.. အိမ်မှာက အမျိုးသား မရှိလို့လေ.. ပြီးတော့
ကျွန်မ ကိုယ်ဝန်နဲ့ဆိုတော့ … အဒေါ့်ကို မုန့်ဖိုးပေးပါ့မယ်…"
ဒီမုန့်ဖိုးဆိုတဲ့
အသံကြားတိုင်း သူမ သားလေးနဲ့ သမီးရဲ့ မျက်နှာကို မြင်ယောင်မိပြန်သည်။ ပြီးတော့ ယောက်ျားသားမရှိတဲ့
မိန်းမတစ်ယောက်ရဲ့ ဒုက္ခတွေကို သူမသိသည်။ ဒီတော့…
"ကဲ..ဒါဆို
…အဒေါ့်ကို ခုံယူပေး…"
ဖုန်းကြိုးလွှတ်နေတဲ့နေရာက…
ဝရံတာ အပေါ်က ဆက်ထားတဲ့နေရာလေးမှာ…..။
"ရော့… အဒေါ်…မုန့်ဖိုး
၅၀၀၀… အဒေါ့်ကို သမီးက စေတနာလည်း ရှိလို့ပါ…"
သူမအရမ်းပျော်ရွှင်သွားသည်။
ဒီ၅၀၀၀ ရယ် သူမစုထားတာရယ်ဆို.. သားနဲ့သမီးအတွက် ကျောင်းစိမ်းရယ် ကပွဲ ၀တ်စုံရယ် ၀ယ်ဖို့
လောက်သွားခဲ့ပြီ..။ ပဲပြုတ်ရောင်းပြီးတာနဲ့ ဈေးသွားမည်။ ကျောင်းစိမ်းရယ် ကပွဲဝတ်စုံ
တွေရယ်ကို ၀ယ်ထားပြီး သားနဲ့သမီး ကျောင်းက အပြန်သူတို့ကို အံ့သြသွားအောင် လုပ်ရမည်။
သူမ ယူလာပေးတဲ့ ခုံပေါ်တက်ပြီး
ဝရံတာ လက်ရမ်းပေါ် တက်လိုက်သည်။ လက်တစ်ဖက်က ခေါင်မိုးနားက ခေါင်ပိတ်ကို သူမကိုင်ထားပြီး
လက်တစ်ဖက်ဖြင့် လွတ်နေတဲ့ ဖုန်းကြိုးကို ဆက်နေလိုက်သည်။ ဒီအချိန်မှာပဲ သူမ ခေါင်ပိတ်ကို
ကိုင်ထားတဲ့လက်က ယားလာသလို ခံစားလာရသဖြင့် ကြည့်မိလိုက်သည်။ သူမ လက်ပေါ်မှာ ပင့်ကူတစ်ကောင်…
"အား…"
သူမအကြောက်ဆုံးအရာဖြစ်တဲ့
ပင့်ကူကို လက်ကလျင်မြန်စွာ ခွာချလိုက်သည်။ အားပြုကိုင်ထားတဲ့ လက်လွတ်သွားသည်နဲ့ သူမ
ရပ်နေတဲ့ ၀ရံတာလက်ရမ်းပေါ်ကနေ ပြုတ်ကျသွားသည်။
"အဒေါ်…. အောင်မလေး….လုပ်ကြပါအုံး.."
တိုက်ခန်းပိုင်ရှင်
အမျိုးသမီးရဲ့ အော်သံကို သူမကြားလိုက်ရသည်။ သူမ တိုက်ပေါ်ကနေ အောက်ကို ပြုတ်ကျနေသည်။
သူမ လုပ်ရပ် မှားခဲ့သလား..၊ ဟင့်အင်း..၊ သူမ လုပ်ခဲ့တာ မမှားဘူး..၊ ဒါ သားနဲ့ သမီးအတွက်
သူမ လုပ်ခဲ့တာပဲ..၊ သူမ ဒီအတွက် လုံးဝ နောင်တမရဘူး..။ လုံးဝ နောင်တမရဘူး..။ လုံးဝ နောင်တမရဘူး…။
"ဟာ.. ဒါ..ပဲပြုတ်သည်
ဒေါ်ပြားပဲ… ဒုက္ခပါပဲ.. ဆေးရုံကားခေါ်လေ… အသက်မှ ရှိသေးရဲ့လားမသိဘူး…"
"တစ်ယောက်ယောက်
သူ့ကလေးတွေကို အကြောင်းကြားပေးလိုက်ပါအုံး..၊ ကလေးတွေတော့ သနားပါတယ်ကွာ…"
ဒါသူမ နားထဲမှာ ကြားနေရတဲ့
ဝိုးတ၀ါးအသံတွေဖြစ်သည်။ အိမ်မက်မက်နေသလိုမျိုး အိပ်နေရာကနေ နိုးထ လိုက်ချင်ပေမယ့် ဘယ်လိုမှ
အမှောင်ထုထဲကနေ ရုံးထွက်လို့မရ..။ မိမိရဲ့ ခေါင်းမှ တစ်စိမ့်စိမ့်စီးထွက်နေသော သွေးတို့ရဲ့
စိုစိတ်မှုကြောင့် အနည်းငယ် သက်သာမှုရှိသလို ခံစားရသည်။ သားနဲ့သမီး…။ သူတို့လေးတွေ ဒီအချိန်ဆို
ကျောင်းမှာ စာသင်နေကြရောပေါ့…။
ဒီနှစ် ကျောင်းသားစုံညီပွဲတော့ သူမလွဲတော့ မည်ထင်သည်။
ခုနက အမျိုးသမီးပေးလိုက်တဲ့ ပိုက်ဆံရော..ရှိသေးရဲ့လားမသိ..။ သားနဲ့သမီး သူမမရှိရင်
ဘယ်လို နေထိုင် စားသောက်ကြမလဲ..။ သူမ မသေချင်သေးဘူး..။ သူမ မသေပါရစေနဲ့…။ သူမ မသေပါရစေနဲ့…။
သူမ ဒါတွေကို တွေးနေတာလား…၊ ပါးစပ်ကနေ ပြောနေတာလား.. မသိတော့..။ သေချာတာတစ်ခုကတော့
သူမ အခုချိန်မှာ မသေချင်သေးဘူး..။
ဒါဟာ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန် တစ်ခုပါ..။ ဒီလိုဆုတောင်းရင်းနဲ့ပင် ဒေါ်ပြားဆိုသော မိခင် ပီသတဲ့ အဒေါ်ကြီးတစ်ယောက်
သေဆုံးသွားခဲ့ရပါတယ်။ သူမ မသေခင် ဝေဒနာ ခံစားနေရင်း တတွတ်တွတ် ပြောသွားတဲ့ စကားတွေက
မြင်နေရသူတွေရဲ့ နှလုံးသားတွေကို ငိုကြွေးစေခဲ့ပါတယ်..။ ဒီအဖြစ်အပျက်ကို မျက်မြင်မြင်တွေ့လိုက်ရတဲ့
ရပ်ကွက်ထဲက သူဌေးလူပျိုကြီး တစ်ယောက်က ဒေါ်ပြားရဲ့ သားနဲ့ သမီးကို အမွေစားအမွေခံ ခေါ်ယူ
မွေးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုသိရင် တမလွန် ဘ၀က မိခင်ပီသလွန်းတဲ့ ဒေါ်ပြားကြီး သိနိုင်ပါစေလို့
ဆုတောင်းလိုက်ရပါတယ်..။
သြော်..အမေဆိုတာ နောက်ဆုံးအချိန်ထိ
သားသမီးတွေအတွက်သာ စဉ်းစားတတ်တဲ့ လူသားပဲဆိုတာ ကျွန်တော့်ကို ထပ်ပြီး သက်သေပြခဲ့ပြန်ပြီလားဗျာ..။
အောင်ထွန်းဦး
No comments:
Post a Comment