တစ်လောကလုံး
မှောင်မဲနေသည်။ ဘာဆို ဘာမျှ မမြင်ရ မကြားရ...။ တစ်ခုတော့ သိသည်။ ဒါကတော့ ကျွန်တော့်
တစ်ကိုယ်လုံး ကျပ်ကျပ် တည်းတည်းနဲ့ အိတ်လေး တစ်လုံးထဲမှာ နေနေရခြင်း...။ ကျွန်တော်
ဒီအိတ်လေးထဲမှာ နေနေရတာ ၈လကျော် ၉လ ထဲရောက်နေပြီ....၊ တစ်ကယ်တော့ ဒီထဲမှာ နေရသည် လွယ်လှသည်တော့
မဟုတ်..၊ ဒုတ်ခအမျိုးမျိုးခံခဲ့ပြီး နေခဲ့ရတာ ဖြစ်သည်...၊ သို့သော် ကိစ္စမရှိ...၊ သိပ်မကြာခင်
ကျွန်တော် ဒီကနေ ထွက်ရတော့မှာ ဖြစ်သည်...၊ ဒီ့အပြင်မှာ ဘာတွေရှိမလဲ..သိချင်စိတ်ကို
မနည်းမျိုသိပ် ကြိတ်မှိတ်နေခဲ့ ရတာကြာပြီ... မကြာခင် အပြင်မှာ ဘာတွေ ရှိလဲ... ဘယ်လိုတွေ
ဖြစ်နေလဲ ဆိုတာ ကျွန်တော် သိခွင့်ရတော့မည်....။
ဒီနေ့တော့ ကျွန်တော်နေရတာတကယ် မသက်သာတော့.. ဒီအိတ်ကနေ ထွက်ချင်နေသောကြောင့်
ရုန်းကန်နေမိခဲ့သည်...။ ကဲ.. ဒီနေ့တော့ ဒီအိတ်ထဲက ထွက်ဖြစ်အောင်ထွက်တော့မည်...။ ကျွန်တော်
ရုန်းထွက်သည်။ ကန်ထွက်သည်...။ ပထမဆုံးအကြိမ် အပြင်လောက မြင်ရမှာ ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေမိသည်။
ကြောက်လည်းကြောက်နေမိသည်။ ကျွန်တော် အပြင်လောကကို စတင်တွေ့ရှိလေပြီ...၊ သို့သော် ကျွန်တော်မကြည့်အားသေး...၊
ကျွန်တော် မွန်းကျပ်နေသည်..၊ အသက်ရှုလို့မရ..ခဏကြာတော့ ကျွန်တော်၏ တင်ပါးကို ခတ်ဆတ်ဆတ်လေး
၂ ချက်လောက်ရိုက်တာ ခံလိုက်ရသည်။ နာလွန်းလှသဖြင့် ကျွန်တော် အော်ငိုလိုက်သည်။
ကျွန်တော် အပြင်လောက၏ အနံ့ကို စတင်ရရှိလိုက်ပြီး လေကို အဆုတ်ထဲသို့
အားပါးတရ ရှုသွင်းလိုက်ပါသည်...။ ကျွန်တော် အပြင်လောကကိုရောက်တော့ အလွန်ကြောက်ပြီး အားငယ်မိသည်။
အပြင်ကိုထွက်လာရတာတောင် နောင်တရချင်သလိုလိုဖြစ်လာသည်။ အထဲမှာ အရင်အတိုင်းနေရရင် အကောင်းသားဟု
ပြန်တွေးနေမိသည်။ မကြာပါ…နွေးထွေးသော လက်တစ်စုံလက်ထဲသည် ကျွန်တော်ကို လာထွေးပွေ့သည်…၊
ကျွန်တော် အားယူပြီး မျက်စိဖွင့်ကြည့်လိုက်သည်။ နွေးထွေးတဲ့ မျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်ကို
ငုံကြည့်နေတဲ့ သက်ရှိလူသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကျွန်တော့် ကို အိတ်ထဲမှာ ၈လကျော်
၉လကြာအောင် ဒုက္ခခံလွယ်ထားပေးတဲ့သူကို တွေ့တော့ပြောမပြတတ်အောင် ကျေးဇူးမိတင်သည်..။ စိတ်ထဲတွင်
ဘယ်ကဘယ်လိုပေါ်ပေါက်လာ မှန်း မသိသော စကားလုံးနှစ်လုံးရောက်ရှိလာသည် “အမေ” ….၊
ဟုတ်ပါတယ်..၊ ဒါကျွန်တော့်ရဲ့ အမေပါ…၊ အားငယ်နေသော ကျွန်တော်
အားတက်သွားသည်..၊ ကြောက်ရွံ့စိတ်တွေမရှိတော့..၊ သြော်.. လောကကြီးက ပျော်စရာကြီးပါလား….၊
စိတ်ချပါအမေ.. အမေသားကို မွေးမိတဲ့အတွက် ဒုက္ခမရောက်စေရပါဘူး… သားကြီးလာရင်လေ…အမေ့ကို
သက်ဆုံးတိုင်ထိ လုပ်ကျွေးရင်း သားအမေ့ကျေးဇူးတွေ ပြန်ဆပ်ပါ့မယ် အမေ… နွေးထွေးမှုအပြည့်နဲ့
အမေ့မျက်နှာကို တစ်ချက်မော့ကြည့်လိုက်သည်….၊ ဟင် …. အမေ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပါလား..
အမေငိုနေတာလား….၊ ဘာလို့ငိုနေရတာလဲ အမေရယ်…သားရောက်လာတာ မပျော်လို့လား..၊ သားဒီလောကကြီးမှာ
လိမ်လိမ်မာမာနဲ့ နေပါ့မယ် အမေရယ်… မငိုပါနဲ့နော် အမေ...။ အမေ မျက်ရည်သုတ်တာတွေ့လိုက်ရသည်။
ကျွန်တော်အတော်ပျော်သွားသည်။ ကျွန်တော် စိတ်ထဲမှ ပြောတာကို အမေကြားသွားတာလား ? ကျွန်တော့်ကို
အမေက အ၀တ်စတစ်ခုဖြင့် ထုတ်ပြီးချည်နှောင် ပေးလိုက်သည်..၊ ပြီးတော့ ကျွန်တော်ကို ချီပြီး
တစ်နေရာကို ခေါ်သွားသည်။
အမေ ကျွန်တော်ကို့ အောက်သို့ အသာလေးချလိုက်သည်။ ကျွန်တော်ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ညစ်ပတ်ပြီး နံဇော်နေသည်။ ယင်ကောင်တွေ တလောင်းလောင်း
ပျံဝဲနေပြီး ပုရွက်ဆိတ်များ၊ ပိုးဟတ်များနှင့် အခြားအကောင်ပေါင်းများစွာ ပျော်မွေ့နေသော
အမှိုက်ပုံကြီးမှာ အမေဘာလုပ်မလို့ပါလိမ့် ??? အမေ ကျွန်တော့်ကို တစ်ချက်ကြည့်သည်..၊
ဒီအကြည့်သည် အရင်က အကြည့်မျိုးမဟုတ်…ဒါမျိုးမကြည့်ပါနဲ့ အမေရယ်.. အမေ မျက်ရည်များကျလာပြန်သည်..၊
ပြီးတော့ ကျွန်တော့်ပါးကို တစ်ချက်နမ်းပြီး ချာကနဲ ပြေးထွက်သွားသည်…၊
“အမေ…” ကျွန်တော် အော်ခေါ်သည်။ အော်ငိုသည်။ အမေ လှည့်မကြည့်..။
သားကို ဒီမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့ အမေရယ်…သားကြောက်လို့ပါ၊ “၀ုတ် ..၀ုတ်..၀ုတ်..”….၊
ဘာသံပါလိမ့်… ဘာကောင်ကြီးအော်နေတာပါလိမ့်… ကြောက်စိတ်များ တစ်ဖြည်းဖြည်းဝင်ရောက်လာသည်…၊
ဘာကောင်တွေမှန်းမသိ …မျက်နှာနဲ့ ကိုယ်ပေါ် တက်လာကြ သည်။ “အမေ..အမေ…” ကျွန်တော်အားကိုးတကြီးအော်ခေါ်မိသည်။
ကျွန်တော် တစ်ကိုယ်လုံးလည်း တော်တော်အေးလာနေပြီ… မျက်စိများေ၀၀ါးလာသည်…၊
ခုနက အကောင်ကြီးအော်သံကိုလည်း မကြားရတော့….အသက်ရှုရလည်း ကြပ်လာပြီ…တစ်လောက လုံး အမှောင်ကျနေပြီး
… အရင်ကနေခဲ့ရသော ဘ၀မျိုး ပြန်ရောက်သလို ခံစားရသည်။...သားမှာ ဘာအပြစ်ရှိ လို့လဲ အမေရယ်.
သားကိုဘာလို့ ခုလို တစ်ယောက်တည်းထားခဲ့ရလဲ.သားမှာ လူသားဆိုလို့ အမေတစ်ယောက်တည်းပဲ မြင်ဖူးတာပါ.သားဒီလောကကြီးမှာ
လိမ်လိမ်မာမာနေမှာပါ အမေရယ်…သားကို ပြန်လာခေါ်ပါနော်..သားကြောက်လို့ပါ..သားကိုတစ်ယောက်တည်း
မထားခဲ့ပါနဲ့နော်.. ..ခဏတာမြင်ခဲ့ရသော.. အမေ့မျက်နှာကို ပြန်မြင်ယောင်မိသည်..၊ တစ်ဖြည်းဖြည်း
အမှောင်လောကထုကြီးက ပိုမိုဖုံးလွှမ်းလာသည်။ အသက်ပင်ရှုလို့မရတော့..၊ တစ်ကိုယ်လုံးလည်း…နာကျင်လှပြီ….ရင်ဘတ်မှာလည်း
နိမ့်လိုက်မြင့်လိုက်နဲ့ မောဟိုက်နေသည်…၊ သားသွားတော့မယ် အမေ… သားကို မွေးပေးခဲ့တဲ့
အမေ့ကို သားသိပ်ကျေးဇူးတင်ပါတယ်….ဒါပေမယ့် သားနောက်ဆုံးအနေနဲ့ ဆုတစ်ခုတော့ တောင်းချင်တယ်
အမေရယ်…..သားလေနောက်နောင် ဖြစ်လေရာ ဘ၀တိုင်းမှာ… ဒါမျိုးအဖြစ်ဆိုးမျိုးနဲ့ …မကြုံပါရစေနဲ့…
မကြုံပါရစေနဲ့…..
မကြုံပါရစေနဲ့….လို့………………….
အောင်ထွန်းဦး
အင်း ဘ၀ဘဝ
ReplyDeleteသနားစရာ ဝတ္ထုလေးဗျာ။ ဖတ်ရင်းနဲ့ မျက်ရည်လည်မိပါတယ်။ ဒီလို အဖြစ်မျိုးလေးတွေ အပြင်မှာ ခဏ ခဏ ကြားနေရ ဖတ်နေရတော့။ စိတ်မကောင်းမိတာ အမှန်။ အဓိက တရားခံကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ စားဝတ်နေရေး ပြဿနာပေါ့။ ခရိုနီတွေ ကျဆုံးပါစေ ဤ... မြန်မာပြည်...
ReplyDelete