Sunday, June 23, 2013

လူသေရဲ့ ခေါင်းတွေနဲ့ပြုလုပ်တဲ့ပွဲတော်

သင်တို့ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင်ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွားလည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေနဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး...။





အောင်ထွန်းဦး

Saturday, June 22, 2013

ဘ၀ဇာတ်လမ်းလေး တစ်ပုဒ်


ကျွန်တော် ရုံးဆင်းလို့ ရုံးမှ အိမ်ကို ပြန်လာတိုင်း တွေ့မြင်နေကျ မြင်ကွင်းတစ်ခုရှိသည်။ အဲ့ဒါကတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ရပ်ကွက်ထဲက ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားနေခြင်းဖြစ်သည်။ ရုံးမှာ ပင်ပန်းလာသမျှကို  ကလေးပေါင်းစုံ ပျော်ရွှင်စွာ ဆော့ကစားနေတာကို ကြည့်ရင်း ကျွန်တော် အပန်းဖြေလေ့ ရှိသည်။ အပူအပင်ကင်းမဲ့ပြီး ဘာဟန်ပန်မှ မရှိသော သူတို့လေးတွေကို ကြည့်ရတာ ကျွန်တော့်အဖို့ အလွန်ကြည်နူးဖွယ် ကောင်းလှသည်ဟု ထင်မိသည်။ ဒီမြင်ကွင်းလေးသည် ကျွန်တော့်အဖို့ နေတိုင်း မရိုးနိုင်သော မြင်ကွင်းလေးတစ်ခုဖြစ်နေတော့သည်။

ဒီနေ့ မြင်ရတာ မြင်ကွင်းလေးက နည်းနည်းထူးဆန်းနေသည်။ ကလေးတွေ ကြားထဲမှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးသည့် အသက် (၅) နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ကျွန်တော်မြင်လိုက်ရသည်။ သူက ကလေးတွေ ဆော့ကစားနေတာကို အဝေးက ထိုင်ကြည့်နေသည်။ သူ့မျက်လုံးတွေထဲမှာ အခြားကလေးတွေနဲ့ အတူဆော့ချင်နေတဲ့စိတ်ကို ကျွန်တော်မြင်လိုက်ရသလို ၀မ်းနည်းပြီး အားငယ်နေတဲ့ အရိပ်အယောင်တွေကိုလည်း ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော် ချက်ချင်းပဲ ကောင်လေးအနားသွားပြီး

"သားက ၀င်မဆော့ဘူးလားကွ…"

"သားကို သူတို့က မပါခိုင်းဘူး.."

"ဟုတ်လား…. ဘာလို့လဲ….သားက ညစ်လို့လား.."

"မဟုတ်ပါဘူး…. သားနဲ့သားအမေက ပလတ်စတစ်ကောက်တဲ့သူတွေ မို့လို့တဲ့.."

ကျွန်တော် ပြောစရာစကားမဲ့သွားပြီး ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည် ။ ကျွန်တော်တို့ရပ်ကွက်မှာ လူကုံထံ ရပ်ကွက်မဟုတ်သော်လည်း လူလတ်တန်းစားရပ်ကွက်ဖြစ်သည်။ သူတို့ ဒီရပ်ကွက်ထဲကို အသစ် ပြောင်းလာကြသူများ ဖြစ်လိမ့်မည် ထင်သည်။ ကောင်လေးက ကျွန်တော့်ကို ပြောပြီးသည်နဲ့ ကလေးတွေ ကစားနေတာကို ပြန်ပြီး ငေးမောနေလေတော့သည်။
ကျွန်တော်လည်း ကလေးတွေ ကစားနေတဲ့နေရာကို သွားလိုက်ပြီး..

"သားတို့..ဟိုးက ထိုင်နေတဲ့ သူငယ်ချင်းကို ခေါ်ကစားပါလား.. သူက သားတို့နဲ့ ဆော့ချင်လို့တဲ့.."

"ဟာ… မဆော့ချင်ပါဘူး.. သူနဲ့ သူအမေက ပလတ်စတစ်ကောက်ကြတာလေ.. ကြည့်ပါလား.. ညစ်ပတ်နေတာပဲ.."

"သူလည်း သားတို့နဲ့အတူ ဆော့ချင်နေတာလေ.. ပါခိုင်းလိုက်ပါကွယ်.. သနားပါတယ်.."

"ဟင့်အင်း… သူပါရင် သားတို့ မဆော့တော့ဘူး.."

ကျွန်တော် စိတ်လျှော့လိုက်တော့သည်။ ဒီကလေးတွေကို ကျွန်တော် ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်တော့..။ ဒီနေ့တော့ ကျွန်တော့်အဖို့ အပန်းဖြေနေကျ မြင်ကွင်းနေသည် အရင်လို ကြည်နူးစရာ မကောင်းတော့ပါလား..။

ကျွန်တော် ညက တော်တော်နှင့် အိပ်မပျော်..။ ကောင်လေးအကြောင်းကို စဉ်းစားမိပြီး ကောင်လေးရဲ့ မျက်နှာကိုပဲ မြင်ယောင်နေမိသည်။ ဒီညနေ ရုံးဆင်းရင် ကျွန်တော် ဒီကောင်လေးနဲ့ တွေ့ပြီး စကားပြောချင်သည်။ ဒါကြောင့် ရုံးဆင်းတာနဲ့ ကျွန်တော် သုတ်ခြေတင်ပြီး ထွက်လာခဲ့တော့သည်။ ထင်ထားသည့်အတိုင်းပင် မနေက နေရာမှာပင် ကောင်လေးက ကလေးတွေကစားတာကို ထိုင်ပြီး ငေးနေသည်။

"သား ကျောင်းမတက်ဘူးလား.."

"ဟင့်အင်း.."

"ဘာလို့လဲ…"

"အမေက မတက်ခိုင်းလို့…"

"ဘာလို့ မတက်ခိုင်းတာလဲသားရဲ့..၊ သားကျောင်းတက်ပြီး ပညာတတ်ကြီးဖြစ်မှ အမေ့ကို လုပ်ကျွေးလို့ရမှာလို့ ပြောပြပေါ့.."

"သားက မနက်ဆို အမေနဲ့ လိုက်ပြီး ပလစ်စတစ် ကောက်ရတယ်လေ.. အမေက ကျောင်းမနေနဲ့တော့လို့ ပြောတယ်…"

"သား.. ကျောင်းတက်ချင်လား…"

"………………."

ကောင်လေးဆီက ဘာသံမှ မကြား..။ ကျွန်တော် ဒီကောင်လေးကို ပိုစိတ်ဝင်စားသွားသည်။ စိတ်ဝင်စားသွားသည်ဆိုတာထက် သနားမိတယ်ဆို ပိုမှန်လိမ့်မည်။ ဒီတိုင်းဆို ကျွန်တော် သူ့အမေနှင့် တွေ့ဖို့ကြိုးစားရတော့မည်။

"ဦး..သားတို့ အိမ်လိုက်လည်ချင်တယ်… အလည်ခေါ်မှာလား.."

"ဟာ… တစ်ကယ်လား…ဦး တစ်ကယ်ပြောတာလား… ခေါ်မှာပေါ့.."

ကောင်လေးရဲ့ ရှားပါးလှတဲ့ အပြုံးကိုကျွန်တော်မြင်တွေ့လိုက်ရသည်။ ဒီကောင်လေး အမြဲတန်း ဒီလိုပြုံးနေရင် ဘယ်လောက် ကောင်းမလဲဗျာ…။

"ဒါဆို အခု သွားမယ်လေ…"

"ဟုတ်… သားတို့အိမ်ကတော့ ညစ်ပတ်တယ်နော်…."

"ဦးတို့ အိမ်ဆိုရင် ပိုတောင် ညစ်ပတ်သေး…"

"ဟ….ဟ…."

ကောင်လေး ပျော်ရွှင်နေတာကိုမြင်ပြီး ကျွန်တော်လည်း ပျော်ရွှင်မိသည်။ ပြီးတော့ ကောင်လေးက ရှေ့ကနေဦးဆောင်ပြီး ထွက်သွားသည်။ ကောင်လေးနဲ့ ကောင်လေးအမေက အိမ်ငှားနေခြင်းဖြစ်သည်။ ၁၀ပေ ပတ်လည်လောက်ရှိတဲ့ အခန်းပေါင်းများစွာ စီတန်းဆောက်ထားတဲ့ အခန်းငှားတွေထဲမှ တစ်ခန်းမှာ နေနေခြင်းဖြစ်သည်။
အခန်းထဲကနေ အမျိုးသမီး တစ်ဦးထွက်လာသည်။ ကျွန်တော့်ကိုမြင်တော့

"ဘာကိစ္စရှိလို့ပါလဲ.."

"ဒီကောင်လေးရဲ့ အမေ မှတ်တယ်…"

"ဟုတ်ပါတယ်…"

"ဒီလိုပါ….. ကျွန်တော်က ဒီရပ်ကွက်ထဲကပါပဲ…. ဒီသားလေးကို ကျောင်းမထားသေးဘူးလား.."

"အဲ့ဒါရှင့်အပူလား.."

"မဟုတ်ဘူးလေ…. ကလေးက ကျောင်းတက်ရမယ့်အရွယ်ရောက်နေပြီ… ပြီးတော့ သူလည်း ကျောင်းတက်ချင် နေတာလေ.."

"ဟဲ့အကောင်….. နင်က လူတစ်ကာကိုလှည့်ပြီး နင်ကျောင်းတက်ချင်တဲ့အကြောင်း လျှောက်ပြောနေတယ်ပေါ့ လေ… ငါက ကျောင်းမထားပဲနဲ့ နင့်ကို ခိုင်းစားတယ်ပေါ့လေ.. ငါက လူဆိုးမကြီးပေါ့ ဟုတ်လား.. အေး… နင်နာဖို့သာပြင်…"

အဆိုပါ အမျိုးက ကလေးကို မာန်မဲပြီး ရိုက်ဖို့ပြင်တော့သည်။

"မဟုတ်ပါဘူး..၊ သူက မပြောပါဘူး..၊ ကျွန်တော်က ကလေးကို ကျောင်းတက်စေချင်လို့ပါ…"

"ကဲ..ရှင့်အပူ မဟုတ်ဘူး..။ ကလေးကို ကျောင်းထားတာ မထားတာ ကျွန်မအလုပ်.. ရှင်ပြန်တော့…."

ကျွန်တော် ရှက်လည်း ရှက်မိသလို တော်တော်လည်း အံ့သြသွားသည်။ ဆက်ပြောလို့ မသင့်တော်မှန်း ကျွန်တော် သိလိုက်သည်။ ကျွန်တော် ဘာမှမပြောတော့ပဲ လှည့်ထွက်ခဲ့သည်။ ကျွန်တော် ခြေလှမ်း နှစ်လှမ်းသုံးလှမ်းလောက်အရောက်မှာ နောက်ကနေ ပြေးလာပြီး ကျွန်တော့် ခြေထောက်ကို ငိုယိုပြီး လာဖက်နေတဲ့ ကောင်လေးကို မြင်လိုက်ရသည်။

"ဦး…သားကျောင်းတက်ချင်တယ်….…."

ကျွန်တော် တော်တော်ကို ၀မ်းနည်းသွားသည်။ ကျွန်တော် ဘာမှမပြောရသေးခင် နောက်က အမေဖြစ်သူက ပြေးလိုက်လာပြီး သူ့သားကို ဆွဲခေါ်ကာ ၀ါးခြမ်းဖြားနဲ့ တစ်ဖြန်းဖြန်း တွယ်တော့သည်။ ပါးစပ်ကလည်း ဆဲဆိုသံတွေ မိုးမွှန်ပြီး "တက်ချင်သေးလား… အဲ့ဒီကျောင်းကို…" ဆိုပြီး တဖြန်းဖြန်းနဲ့ ရိုက်နှက်နေပါတော့သည်။ ကောင်လေးက အော်ဟစ်ငိုယိုပြီး အားကိုးတကြီးနဲ့ ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော် မျက်ရည် မကျလာခင် အမြန်လှည့်ထွက်ခဲ့တော့သည်။

ဒီနေ့ ကျွန်တော် ရုံးနောက်ကျတော့မည် ထင်သည်။ ညက စာဖတ်တာ နည်းနည်းများပြီး အိပ်ယာဝင်တာ နောက်ကျတာကြောင့် နေမြင့်မှနှိုးသည်။ အမေပြင်ဆင်ပေးထားတဲ့ ထမင်းချိုင့်ဆွဲပြီး ရုံးသွားဖို့ ထွက်လာခဲ့သည်။ ရုံးမရောက်ခင် မြို့တွင်း တစ်နေရာမှာ ပလတ်စတစ်ကောက်နေတဲ့ ကောင်လေး တို့ သားအမိနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်တော့်ကိုမြင်တော့ ကောင်လေး မျက်လုံးထဲတွင် ပျော်ရွှင်သွားသည့် အရိပ်အယောင်ကို ကျွန်တော်မြင်လိုက်ရသည်။ ဒါပေမယ့် ချက်ချင်းပဲ မျက်နှာ ညှိုးကျသွားပြီး ကျွန်တော်နဲ့ မျက်လုံးချင်းလွှဲကာ သူ့အမေနဲ့အတူ ပလတ်စတစ်ကောက်တာကိုပဲ ပြန်လုပ်နေလေတော့သည်။

ကောင်လေးရယ်….. မင်းရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်း…. သာယာဖြောင့်ဖြူးပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ဦးဘာမှ မလုပ်ပေးနိုင်တာကို ခွင့်လွှတ်ပါကွာ…။


အောင်ထွန်းဦး

Friday, June 21, 2013

သရဲနဲ့ လောင်းကြေးထပ်တဲ့ည


"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."

"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."

"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."

ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။

"ဒါဆို ဒီလိုလုပ်…၊ ငါတို့ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ ညီမသုံးဖော် ဆွဲကြိုးချသေထားတဲ့ အိမ်ပျက်ကြီး သိတယ်မှတ်လား.."

"အေး…. သိတယ်လေ…"

"မင်း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီခြံထဲကိုဝင်ပြီး အိမ်ရှေ့မှာ မင်းနာမည်ကို မြေဖြူနဲ့ရေးရဲလား…"

"ငါလုပ်ရဲရင် မင်းက ငါ့ကို ဘာပေးမှာလဲ…"

"တစ်လစာ စားသောက်စရိတ် အားလုံး ငါတာဝန်ယူတယ်ကွာ…"

"အေး..ကြိုက်တယ်… ငါတစ်ကယ် ရေးမရေး မင်းက ဘယ်လို သိမှာလဲ…"

"မင်း (၁၂း၀၀) နာရီထိုးလို့ အဲ့ဒီအိမ်အောက်မှာ နာမည်ရေးပြီးတာနဲ့ ငါ့အိမ်ကို တန်းလာပြီး ငါ့ကိုနှိုး၊ ပြီးရင် ငါတို့နှစ်ယောက် အတူ ပြန်သွားကြည့်မယ်.. တစ်ကယ် ဟုတ်မဟုတ် ဆိုတာကို… မင်းလာမနှိုးရင်.. ငါ့ကို တစ်ဝိုင်းပဲကျွေး.."

"စိန်တယ်ကွာ…၊ ငါကလည်း ဒီလိုစိန်ခေါ်မယ့်သူနဲ့တွေ့ချင်နေတာ…"

"အိုကေလေ.. ဒါဆိုရင် ဒီလ လပြည့်ညမှာ ငါတို့ အစီအစဉ် စကြတာပေါ့…"

×××××××××××××××××××××××××××××××××


ဒီည လပြည့်ည….. ကျွန်တော် သက်အောင်နဲ့ လောင်းကြေးထပ်ထားတဲ့ည..၊ အမှန်တော့ ကျွန်တော် သူ့ဆီက တစ်ဝိုင်းစားချင်တာထက် ဒီကောင် သရဲတစ်ကယ်ရှိတယ်ဆိုတာကို ယုံစေချင်လို့ဖြစ်သည်။ ဒီကောင်က သတ္တိရှိတဲ့ကောင်ဆိုတော့ တစ်ကယ်တွေ့တယ်ပဲထားအုံး.. ဘာမှ စိုးရိမ်စရာမရှိ…။ ညနေ ကတည်းက ခြံဝင်းအပြင်ဘက်ကနေ လှမ်းကြည့်ပြီးပြီ..။ ဘာနာမည်မှ ရေးထားတာ မမြင်ရသေး..၊ ဒီအတိုင်းဆို ဒီကောင် ကျွန်တော့်ကို ကွက်ကျော်နင်းဖို့တော့ အစီအစဉ်ရှိပုံမရ..။ အေးလေ..။ ဒီကောင်ကလည်း သရဲဆိုတာနဲ့ကို တိုးချင်နေသည့် အကောင်မဟုတ်လား…။

ဒီလိုနဲ့ ကျွန်တော် မအိပ်ပဲ ဂိမ်းစောင့်ရင်း ဒီကောင် လာအခေါ်ကို စောင့်နေလိုက်တယ်..။ သေချာပါတယ်..။ ဒီကောင်ကျွန်တော့်ကို လာကိုခေါ်မှာ..။ ခဏအကြာတော့ ခြံရှေ့က အသံတစ်ခုကို ကြားလိုက်ရတယ်..။ ပြတင်းပေါက်ကနေ ကျော်ကြည့်လိုက်တော့.. လူရိပ်တစ်ခု.. သက်အောင်ပဲဖြစ်မည်..။ ကျွန်တော် အိမ်ပြင်ကို ထွက်လိုက်သည်။ ကျွန်တော့်မြင်တော့ လိုက်ခဲ့ဖို့ လက်ဟန်ပြပြီး ရှေ့ကနေ ဦးဆောင်ထွက်ခွာသွားသည်။ ဒီအချိန်ထိ ကျွန်တော့်မှာ သူ့ကို လူလုံးဖမ်းလို့ မရသေး..။ ဒါပေမယ့် ဒါ သက်အောင်ပဲဖြစ်မှာပါ..။ ဒီအချိန်ကြီး ကျွန်တော့်ကို လာခေါ်ဖို့ ပြောထားတာ ဒီကောင် တစ်ယောက်တည်း ရှိတာကိုး..။ ကျွန်တော်လည်း ခပ်သွက်သွက်ပဲ သူ့နောက်က လိုက်ခဲ့သည်။

ရှေ့က ခပ်သွက်သွက် သွားနေတဲ့ သက်အောင်ကို မီအောင်လိုက်နေပေမယ့် မမီ…၊ မီဖို့ နီးကပ်လာတိုင်း ပြန်ပြန်ဝေးသွားသလိုပင်..။ ကျွန်တော်က သူ့နာမည်အော်ပြီး လှမ်းအော်ပြောလည်း စကားပြန်မပြောပဲ ခဏကြာတော့ အဆိုပါ အိမ်ပျက်ကြီးထဲ အုတ်တံတိုင်းကျော်ကာ ၀င်ချသွားတော့သည်။

ကျွန်တော် နာရီကြည့်လိုက်သည်။ (၁၂း၂၀) ထိုးပြီ..။ ဒီကောင် တစ်ခုခုတော့ ထူးနေပြီ..။ ကျွန်တော့်ကို ကြောက်အောင် တမင်သက်သက် လုပ်နေတာလားမသိ…။ ကျွန်တော်လည်း သူရေးထားတဲ့ စာလုံးကို ရေးပြီးတာနဲ့ လိုက်ကြည့်မယ်လို့ ကတိခံထားတာကြောင့် ဘာမှ သိပ်စဉ်းစားမနေတော့ပဲ ခြံထဲကို အုတ်တံတိုင်း ကျော်ပြီး ခုန်ဝင်လိုက်သည်။ အိမ်ရဲ့ စင်ဝင်အောက်မှာ ကျွန်တော့်ကို ကျောပေးပြီး ရပ်နေသော သက်အောင်ကို တွေ့လိုက်ရတယ်…။ ပြီးတော့ သူ့ဘေးမှာ မြေဖြူနဲ့ ရေးချစ်ထားတဲ့ နာမည် တစ်ခု…။ ကျွန်တော်နဲ့ နည်းနည်းဝေးနေသေးတာကြောင့် ဘာရေးထားသလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မမြင်ရ..။

"အောင်မယ်.. မင်းက ဟုတ်လှချေလား..၊ နာမည်တောင် ရေးပြီးပြီပေါ့…"

ကျွန်တော် စကားပြောရင်း သက်အောင်ဆီ လမ်းလျှောက်သွားလိုက်သည်။ ဒီကောင်ဘာမှ ပြန်မပြောတဲ့အပြင် ကျွန်တော့်ဘက်တောင် လှည့်မကြည့်…။

"အေးပါ..အေးပါ… ငါရှုံးပါပြီ… အရှုံးပေးပါတယ်… မင်းတစ်ကယ် သတ္တိရှိတယ်ဆိုတာကို ငါလက်ခံပါပြီ…"

သက်အောင်ဆီက ဘာသံမှမကြား…။ ကျွန်တော် မြေဖြူနဲ့ ရေးထားတဲ့ နာမည်ကို ငုံ့ကြည့်လိုက်သည်။

"ဟာ… ဟရောင်… မင်းရေးထားတာ…၊ မင်းနာမည်လည်း မဟုတ်ပါလား…၊ ယုဝါမိုးတဲ့…… အာ….. ဒါ ဒီအိမ်က ဆွဲကြိုးချသေတဲ့ ကောင်မလေး အငယ်ဆုံးရဲ့ နာမည်ကြီးလေ…အာ…… သက်အောင်…မင်း…..မင်း..…"

ကျွန်တော် စကားမဆုံးခင်မှာပင် ကျွန်တော့်ဘက်သို့ ဖြည်းဖြည်းချင်းလှည့်လာနေသော ခုနက ရပ်နေတဲ့ သက်အောင်လို့ထင်ရတဲ့ အရာ… သက်အောင် မဟုတ်…။ သူ့မျက်နှာက ကျွန်တော့်ကို ပြုံးပြနေသည်လား..၊ စိတ်ဆိုးနေသည်လား.. ကျွန်တော် မသိ..။ မျက်လုံးတစ်ဝိုက် ညိုပုတ်နေပြီး မျက်နှာတစ်ခုလုံး ယောင်ကိုင်း ပုတ်ပွနေပြီး ပါးစပ်ထဲက လျှာတန်းလန်းကျနေသည်။ သူ့ဆံပင်တွေက မျက်နှာပေါ်မှာ အနည်းငယ်ဖုံးအုပ်နေပြီး ရင်ညွှန့်လောက်ထိ ရှည်လျားသည်။ သူ့ဆီမှ အပုတ်နဲ့လှိုင်လှိုင်ထွက်နေပြီး ကျွန်တော်နောက်ဆုံး မြင်လိုက်ရသည်က သူမ ခေါင်းထက်မှာ ပန်ထားသည့် ခေါင်ရမ်းပန်းတစ်ပွင့်…..

ကျွန်တော်သတိရလာတော့..ဆေးရုံပေါ်မှာ…။ ဘေးနားမှာ မိသားစုတွေကော.. သက်အောင်ကိုပါ.. တွေ့လိုက်ရသည်။

"သက်အောင်…ငါ…ငါ.. ဘာဖြစ်ခဲ့တာလဲ… မင်းရော….."

"မင်းနဲ့ငါ လောင်းထားတာကို စိတ်စွဲပြီး မင်းဟာမင်း အိပ်မက်ယောင်ပြီး အဲ့ဒီအိမ်ကြီးထဲသွားခဲ့တာလေ..၊ sleepwalking လို့ခေါ်ရမှာပေါ့… မနက်ကျ မင်းကို မတွေ့လို့ လိုက်ရှာတော့မှ..  ဒီထဲမှာတွေ့တာ…."

"ဟင်…ဒါဆို…မင်း…မင်းက ငါ့ဆီ မလာဘူးလား…"
"ငါမနေ့က အလုပ်ကိစ္စနဲ့ ခရီးတစ်ခုထွက်သွားတာ ဒီမနက်မှ ပြန်ရောက်တာလေ…"

"ဟာ….. ဒါဆို…. ဒါဆို….. ငါ……."

"ဒါနဲ့နေပါအုံး…မင်းက sleepwalking ဖြစ်ရင် ပန်းတွေဘာတွေ ခူးတတ်သလား… ငါတို့မင်းကိုတွေ့တော့ မင်းလက်ထဲမှာ ခေါင်ရမ်းပန်းကြီး တစ်ပွင်နဲ့…"

(ကဲ….သယ်ငယ်ချင်း တို့ရေ… အခုပဲ သင်ဘေးနားမှာရှိတဲ့.. ပြတင်းပေါက်တစ်ခုကို ဖွင့်ကြည့်လိုက်ပါ..။ သင့်ကို လက်ယပ်ခေါ်နေတဲ့ ပုံသဏ္ဍာန်တစ်ခုကို သင်တွေ့ရပါလိမ့်မယ်…)

အောင်ထွန်းဦး

Tuesday, June 11, 2013

အဖေ့မေတ္တာဖော်ကျူးထားတဲ့ ကြော်ငြာလေး

ဒီကြော်ငြာလေး ကြည့်ပြီး ရင်ထဲမှာ ၀မ်းနည်းမှုတွေ ခံစားလာရတယ်ဗျာ..
ကြော်ငြာလေးက ထိုင်း အသက်အာမခံ ကြော်ငြာလေးပါ..။
စကားမပြောတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ သမီးအပေါ် ထားရှိတဲ့ မေတ္တာတရားကို ဖော်ကျူးထားတာပါ...။


ကြည့်ပြီးတော့ မျက်ရည်မကျအောင် မနည်းထိန်းထားရတယ်..။


အောင်ထွန်းဦး

Monday, June 10, 2013

ကျွန်တော်နဲ့ ကောင်မလေး သရဲ


ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ခပ်လန်းလန်း ကောင်မလေး တစ်ယောက်ရှိတယ်ဗျ..။ ဘယ်ပြောကောင်းမလဲ… ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်လုံး တစ်ယောက် မကျန် ၀ိုင်းကြောင်ကြတာပေါ့ဗျာ… ဒါပေမယ့်.. ဖြစ်ဖြစ် မြောက်မြောက် တစ်ကောင်မှ မရှိတဲ့ အတွက် မရလိုက်ပါဘူး..။ ဟိုလူလိုလို ဒီလူလိုလိုနဲ့ ပါးစပ်အရသာ ခံရင်း ကောင်မလေးကတော့ ကျွန်တော်တို့အဖွဲ့ထဲက ဘယ်တစ်ယောက်ကိုမှ စိတ်မ၀င်စားခဲ့ဘူး..။

တစ်နေ့……. ကြားလိုက်ရတဲ့ သတင်းက ကောင်မလေး ဆုံးသွားပြီတဲ့..။ ညနေ ကျောင်းကအပြန်မှာ ဆိုင်ကယ် ကားနဲ့ ၀င်တိုက်တာ ပွဲချင်းပြီးဆိုပဲ…။ ကျွန်တော်တို့ တစ်သိုက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ…။ ညနေကျတော့ လူစုပြီး မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ထုံးစံအတိုင်း ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးဖို့ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ထွက်ခဲ့ကြတာပေါ့ဗျာ…။

ကောင်မလေးက တစ်ဦးတည်းသော သမီးပါ..။ မိသားစုက အရမ်း မချမ်းသာတဲ့ လူလတ်တန်းစားထဲကပါ..။ အဖေရော အမေရော အစိုးရ၀န်ထမ်းတွေဖြစ်ပြီး ကောင်မလေးကလည်း တက္ကသိုလ်မှာ M.A ဆက်တက်နေတာ ဆိုတော့ ပညာတတ် မိသားစုလို့ ပြောလို့ရပါတယ်..။

ကျွန်တော်တို့ ရောက်သွားတော့ ကောင်မလေး မိဘတွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ..။ ငိုထားရလွန်းလို့ မျက်လုံးတွေမို့နေပြီး အမေဖြစ်သူဆိုရင် အသံဝင်ပြီး အသံတောင်  မထွက်ချင်တော့ပါဘူး..။ ကျွန်တော်တို့လည်း သတင်းမေး..နှစ်သိမ့်ပြီး.. မဏ္ဍပ်ဆောက်ဖို့နဲ့ အခြားဝေယျာဝစ္စတွေ လုပ်ဖို့အတွက် တာဝန်ကိုယ်စီ ခွဲယူပြီး ဆောင်ရွက်ပါတော့တယ်…။

ကောင်မလေးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ သိပ်မကြာသေးတာကြောင့် အသိ မိတ်ဆွေတွေ သိပ်မရှိပါဘူး..။ ကျွန်တော်တို့အဖွဲ့ လာလိုက်တာ မှန်သွားတယ်..။ မဟုတ်ရင် သူတို့ အားငယ်နေမှာ သေချာတယ်..။ ခဏကြာတော့ အန်တီက

"ဒီမှာ ညအိပ်ပေးပါလား သားရယ်..၊ အန်တီတို့က နှစ်ယောက်တည်းဆိုတော့.."

"ရပါတယ် အန်တီရယ်…. စိတ်မပူပါနဲ့… ကျွန်တော်တို့ တစ်ဖွဲ့လုံး ညလုံးပေါက် ရှိမှာပါ…" ဆိုပြီး ကျွန်တော် အားပေးနှစ်သိမ့်လိုက်တယ်..။

ပြောရအုံးမယ်..။ ကောင်မလေးက ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးတာဆိုတော့ သူ့အလောင်းကို အိမ်သယ်လို့ မရဘူးဗျ..။ ဆေးရုံက ရင်ခွင်ရုံမှာ ထားရတယ်..။

ဒီလိုနဲ့ မိုးလည်းချုပ်လာရော.. မီးလုံးတွေဖွင့်….. မြန်မာဓလေ့ ထုံးစံအတိုင်း ဖဲထုပ် ၀ယ်တဲ့သူက၀ယ်ပြီး ၀ိုင်းတွေ အသီးသီး စလိုက်ကြတယ်..။ ကျွန်တော်တို့အဖွဲ့ကတော့ မ၀င်သေးပဲ ဝေယျာဝစ္စတွေ လုပ်ကူနေတာပေါ့…။ ည (၁၁း၀၀) ကျော် (၁၂း၀၀) လောက်လည်းရောက်ရော စားပွဲပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး..။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၄ယောက်ပဲ ကျန်တော့တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲဗျို့…။

ကျွန်တော်လေးယောက် ၀ိုင်းပြီး ဖဲထိုင်ရိုက်နေကြတယ်..။ အန်တီတို့ကလည်း ကျွန်တော်တို့ဘေးမှာ ငူငူကြီး ထိုင်နေကြတယ်..။ ည (၁း၀၀) နာရီလောက်လည်း ရောက်ရော… အန်တီက..

"အမလေး..အမလေး…သမီး…သမီး…."

ဆိုပြီး ခြံတံခါးဝကို ပြေးထွက်သွားတယ်…။ ကျွန်တော်တို့လည်း ပြေးလိုက်သွားရတာပေါ့..။ ဘာဖြစ်လို့လဲ ဘာညာမေးတော့ ကောင်မလေးကို ခြံဝမှာတွေ့လိုက်တယ်တဲ့..၊ အိမ်ထဲကို အတင်းဝင်ချင်နေတာ ၀င်လို့ မရဖြစ်နေပုံပဲတဲ့..။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်..။ ကိုယ်က ကြောက်နေရင် တခြားသူတွေ ပိုဆိုးနေမှာဆိုးတာနဲ့..

"သြော်..အန်တီရယ်.. အန်တီက ငိုထားလွန်းလို့ မျက်လုံးမို့ပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…" ဆိုပြီး နှစ်သိမ့်ပြီး အိမ်ထဲ ပြန်ခေါ်လာခဲ့တယ်..။

ဒီလိုနဲ့ ကျွန်တော်တို့ ဖဲဆက်ရိုက်ဖြစ်တယ်..။ ကျွန်တော့်စိတ်က ဖဲဝိုင်းထဲမှာ မရှိဘူး..။ ခြံတံခါးဝကိုပဲ ရောက်နေတယ်..။ ခဏကြာတော့ ခြံတံခါးဝကို ဖျတ်ခနဲ ကြည့်လိုက်တော့ လားး လားးး… ကောင်မလေးဗျို့… ခြံတံခါးဝဖွင့်နေတာ.. ဒါပေမယ့် ချက်ချင်းပဲ ..ကျွန်တော့်မြင်ကွင်းထဲကနေ ပြန်ပျောက်သွားတယ်..။

ကျွန်တော် ဝေခွဲမရဖြစ်နေတုန်းမှာ အန်တီက တစ်ခါ ပြေးဆင်းသွားပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်တယ်..။ 

ပြီးတော့ "သမီး… လာ….လာ…. အိမ်ထဲဝင်… "

ဆိုပြီး လူတစ်ယောက်ကို လက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ့ ခြံထဲပြန်ခေါ်လာတယ်..။ တစ်ကယ်တော့ ဘာမှ မရှိဘူးဗျ…။ ပြီးတော့ ကျွန်တော့်ဘေးနားမှာ ထိုင်ခိုင်းလိုက်တယ်..။ ကြမ်းခင်းသံ တကျွီကျွီနဲ့ မြည်သွားတယ်..။ ပြီးတော့ ကျွန်တော့်နားမှာ အနံ့ဆိုးကြီး တစ်ခုကို ကျွန်တော် ရလိုက်တယ်..။ ကျွန်တော် သိလိုက်ပြီ..။ ကောင် မလေး ကျွန်တော့်နားမှာ ၀င်ထိုင်နေလေပြီ..။

အန်တီကတော့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်ဘေးကနေရာကိုကြည့်ပြီး တတွတ်တွတ်ပြောနေတယ်..။ ဦးလေး ကလည်း ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ပဲ ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်လုံးကတော့ ကြောင်ပြီး ကြည့်နေမိ ကြတယ်..။ အဆိုးဆုံးကတော့ ကျွန်တော်ပေါ့..။ သူ ကျွန်တော့်ဘေးနားမှာ တစ်ကယ်ထိုင် နေတာ ကျွန်တော်သိတယ်..။ ပြင်းထန် ဆိုးဝါးတဲ့ အပုပ်နဲ့ကို ရှုရှိုက်ရင်း ကျွန်တော့် ကြောက်စိတ်က ငယ်ထိပ် ကိုရောက်နေတယ်..။ ကျွန်တော် နဖူးကချွေးတွေ တဒီးဒီး မျက်နှာပေါ်စီးကျနေတာကို သိပေမယ့် သုတ်ပစ်ဖို့ မပြောနဲ့ လူကို မလှုပ်ရဲဘဲ အသက်ကိုတောင် ဖြည်းဖြည်းချင်း ရှုနေလိုက်တယ်…။

ခဏကြာတော့ အန်တီက.. "သမီး.. ဘယ်သွားမလို့လဲ.." ဆိုပြီး မေးလိုက်တယ်..။ ကြမ်းခင်း တကျွီကျွီ မြည်သံကို ကြားလိုက်ရပြန်တယ်.. ကျွန်တော်ပျော်သွားတယ်.. ဟုတ်တယ်လေ.. သူ့ဟာသူ သွားချင်တဲ့နေရာသွား ကျွန်တော့်နား ရှိမနေရင် ပြီးရောလေ..။

အန်တီက သူ့သမီးသွားတဲ့နေရာကို လိုက်ကြည့်နေတယ်ထင်တယ်.။ သူ့မျက်လုံးက ရွှေ့လျားနေတယ်..။ ခဏကြာတော့ အန်တီ့အကြည့်က ကျွန်တော့် တည့်တည့်မှာ..။ အောင်မလေး…… ကောင်မလေး ကျွန်တော့် နောက်ကျောမှာ ရပ်နေပီ…။

"သမီး…ဘာလုပ်မလို့လဲ… အဲ့လို မလုပ်ရဘူးလေ..သမီး..အဲ့ဒါ သမီးရဲ့ သူငယ်ချင်းလေ.." အန်တီက ထိတ်လန့်စွာနဲ့ အော်ပြောလိုက်တယ်..။

ကျွန်တော် လည်း မျက်စိမှိတ်နေလိုက်ပြီး ရသမျှ ဘုရားစာတွေ စိတ်ထဲကနေ ရွတ်ဆိုနေလိုက်တယ်..။ ဟိုသကောင့်သားလေးကောင်နဲ့ ဦးလေးဆီကလည်း ဘာသံမှ မကြား…။ အကုန်လုံး ကြောက်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပီထင်တာပဲ..။

"သမီး.. အဲ့လို မလုပ်နဲ့လို့ အမေ..ပြောနေတယ်နော်…အမေ့စကားနားထောင်စမ်း.."

ကျွန်တော်ကတော့ ဘာဆက်ဖြစ်မလဲ ကျွန်တော် ဆက်မတွေးတော့ဘူး..။ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ပြီး ဖြစ်ချင်ရာဖြစ် သဘောထားကာ ကောင်မလေးရဲ့ မျက်နှာကို မြင်ယောင်ပြီး စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်တယ်…။

ကောင်မလေး ကောင်းရာမွန်ရာ ဘ၀ကို ရောက်ပါစေ…

ခဏကြာတော့… ကျွန်တော် အသက်ရှုကြပ်သလို ခံစားလာရတယ်..။ ပတ်ဝန်းကျင်ကို ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ဘူး..။ အဲ့နောက်.. ကျွန်တော် ဘာမှ မသိတော့ဘူး…။

ကျွန်တော် ပြန်သတိရလာတော့ အိမ်ရောက်နေပြီ..။ ကျွန်တော်က ကုတင်ပေါ်မှာ.. ကုတင်ဘေး ပတ်ပတ်လည် မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိသားစုကို တွေ့လိုက်ရတယ်..။

"အမေ..သားဘာဖြစ်သွားတာလဲ.."

"သားမနေ့ညက သရဲဝင်ပူးခံရတာလေ…"

"ဗျာ…ကောင်မလေး ၀င်ပူးတာလား.."

"ဟုတ်တယ် ဟရောင်.. ကောင်မလေးက မင်းကိုဝင်ပူးပြီး ငါတို့လေးယောက်ကို တံမြက်စည်း ဆွဲပြီး လိုက်ရိုက်တာဟေ့… ပြေးလိုက်ရတာကို မပြောနဲ့တော့..။ နောက်ပြီး မင်းပါးစပ်ကလည်း ပြောသေးတယ်…. သေနာကောင်တွေ… ငါ့ကို စချင်အုံးတဲ့.."

ကျွန်တော်တို့ နောက်ပိုင်း ကောင်မလေးအိမ်ကို မသွားဖြစ်ခဲ့ပါ..။ မသွားရဲတာကြောင့်လည်းပါသည်။ ရက်လည် တဲ့ရက်အထိ အားလုံးအေးအေးဆေးဆေး ပြီးသွားတယ်လို့ ကြားရတော့ စိတ်ထဲမှာ တစ်ကယ်ပဲ ကောင်မလေး အတွက် ၀မ်းသာမိသည်…။ ငါတို့ ချစ်တဲ့ကောင်မလေးရေ…မင်းလေး ကောင်းရာသုဂတိ လားပါစေကွာ…။

အောင်ထွန်းဦး

Saturday, June 8, 2013

တန်ဖိုး


ကျွန်တော် ဒီနေ့ ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ကောင်တာထိပ်မှာ ရပ်နေတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရတယ်…။ အသက်က (၈) နှစ်လောက်ရှိပြီး ကျစ်ဆံမြီး နှစ်ဖက်ကို ချထားကာ ကျောင်းတက်ဝတ်စုံလေးကို ၀တ်ဆင်ထားပါတယ်..။

"သမီး ဘာလို့ချင်လို့လဲ.." လို့ ကျွန်တော် မေးလိုက်တယ်…။ သူမက ချက်ချင်း မဖြေသေးပဲ ကျွန်တော့် ဆိုင်ထဲက ရောင်းဖို့ ထားထားတဲ့ ခွေးတွေ အကုန်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်တယ်…။ ပြီးတော့..

"သမီးကို ဟို အမဲရောင်နဲ့ အကောင်လေးပေးပါ…"

"အဲ့ဒီအကောင်ကို မယူပါနဲ့လား သမီး..၊ အဲ့ဒီကောင်က ခြေထောက်တစ်ဖက် ဆာနေလို့…"

"ရပါတယ်..။ သမီးသူ့ကိုပဲ ၀ယ်ပါ့မယ်.."

"မဟုတ်သေးဘူးလေ သမီး..။ သူ့ကိုဝယ်သွားရင် သမီးအတွက် သူက ကစားဖော် ဘယ်ဖြစ်နိုင်ပါ့မလဲ.. ပြီးတော့ သမီးမိဘတွေက သမီးကို ဆူမှာပေါ့.."

ကျွန်တော် ဒီစကားတွေ သူမကို တစ်ကယ့် စေတနာနဲ့ ပြောတာပါ..။ ဒါပေမယ့်…

"ရပါတယ်..၊ ဘာပဲဖြစ်ဖြစ်ပါ..၊ ဈေးသာ ပြောပါ….၊ သမီးသူ့ကိုပဲ ၀ယ်မှာပါ.."

"ဟိုးဘက်မှာ..၊ အလှပဆုံးနဲ့ အသန်မာဆုံးခွေးတွေ ဦးမှာ ရှိတယ်..၊ သမီးအတွက် အဆင်ပြေမယ့် တစ်ကောင် ဦးရှာပေးပါ့မယ်..၊ ဒီကောင်ကို မ၀ယ်ပါနဲ့.."

"သမီး… ဒီကောင်လေးကိုပဲ ၀ယ်ပါ့မယ်..၊ ခြေထောက်ဆာနေတာဟာ အပြစ်တစ်ခုလို့ သမီး မထင်ဘူး…"

ကျွန်တော် ဒီကောင်မလေးရဲ့ စိတ်အားထက်သန်မှုကို လက်လျော့ အရှုံးပေးလိုက်ရသည်။

"ကဲ..ကဲ.. ဒါဆိုလည်း… ပိုက်ဆံ မပေးနဲ့တော့..၊ ဦးအလကား ပေးလိုက်မယ်နော်.."

ကောင်မလေးမျက်နှာ သိသိသာသာကို ပျက်သွားတာ ကျွန်တော် သတိထားမိလိုက်သည်။

"ဒီမှာ ဦးလေး..၊ တန်ရာတန်ကြေးပြောပါ..၊ ခြေထောက်ဆာနေလည်း သူ့တန်ရာတန်ကြေး တော့ သူရှိမှာပါ..သမီး..အလကား မယူပါဘူး.."

ဒီကောင်မလေးရဲ့စိတ်ကို ကျွန်တော် လုံးဝ မခန့်မှန်းတတ်တော့...

"ကဲ..ဒါဆိုလည်း… ဒေါ်လာ 50 ကျပါတယ်…"

ကောင်မလေးက ချက်ချင်းပဲ သူ့အိတ်ထဲက ပိုက်ဆံတွေထုတ်ပြီး တစ်ရွက်ချင်း ရေတွက်လိုက်တယ်..၊ ပြီးတော့ ကျွန်တော် ထုတ်ပေးတဲ့ ခွေးလေးကို ယုယစွာ ချီပြီး…

"ကျေးဇူးတင်ပါတယ်..တစ်ကယ်တော့.. ဒုက္ခိတ ဖြစ်သွားတာဟာ…တန်ဖိုးလျော့ကျသွားတာ မဟုတ်ပါဘူးရှင်…"

ပြီးတော့ ခွေးလေးကို ပိုက်ပြီး လွယ်အိတ်ကို လွယ်ကာ အောက်မှာ ချထားတဲ့ ဂျိုင်းထောက်လေး နဲ့ ထော့နင်း ထော့နင်း ထွက်သွားခဲ့ပါတယ်..။ အို… ဒီကောင်မလေးက ခြေထောက် တစ်ဖက် ဆာနေတာပါလား….။

အောင်ထွန်းဦး


ကိုယ့်ကို သတ်တဲ့အမေကို ပြန်ကယ်တဲ့ သား

ဇွန်လ ၅ ရက်နေ့မှာ၊ Chunan ပြည်နယ်က အသက် ၃၄ နှစ်အရွယ် ရှိတဲ့ Zhan ဆိုတဲ့ အမျိုးသမီးဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပါတယ်..။ သူမဟာ သူမရဲ့သားဖြစ်သူ အသက် ၆ နှစ်သာ ရှိသေးတဲ့ Xiao Yu ကို လည်ပင်းကို လှီးဖြတ်ပြီးနောက် သူမကို ကိုယ်မ သတ်သေဖို့ ကြိုးစားခဲ့တာပါ…။  ဒါပေမယ့် အသက်မသေသေးတဲ့ သားလေး Xiao ဟာ ဒဏ်ရာ ရရှိထားတဲ့ ကြားကပဲ ထပြီး သူ့အမေဆီက ဓါးကို လုယူခဲ့ပါတယ်..။ သူ့အမေ ကိုယ့်ကိုယ်ကို သတ်သေလို့ မရအောင်ပေါ့…။ ဒီလို ဓါးကို အတင်းလုယူခဲ့တာကြောင့် Xiao ရဲ့လက်မှာ ဓါးဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်..။


ဒီအချိန်မှာမှ အသိတရားဝင်လာတဲ့ မိခင်ဖြစ်သူဟာ ကလေးရဲ့ဖခင်ရင်းဆီ ဖုန်းဆီပြီး "ကျွန်မ သေတော့မယ်..၊ ရှင့်သားတော့ သေနေပြီ.." ဆိုပြီး ဖုန်းဆက်ပြောခဲ့ပါတယ်..။ ဒါကို သူ့ဖခင်ရင်းက စနောက်နေတယ်ထင်ပြီး ဖုန်းချသွားခဲ့ပါတယ်..။ နောက် ပထွေးဆီ ဆက်ပြန်တော့်လည်း အလားတူပါပဲ..။ နောက်ဆုံးသူမဟာ ကြံရာမရဖြစ်ပြီး ရဲစခန်းဆီကိုသာ ဖုန်းဆက်လိုက်ပါတော့တယ်..။
ကလေးကတော့ အခု အရေးပေါ် အခြေအနေမှာရှိပါတယ်.. ။ ကိုယ်ရရှိထားတဲ့ ဒဏ်ရာကို အလေးမထားပဲ မိခင်အန္တရာယ်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ခဲ့တဲ့ ခြောက်နှစ်အရွယ်သားလေးကို တရုတ် မီဒီယာတွေက ချီးကျူးခဲ့ကြပါတယ်..။


အောင်ထွန်းဦး


Tuesday, June 4, 2013

အိမ်သာပိုက်ထဲက ကလေးငယ်

Zhejiang ပြည်နယ်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ အိမ်သာတစ်ခုထဲကို ၀င်ပြီး ကလေးမွေးဖွားခဲ့ပါတယ်..။ မွေးဖွားပြီးမကြာမီမှာပဲ ကလေးငယ်ဟာ အိမ်သာထဲကို လျှောကျသွားခဲ့ပါတယ်..။ ကလေးငယ်ကို ကယ်ဆယ်ပြီးတဲ့နောက်မှာ အဆိုပါ အမျိုးသမီးဟာ သူ့ကလေးကို လက်မခံချင်ခဲ့ပါဘူး..။ ပြည်သူတွေကတော့ ဒီအမျိုးသမီးဟာ ကလေးကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ထင်မြင်ချက်တွေ ပေးကြပေမယ့် စုံစမ်းတွေ့ရှိချက်တွေအရတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါသတဲ့..။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ကလေးရဲ့အဖေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုပါ ရှာဖွေသွားမှာဖြစ်ပါတယ်..။


ဒါပဲဖြစ်ဖြစ်ပါ…။ ကျွန်တော်ကတော့ အသက်ပြန်လည် ရှင်သန်ခွင့်ရခဲ့တဲ့ ကလေးအတွက် ၀မ်းမြောက်မိသလို ကလေးအမေက ကလေးကို စွန့်ပစ်ခဲ့တာ မဟုတ်ပဲ မျှော်လင့်မထားတဲ့ မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါစေ ဆုတောင်းနေမိပါတယ်..။




အောင်ထွန်းဦး

Monday, June 3, 2013

အရူးတစ်ယောက် ပုံပြင်


လူတွေက ကျွန်တော့်ကို ခေါ်ကြတယ်… အရူးတဲ့… ကျွန်တော် ရီချင်တယ်….. အရူးထက်ပိုပြီး ရူးနေတဲ့ လူတွေများတဲ့လောကကြီးမှာ လူအများသတ်မှတ်ထားတဲ့ သာမန် အရူးတစ်ယောက် ဘ၀ကို ကျွန်တော် ကျေနပ်တယ်..၊ လက်ခံတယ်..ဒါကြောင့် ဟုတ်တယ်….. ကျွန်တော် ရူးနေတယ်…။

ပြောရမယ် ဆိုရင် လူတွေက ဘာကိုကြည့်ပြီး ကျွန်တော့်ကို ရူးတယ်လို့ပြောနေကြတာလဲ…၊ အမှန်တော့ ကျွန်တော်က ကျွန်တော့်ဘ၀ကို ကျွန်တော် ကျေနပ်အောင် နေနေတာပါဗျာ..။ ကျွန်တော် ပျော်ရင် သီချင်း အကျယ်ကြီး အော်ဆိုလိုက်တယ်…၊ စိတ်ညစ်ရင် ငိုတယ်…၊ ဗိုက်ဆာရင် တောင်းစားတယ်..၊ ကိုယ်မရောက်ဘူးတဲ့ နေရာတွေ လျှောက်သွားတယ်..၊ ကြုံတဲ့နေရာမှာ အိပ်တယ်.. ကိုယ်ကြိုက်တာကို ကိုယ် ၀တ်တယ်…. ဒါကို ရူးတယ်လို့ ဆိုချင်ကြတာလား..။ ဒါဆိုရင်တော့ ထားပါတော့ဗျာ…. ခင်ဗျားတို့ ပြောတဲ့အတိုင်းပဲ ကျွန်တော် ရူးနေပါတယ်…။

ကျွန်တော့်ဘ၀က အရင်က အတော့်ကိုသာယာခဲ့ပါတယ်…၊ ကျွန်တော့်ကို သိပ်ချစ်တဲ့ မိန်းမရယ်.၊ သားနဲ့ သမီးလေးနှစ်ယောက်ရယ်..နဲ့…ပျော်ရွှင်ခဲ့တဲ့ ဘ၀လေးကို ပိုင်ဆိုင်ခဲ့တာပေါ့ဗျာ…. မနက်ပိုင်း ကလေးနှစ်ယောက်ကို ရွာကျောင်းကို ၀င်ပို့၊ ပြီးရင် လှေနဲ့ ပိုက်ချ ငါးရှာပြီး အပြန်မှာ သားနဲ့ သမီးကို ပြန်ဝင်ခေါ်၊ ညနေ ဗိုက်ဆာဆာနဲ့ ကျွန်တော့်မိန်းမ ချက်ထားတဲ့ ထမင်းဟင်း တွေကို သားသမီးတွေ နဲ့အတူ လုစားခဲ့ရတဲ့ သာယာလှပ စိတ်ချမ်းသာစရာကောင်းတဲ့ ဘ၀ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်….။ ဒီလို အပူအပင် မရှိတဲ့ ဘ၀လေးမှာ နေထိုင်ရင်း တံငါသည်ဘ၀နဲ့ အသက်မွေးလာ ခဲ့တဲ့ကျွန်တော် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခုလို လူတကာက အရူးလို့ အခေါ်ခံရ လောက်မယ့် ဘ၀မျိုး ရောက်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိပါလဲဗျာ…။

ရေဒီယိုကနေကြော်ငြာတဲ့ မုန်တိုင်းသတင်းကို ကျွန်တော် ဂရုတစိုက်ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ မိသားစု ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရမှာမဟုတ်ပါဘူး..၊ ကျွန်တော်အပါအ၀င် တစ်ရွာလုံးကလည်း ဒီသတင်းကို ဘယ်သူမှ ဂရုတစိုက်မရှိခဲ့ကြပါ ဘူး..။ မုန်တိုင်းဆိုတာ ကျွန်တော်တို့ရွာအဖို့တော့ လာလည်နေကျ ဧည့်သည်လိုပါပဲ.. အထူးတလည် ပြင်ဆင်ဧည့်ခံဖို့ မလိုဘူးလို့ပဲ တွေးထားလိုက်ကြ တာကိုး…။

ဒီနေ့ည လေတွေတိုက်တာ ကြမ်းလိုက်တာဗျာ..။ မုန်တိုင်းရဲ့ အရိပ်လက္ခဏာတွေပေါ့လေ..၊ ကြုံနေကြ ကိစ္စဆိုတော့ ကျွန်တော် စိတ်တော့သိပ်မပူပါဘူး..။ ဒါပေမယ့် ခဏကြာတော့ လေတွေ တိုက်တာ အရမ်းကိုကြမ်းလာတယ်..၊ ကျွန်တော့်အိမ်ကမိုးထားတဲ့ ဓနိနဲ့ ထန်းလက်တွေ အကုန်လွင့်စင်ကုန်တယ်..။ မုန်တိုင်းကတော့ ထင်တာထက်ကို ကြမ်းတော့မယ် ထင်တယ်..။ မိုးရေတွေစင်တာကြောင့် ကျွန်တော့် မိန်းမနဲ့ ကလေးတွေကော နိုးလာကြတယ်..။ ကျွန်တော်လည်း အိမ်အပြင်ဘက်ကိုထွက်ပြီး အရိပ်အခြေကြည့်လိုက်တယ်..။ ကျွန်တော့်လိုပဲ အခြေအနေ ထွက်ကြည့်တဲ့ ရွာသား လေးငါးယောက်ကို တွေ့လိုက်ရတယ်..။

ကျွန်တော်တို့ ကြည့်ပြီး သိပ်မကြာပါဘူး..။ ကျွန်တော်တို့ဆီကို ပြေးဝင်လာနေတဲ့ အိမ်တစ်လုံးစာ နီးပါး မြင့်တဲ့ လှိုင်းလုံးကြီးကို ကျွန်တော် မြင်လိုက်ရတယ်..။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးမားလှတဲ့ လှိုင်းလုံးကြီးကို ကျွန်တော်အပါအ၀င် ရွာသားတွေ ကြောင်ပြီး ကြည့်နေမိကြတယ်…။ ကျွန်တော် အသိစိတ်ဝင်တဲ့အချိန်မှာ လှိုင်းလုံးကြီးဟာ ကျွန်တော် တို့နဲ့ အတော်ကို နီးကပ်နေခဲ့ပါပြီ..။ ကျွန်တော် ဘာမှ စဉ်းစားမနေပဲ အိမ်ထဲကို ပြေးဝင်ပြီး သားနဲ့ သမီးကို ကောက်ချီလိုက်တယ်..။ ကျွန်တော်မိန်းမက ကျွန်တော့်ရဲ့ အင်္ကျီစကို အားကိုးတကြီး ဆုပ်ကိုင်ထားတယ်…။ ကျွန်တော့် မိသားစုကို ကျွန်တော် ဒီလှိုင်းလုံးအောက် အရောက်မခံနိုင်ဘူး..။

ကျွန်တော် သမီး အငယ်လေးကို ပုဆိုးစနဲ့ ကျောပိုးလိုက်တယ်..။ သားကို လက်တစ်ဖက်နဲ့ ကောက်ချီပြီး ထန်းတက် လှေကားနဲ့ ထန်းပင်ပေါ်ကို တက်ခဲ့တယ်..။ ပြီးတော့ ထန်းပင်ထိပ်လောက်မှာ ပုဆိုးနောက်တစ်ကွင်းကို ထန်းပင်နဲ့ ကျွန်တော့်ကိုယ်ကို ပတ်ချည်နှောင် လိုက်တယ်..။ ကျွန်တော့် မိန်းမလည်း ထန်းတက်လှေကားနဲ့ တက်လာပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထန်းပင်ကို ဖက်ပြီး နေလိုက်တယ်..။ အခုဆို ကျွန်တော်တို့မိသားစုလေးယောက် ဟာ မုန်တိုင်း ဒဏ်ကို အံတုဖို့ အသင့်ဖြစ်နေပြီလေ..။

လှိုင်းရဲ့ ရိုက်ခတ်ဒဏ်က အတော်ကိုပြင်းပါတယ်..။ ခါးမှာ ထန်းပင်နဲ့ ကျွန်တော့်ကို ပတ်ချည်ထားတဲ့ ပုဆိုးစ ပြုတ် သွားခဲ့တယ်..။ ဒါကြောင့် ကျွန်တော် အောက်ကို မပြုတ်ကျအောင် ထန်းပင်ကို ခြေထောက်နှစ်ဖက်နဲ့ ညှပ်ပြီး အားယူလိုက်တယ်..။ ဒီအချိန်မှာပဲ ကျောပိုးထားတဲ့ ကျွန်တော့်သမီးက ပုဆိုးထဲကနေ အောက်ကို လျှောကျ နေပြီလေ…။ ကျွန်တော် သမီးလေး ပြုတ်မကျအောင် လက်တစ်ဖက်နဲ့ လှမ်းဖမ်းချိန်မှာပဲ သားလေးက ကျွန်တော့်လက်ထဲကနေ လွတ်ကျသွားခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့်ခြေထောက်နဲ့ သားလေးကို ထန်းပင်နဲ့ ညှပ်ပြီး ပြန်ဆွဲဖမ်းနိုင်ခဲ့တယ်..။ ကျွန်တော့် မိန်းမကတော့ အောက်ပြုတ်မကျအောင် ထန်းပင်ကို အံကြိတ်ပြီး ဖက်ထားဆဲပေါ့..။

လေတွေကလည်း အရမ်းတိုက်နေပြီး.. ထန်းပင်ကလည်း ယိုင်ထိုးနေပါတယ်..။ ကျွန်တော် ရှိသမျှအားအကုန်နဲ့ လက်တစ်ဖက်က သမီးကိုဖက် ကျန်တဲ့တစ်ဖက်က ထန်းပင်ကို ဖက်ထားပါတယ်..။ ခြေထောက်တစ်ဖက်ကလည်း သားလေးကို ထန်းပင်နဲ့ ညှပ်ချိတ်ထားပြီး ကျန်တစ်ဖက်ကတော့ ထန်းပင်ကို ချိတ်တွယ်ထားပါတယ်…။ ကျွန်တော် လက်အံကော ခြေအံကော သေနေပါပြီ..။ ဘယ်လိုမှ ကြာကြာ ဆက်တောင့်နိုင်ခံစွမ်း မရှိတော့ပါဘူး..။ နောက်ဆုံး ကျွန်တော် အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတယ်..။ သားလေးကို ချိတ်တွယ်ထားတဲ့ ကျွန်တော့်ခြေထောက်ကို ဆန့်ထုတ်လိုက်ပါတယ်..။ အော်ဟစ်ငိုယို ပြီး ရေထဲမျှောပါသွားတဲ့ သားလေးရဲ့ မြင်ကွင်းကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး..။ ကျွန်တော့် မိန်းမကတော့ ဒီမြင်ကွင်းကို မြင်နေရပေမယ့် ဘာမှ မပြောပဲ အံကြိတ်ပြီး မျှောပါသွားတဲ့ သားလေးကို ငေးကြည့်နေပါတယ်..။ ကံမကုန်ရင် သံသရာတစ်ကွေ့မှာ ပြန်ဆုံကြတာပေါ့ သားလေးရယ်..။

ခဏကြာတော့ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စကားပြောလာပါတယ်..။ သမီးလေးကို ကယ်ပေးပါတဲ့..။ ကျွန်တော် ကတိပေးလိုက်တယ်..။ သမီးလေးရော.. မင်းရော..ငါ အသေမခံတော့ဘူးလို့…။ ကျွန်တော့် စကားမဆုံးသေးပါဘူး..။ ထန်းပင်ကို ဖက်တွယ်ထားတဲ့ သူမရဲ့ လက်တွေ ခြေထောက်တွေ ဖြေလျှော့ပြီး ပြင်းထန်လှတဲ့ ရေလှိုင်းတွေကြား မျှောပါသွားခဲ့ပြန်ပါတယ်..။

အခုတော့ ထန်းပင်ပေါ်မှာ သမီးလေးရယ်.. ကျွန်တော်ရယ်ပဲ ကျန်တော့တယ်လေ..။ မိုးကလည်းရွာ လေကလည်းတိုက်.. အောက်က ရေစီးသံတွေကလည်း တ၀ုန်းဝုန်းနဲ့ တစ်ကယ့်ကို ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ…။ ကျွန်တော့် တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲပြီး ဝေဒနာပေါင်းစုံကို ခံစားနေရပါတယ်..။ ကျွန်တော် ဝေဒနာ ခံစားနေရတဲ့ပုံစံကို ကြည့်ပြီး သမီးလေးက "သမီးကို ကိုကို့လိုမျိုး လွတ်မချပါနဲ့နော်…" တဲ့လေ…။ ကျွန်တော် အော်ငို ပစ်လိုက်တယ်..။ အဖေ ဘယ်လွတ်ချပါ့မလဲ သမီးရယ်..။ သမီးကိုရော အဖေ့သားကိုရော အဖေ ဘယ်လွတ်ချချင်ပါ့မလဲ…။ အခုတော့ အဖေ့မှာ သမီးထက် တန်ဖိုးရှိတာ ဘာမှ မရှိတော့ဘူး..။ အဖေ့ အသက်သာ အသေခံသွားမယ်..။ သမီးကို အဖေ ဘယ်တော့မှ လွတ်ချမှာမဟုတ်ဘူး..။ ဒီစကားတွေကို ကျွန်တော် ပါးစပ်က ထုတ်ပြောမိလား တောင် ကျွန်တော် မမှတ်မိတော့ပါဘူး..။ ကျွန်တော် ရှိသမျှအားတွေနဲ့ သမီးကို လွတ်မကျသွားအောင် ဖက်ထားမိပါတော့တယ်..။

ဘယ်လောက်ကြာကြာ ဖက်ထားမိလဲ မသိဘူး…။ ကျွန်တော် သတိဝင်လို့ သမီးလေးကို ခေါ်ကြည့်တော့..။ သမီးလေး မထူးတော့ဘူး..။ သမီးလေး ဖြူဖတ်ဖြူယော်နဲ့ နှုတ်ခမ်းတွေ ပြာပြီး အသက်မရှုတော့ပါဘူး..။ ကျွန်တော်လက်ရဲ့ ညှစ်အားကြောင့် အသက်ငယ်လှသေးတဲ့ ကျွန်တော့်သမီးလေး အသက်ရှုရပ်ပြီး ကျွန်တော့် လက်ထဲမှာပင် သေဆုံးသွားခဲ့ပါပြီ..။ သွားပါပြီ..။ ကျွန်တော့်မိသားစု..။ ကျွန်တော့် ဘ၀…။ ကျွန်တော့် ကမ္ဘာ..။ ကျွန်တော့်မှာ ဘာမှ မကျန်တော့ပါဘူး..။ လောကကြီးက ကျွန်တော့်အတွက် အလကား ဖြစ်သွားပါပြီ…။ ကျွန်တော် သမီးလေးရဲ့ ပါးကိုနမ်းလိုက်တယ်..။ ပြီးတော့ သမီးလေးကို တင်းတင်းကြပ်ကြပ်ဖက်ပြီး ထန်းပင်ကို ဖက်တွယ်ထားတဲ့ ကျွန်တော့် ခြေလက်တွေကို အနားပေးလိုက်တယ်…။ အဲ့ဒီနောက်မှာ ကျွန်တော် သမီးလေးနဲ့ အတူ ရေလှိုင်းတွေရဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရပါတယ်..။

ကျွန်တော် သတိရလို့ ကြည့်လိုက်တော့ လှေတစ်စင်းပေါ်မှာ….. သူတို့ ကျွန်တော့်ကို ဆေးရုံကို ပို့ကြတယ်…။ ကျွန်တော် ဆေးရုံမသွားချင်ဘူး..။ ကျွန်တော်က ကျွန်တော့်မိသားစုနဲ့ပဲ နေချင်တာ..။ သူတို့ ကျွန်တော့်ကို ရှာမတွေ့လို့ ကြောက်နေကြလိမ့်မယ်..။ ဟုတ်တယ်..။ ကျွန်တော် သူတို့ကို လိုက်ရှာရလိမ့်မယ်..။

ကျွန်တော် ဆေးရုံကနေ တစ်ပတ်အကြာမှာ ရွာကို ပြန်ထွက်ပြေးလာခဲ့တယ်..။ ပြီးတော့ ရွာမှာ ကျွန်တော့် မိသားစုကို ကျွန်တော် ပြန်ရှာတယ်..။ ကျွန်တော့် မိန်းမ နာမည် ကျွန်တော် အော်ခေါ်တယ်..။ သားလေးကို ကျောင်းမှာ သွားရှာတယ်..။ သမီးလေးကို သီချင်းဆိုပြတယ်..။ ကျွန်တော် သူတို့ကိုတွေ့လို့ ပျော်ရင်ကတယ်..။ သူတို့ကို မတွေ့ရင် ၀မ်းနည်းလို့ ငိုတယ်..။ ဗိုက်ဆာရင် သူများဆီက တောင်းစားပြီး မရရင် သူများ စွန့်ပစ်ထားတာ စားတယ်..။ ကလေးငယ်လေးတွေ ကျောင်းသွားတာ မြင်ရင် ကျွန်တော့် သားနဲ့ သမီးလားလို့ ကျွန်တော် နှုတ်ဆက်တယ်..။ ကျွန်တော့်မှာ အိမ်ကတော့ မရှိပါဘူး..။ ကျွန်တော် နေတာကတော့ ထန်းပင်တစ်ပင်ရဲ့ အောက်မှာပါ..။ ဘယ်တော့မှ မေ့လို့မရတဲ့ ထန်းပင် တစ်ပင်ပေါ့..။

လူတွေက ပြောကြတယ်.. ။ ကျွန်တော်ဟာ အရူးတဲ့…။ ဟုတ်ပါတယ်..။ ကျွန်တော် ရူးနေပါတယ်ဗျာ…။

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ