ကျွန်တော်တို့
ရပ်ကွက်ထဲတွင် လကုန်ရက်များတိုင်း တစ်စုံတစ်ခုကို စောင့်မျှော်နေတတ်သော အဒေါ်ကြီး တစ်ယောက်ရှိလေသည်…………….။
အဒေါ်ကြီးမှာ
ယောက်ျားဖြစ်သူဆုံးပါးသွားပြီး နောက်ပိုင်း သားသမီး (၃) ယောက်တို့ကို ပင်ပင်ပန်းပန်း
ရှာဖွေကျွေးမွေး ပြီး ပညာသင်ပေးခဲ့သည်။ အဒေါ်ကြီးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲတွင်
စံပြ မိသားစုဖြစ်ခဲ့ပြီး အားလုံးက လေးစားခဲ့ကြသည်။ ယခုဆိုလျှင် အကြီးဆုံးသားဖြစ်သူမှာ
ဘွဲ့ရပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေပြီဖြစ်ပြီး မိသားစုကို ပြန်လည် ထောက်ပံ့ပေးလျက်ရှိသည်။
အရင်က ဈေးတောင်း ခေါင်းရွက်ပြီး တစ်ရပ်ကွက်လုံး ဟင်းသီးဟင်းရွက် လှည့်ရောင်းခဲ့သော
အဒေါ်ကြီးမှာလည်း ဇရာကြောင့် ယခုအခါ အရင်လို မလုပ်နိုင်တော့….၊ကျွန်တော် တစ်ခုသတိထားမိသည်မှာ
ဒီအဒေါ်ကြီးသည် လကုန်ရက်ပိုင်းများတွင် ညနေတိုင်း အိမ်ရှေ့သို့ ထွက်ပြီး တစ်စုံတစ်ခု
ကိုစောင့်မျှော်နေတတ်သည်။
ကျွန်တော်နဲ့
အတော်အတန် ခင်မင်ရင်းနှီးမှုရှိတာကြောင့် တစ်နေ့ စကားကြုံတာနဲ့ ကျွန်တော် ဒီအကြောင်း
ကိုမေးကြည့်မိသည်။
"အဒေါ့် သားဆီက စာကိုမျှော်နေတာပါ...သားက
ပုံမှန် တစ်လတစ်ခါ လကုန်တိုင်း စာနဲ့အတူ ပိုက်ဆံထည့်ပြီး ပို့ပေးနေကျလေ."
ကျွန်တော်ပြန်ရရှိလိုက်သည့်
အဖြေက ရိုးရိုးလေးပင်ဖြစ်သည်။ ကျွန်တော် မအံ့သြမိ…။ စားဝတ်နေရေးနှင့် ကျန်တဲ့သားသမီး
နှစ်ယောက်ကျောင်းစရိတ်အတွက် အဒေါ်ကြီး လစဉ်တိုင်း မျှော်လင့်သင့်သည်ပဲလေ…။
စာပို့သမားရောက်လာတဲ့အခါ
ပျော်ရွှင်စွာ ပြေးထွက်သွားပြီး သူ့သားရေးပေးလိုက်သော စာကို သူ့သားသမီးတွေနဲ့အတူ အရသာခံပြီး
ဖတ်လေ့ရှိသည်။ အဲ့ဒီညနေတွင်လည်း တစ်ရပ်ကွက်လုံးကို သူ့သား စာထဲတွင် ဘာတွေ ထည့်ရေးလိုက်ကြောင်းကိုလည်း
ပျော်ရွှင်စွာ လှည့်လည် ကြွားလေ့ရှိလေတော့သည်။
ခုတစ်လော
အဒေါ်ကြီးကို ကြည့်ရတာ မျက်နှာသိပ်မကောင်း…။ လကုန်ရက်တိုင်း စာပို့သမားကို စောင့်နေမြဲ
စောင့်နေသော်လည်း စာပို့သမားမှာ ရောက်မလာခဲ့..။ စောင့်ရတဲ့ လတွေ များနေပေမယ့်လည်း သေချာနေတာ
တစ်ခုကတော့ အဒေါ်ကြီးသည် လကုန်ရက် ညနေပိုင်းများတွင် အိမ်ရှေ့မှာ ထွက်ထိုင်ပြီး စာပို့သမားကို
စောင့်မျှော်နေတာပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲတွင် လကုန်ရက်များတွင်
အိမ်အလည်လာမည့် ဧည်သည့်တစ်ယောက် လျော့ပါးသွားခဲ့တာ ကြာပြီဖြစ်သည်။
တစ်ရက်… အရင်ကထက် များစွာ ပိုမို အိုမင်းနေသယောင်
ရှိသော အဒေါ်ကြီးကို တစ်ရက် အိမ်ရှေ့မှာ ထွက်စောင့် နေတာ ကျွန်တော် တွေ့လိုက်ရသည်။ ဟုတ်သည်ပဲလေ ..။ ခုရက်ပိုင်း က လကုန်ရက်ဖြစ်နေသည်ကိုး..။
"သားဆီက စာမလာဘူးလား
အဒေါ်…."
ဝမ်းနည်းသွားသယောင်
ရှိသွားသော အဒေါ်ကြီး မျက်နှာကိုကြည့်ပြီး မေးမိသော ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
"အေးကွယ်.. စာမလာတာ
ငါးလလောက်ရှိပြီ…."
ကျွန်တော်
တစ်ကယ်ဝမ်းနည်းသွားသည်။ ဒါဆို ဒီငါးလအတွင်း ဒီမိသားစုတစ်ခုလည်း ကို အဒေါ်ကြီး ဘယ်လို
ရှာဖွေ ကျွေးမွေးနေ သနည်း..။ မေးခွန်းများစွာက ကျွန်တော့် ခေါင်းထဲကို တိုးဝင်လာသည်။
"ကျွန်တော့်ကို
အားမနာပါနဲ့နော်… လိုအပ်တာရှိရင်ပြောပါ..အဒေါ်.." ကျွန်တော် တစ်ကယ့်ကို ကူညီလိုစိတ်ရင်း
အပြည့်နဲ့ မေးလိုက်မိသည်။
"မလိုပါဘူးကွယ်… ကျေးဇူးတင်ပါတယ်….. အဒေါ့်သားက
တစ်နှစ်စာအတွက် ပိုက်ဆံပို့ထားပေးပါတယ်.."
"ဗျာ..ဒါဆို…."
"ဟုတ်တယ်… လစဉ်ပို့ရင်
ရှုပ်လို့ဆိုပြီး သားက တစ်နှစ်စာအတွက် ပိုက်ဆံပို့ပေးထားတယ်.."
ပြောရင်း
အဒေါ်ကြီး အသံတိမ်ဝင်သွားတာကို သတိထားမိလိုက်သည်။ မျက်ဝန်းမှ မျက်ရည်တွေ စို့လာသည်ထင့်..။
ကျွန်တော့်ကို မျက်နှာလွှဲပြီး…
"တစ်ကယ်တော့ ..အဒေါ်..
သားဆီက လစဉ်လာတဲ့ ပိုက်ဆံကိုပဲ ပိုမက်မောတယ်….သူ့ကိုလည်း အရင်လို လစဉ် ပို့ပေးဖို့
အဒေါ် ပြန်ပြောထားတယ်…."
"နောက်လကျရင် သူလွှဲပေးထားတဲ့
ပိုက်ဆံအားလုံးကို အဒေါ် ပြန်လွှဲပေးလိုက်တော့မယ်…"
အဒေါ်ကြီး
မျက်ရည်တွေ သုတ်နေတာကို ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော် ပြန်ပြောစရာ စကားမဲ့နေသည်။
ကျွန်တော် သိလိုက်ပါပြီ..။ အဒေါ်ကြီးသည် ကျွန်တော် ထင်သလို သားဆီက ပိုက်ဆံတစ်ခုတည်းကို စောင့်မျှော်နေတတ်သော အမေ မဟုတ်ပါလား…။
အမေတို့သည်
ကျွန်တော်တို့ မသိသော စွမ်းအားများကိုပိုင်ဆိုင်ထားကြသည်။ ထိုစွမ်းအားများသည် ကမ္ဘာပေါ်တွင်ရှိသော
မည်သည့်စွမ်းအားနှင့်မျှ နှိုင်းယှဉ်လို့မရ…။ ထိုစွမ်းအားများသည် အခြေအနေ လိုအပ်ချက်ရှိမှသာ
ထွက်ပေါ်လာတတ်သည်။ သားသမီးကို ချစ်သော အမေတစ်ယောက်၏ အချစ်သည် ကမ္ဘာပေါ်မှာ ရှိသမျှသော
အဖိုးအနဂ္ဂတို့တက် သာလွန်မည်ဆိုပါက ကျွန်တော် လွန်မည်မထင်ပေ…။
အမေတွေကို
ချစ်တတ်ကြပါစေ…..။
အောင်ထွန်းဦး
No comments:
Post a Comment