ဒီနှစ်
သင်္ကြန်ကတော့ အတော့်ကို ပျော်စရာကောင်းလိမ့်မည်ထင်သည်…၊ မြို့ကို တစ်ခါမှ
မလာဖူးသေးတဲ့ နာမည်ကြီးအဆိုတော်တွေ ခေါ်ထားသည်လို့လည်း သိရသည်။ နှစ်စဉ်
သင်္ကြန်တိုင်း ဒီအဆိုတော်ဟောင်းတွေနဲ့ပဲ နှစ်ပါသွားရတာ ကြာပြီ..၊ ဒီနှစ်တော့
ထူးထူးခြားခြားလေး နာမည်ကြီး အဆိုတော်တွေခေါ်ပေးတာကြောင့် အပြတ်ကဲမည်လို့
ကျွန်တော်တို့အဖွဲ့ ဆုံးဖြတ်ထားသည်.. (မဟုတ်လည်း ကဲကြတာပါပဲလေ…)
"ဟရောင်…သက်အောင်"
တွေးတုန်းတောတုန်း..ကျွန်တော့်
ငယ်သူငယ်ချင်း တွေဖြစ်ကြသော လောရှည်နဲ့ ဖိုးကျော် ရောက်လာကြသည်။
"ဟာ..၊
ဟရောင်တွေ..၊ ငါတောင် အခုပဲ မင်းတို့အကြောင်းတွေးနေတာ.."
"ဟုတ်လား..၊
ပွတာပဲ ကြည့်စမ်း..၊ ငါတို့အတွက် ဘာတွေတွေးပေးနေတာလဲ..ဟင်…"
"ဒီလိုကွ…၊
မင်းတို့ နှစ်ကောင်က ရည်းစားမရှိသေးဘူး မှတ်လား…"
"အင်းလေ.."
"မင်းတို့နှစ်ကောင်
ဒီနှစ်သင်္ကြန်ကို ကိုယ်ပိုင်ရည်းစားလေးတွေနဲ့ မလည်ချင်ဘူးလား"
သကောင့်သားနှစ်ကောင်
မျက်နှာမှာ အီးပုံတွေ့သော ခွေးနှယ် ၀င်းပသွားကြပါသည်။
"လည်ချင်တာပေါ့ကွာ..၊
ဘယ်လိုများပြောလိုက်တာလဲ သက်အောင်ရယ်.."
"ဒီနှစ်သင်္ကြန်မှာ
ငါတို့မြို့ကို နာမည်ကြီး အဆိုတော်တွေ လာမှာ မင်းတို့ကြားပြီးပလား"
"ကြားပြီးပြီလေ…ဒီလောက်နာမည်ကြီးနေတာကို..နို့….နေပါအုံး..သူတို့လာမှာနဲ့..
ငါတို့နှစ်ယောက် ရည်းစားရမှာနဲ့ ..ဘာဆိုင်လို့လဲ…"
ဒီနှစ်ကောင်ကတော့
သူတို့ကို စထားပေးတဲ့ ရည်ရွယ်ချက်ပျောက်သွားမှာ စိုးဟန်တူသည်။ အတင်းကို ပြန်လည်
ဆွဲသွင်းနေသည်။
"ဆိုင်တာပေါ့ဟ..၊
ဒီလိုကွာ..၊ နာမည်ကြီးအဆိုတော်တွေဆိုတာ..ငါတို့နယ်ဘက်ကို ဘယ်တော့မှု တစ်ယောက်တည်း
ဘယ်တော့မှ မလာဘူးကွ.."
"ဟုတ်တယ်လေ..အဲဒီတော့.."
"သူတို့လာရင်
အဖော်ပါလာတာချည်းပဲ."
"ဟရောင်
သက်အောင်..၊ မင်းစကားကြီးက ဘာစကားကြီးလဲ..၊ နားရှင်းအောင်ပြောကွာ.."
"သြော်
မသာလေးတွေကလည်း.. ငါဆိုလိုတာက အဖော်ဆိုတာ ယောက်ျားလေးဆို…၊ ယောက်ျားလေးအဖော်..၊
မိန်းကလေးဆို မိန်းကလေးအဖော်..တစ်ချို့ဆို အမျိုးတွေ..၊ ညီ..၊ ညီမတွေတောင်
ခေါ်လာကြသေးတယ်..ဒါကိုပြောတာ… အဖော်ဆိုတာနဲ့ မျက်စိထဲ ပေါက်သင်ညိုလောက်
ပြေးမြင်မနေနဲ့…"
"ငါတို့က
ဝေးတယ်ကွ..၊ သဘောမပေါက်သေးဘူး..သက်အောင်ရ..ဘာဆက်လုပ်ရမလဲ .ဆိုတာ ဆက်ပြောစမ်းပါ.."
"အမျိုးသမီး
နာမည်ကြီးအဆိုတော်ကိုရှာ..၊ သူနဲ့ပါလာတဲ့ သူကို ပိုင်အောင်ပေါင်း၊ အဆိုတော်
သီချင်းဆိုရင်း မဏ္ဍပ်ထိုင်နေရင်..ကိုယ်နဲ့ သူနဲ့က ဆိုင်ကယ်နဲ့ မြို့ပတ်…၊
လျှောက်လည်..၊ ရည်းစားဖြစ်…"
"ဟား…..၊
ကြည့်စမ်း…၊ သေချင်းဆိုး..၊ မင်းခေါင်းက ကောင်းလှချေလား..၊ ဟုတ်တယ်..၊ ရန်ကုန်က
လာကြမှာဆိုတော့..၊ ခဏတစ်ဖြုတ်ဆိုပြီး သူတို့လည်း လည်ချင်ရှာမှာပေါ့. .ပြီးတော့
ရန်ကုန်သူတွေဆိုတော့.. အလန်းလေးတွေ…၊ ဟိ..ဟိ…တွေးရင်းနဲ့ အူတောင်ယား
လာပြီ…ဟိဟိ..ဒီနှစ် သင်္ကြန်တော့ လန်းရချေသေးရဲ့…"
သကောင့်သားနှစ်ကောင်
သဘောတွေကျနေတာမြင်ပြီး ကျွန်တော်ကြည်နှုးမိသည်။ ကျွန်တော်က ကိုယ်သာ အဖြစ်မရှိသာ
ကိုယ့်အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ကိုတော့ ခဏတစ်ဖြုတ်ကောင်းစား စေချင်သည်။
ဒီနှစ်သင်္ကြန်ကတော့ ကျွန်တော်တို့အတွက် ပျော်စရာတွေ ဖြစ်လာမှာ သေချာနေသည်။
သင်္ကြန်အကြိုနေ့ကို ရောက်လာခဲ့ပါပြီ..။
မဏ္ဍပ်ဖွင့်ပွဲတွေရှိတာကြောင့် ဒီညနေ အပြင်ထွက်ပြီး ထွက်လည်ဖို့ စဉ်းစားထားသည်။
နောက်ပြီး တိုင်ပင်ထားတဲ့အတိုင်း အမျိုးသမီး အဆိုတော်တွေအနား ကပ်ဖို့လည်း
ကြိုးစားရအုံးမည်..၊ သိပ်တော့မလွယ်လှ…၊ ဒါပေမယ့် ကြိုးစားကြည့်ရမည်…။
ညနေ
၃း၀၀ နာရီလောက်မှာ လောရှည်နဲ့ ဖိုးကျော်ရောက်လာသည်။ အမယ်… လုပ်လာလိုက်တာ..။
မိတ်ကပ်တွေ အဖွေးသားနဲ့..၊ ဆံပင်ကိုလည်း တစ်ချောင်းချင်းစီ ထောင်ထားသေးသည်။
ပါးမှာလည်း… နှုတ်ခမ်းနီနဲ့ ဆွဲထားတဲ့ I Love U တို့ အသည်းပုံမြှား ဖောက်ပုံတို့..၊
စုံလင်နေတာပဲ. မျက်လုံးတွေကိုလည်း အမည်းရောင်တွေ ပက်ပက်စက်စက် ခြယ်ကာထားသေးသည်...
ပုံစံတွေက မသိရင် ခုချက်ချင်းပဲ သင်းချိုင်းကုန်းက ထလာတဲ့
သွေးစုပ်ဖုတ်ကောင်တွေလိုလို…
"ဟရောင်တွေ..မင်းတို့
ပုံစံက ဘယ်လိုတွေ ဖြစ်နေတာလဲ…ခုသွားမှာ မဏ္ဍပ်ဖွင့်ပွဲ.. ရေပက်ခံသွားမှာ
မဟုတ်ဘူး.."
"သိပါတယ်ဟ..အပြင်မှာ
နေပူလို့ …နေလောင်မှာစိုးလို့…မိတ်ကပ်နည်းနည်း လူးလာတာ.."
ဖိုးကျော်က
မျက်နှာကို ပွတ်ရင်း ပြန်ပြောသည်။
နည်းနည်းလူးလာတာတဲ့…
မျက်နှာတစ်ခုလုံးပြာနှမ်းနေပြီး ချွေးများ နဖူးမှ တဒီးဒီးကျကာ.. မျက်နှာပေါ်တွင်
ချွေးစီးကြောင်းများမှာ အကြောင်းလိုက် အကြောင်းလိုက်ဖြစ်နေလေပြီ…
"ပြီးရောကွာ…
သွားကြမယ်…"
သကောင့်သားနှစ်ယောက်က
ဆိုင်ကယ်တစ်စီး ကျွန်တော်က ဆိုင်ကယ်တစ်စီးစီးပြီး ဗဟို မဏ္ဍပ်ရှိရာသို့
ချီတက်လာခဲ့ကြတော့သည်…။
စိတ်ထဲမှာတော့
ကြိုတင်စိတ်ကူးထားတဲ့ ရည်မှန်းချက်တွေ ကိုယ်စီနဲ့ပေါ့လေ…..
ဗဟိုမဏ္ဍပ်ရောက်တော့
ယိမ်းအဖွဲ့တွေကနေလေပြီ..၊ တိုင်းမှူးအပါအ၀င် ဌာနဆိုင်ရာများမှ လူကြီးများကို
စင်ပေါ်တွင် တွေ့ရသည်။ ထိုလူကြီးတွေရှိရင် စင်ပေါ်ကို ဘယ်သူမှ တက်လို့မရ..။ ခဏ
နေရင်တော့ စတိတ်ရှိုး စကြတော့မည်။ ထိုအချိန်ဆို သက်ဆိုင်ရာ အာဏာပိုင်
လူကြီးတွေပြန်ပြီ.. အဆိုတော်တွေပဲ ကျန်ခဲ့တော့မည်…။
အဲ့ဒီအချိန်ကို
စောင့်ရင်း သုံးယောက်သား အနီးရှိ ဘီယာဆိုင်မှာ.. ဘီယာ တစ်ယောက်တစ်လုံးစီသောက်ရင်း
ထိုင်နေလိုက်သည်..။ ဘယ်လောက်မှ မကြာလိုက်..၊ တိုင်းမှူးနှင့်တကွ လူကြီးများ
ပြန်လည်ချီတက်သွားကြလေပြီ…။
ခုနက
မဆိုရဲသလို ဆိုရဲသလို အိနြေ္ဒသိက္ခာတစ်ခွဲသားနဲ့ လုပ်နေသော အဆိုတော် ကိုကိုမမ
များကလည်း အခုမှ မျောက်မကြီး ကွယ်ရာမှာ သောင်းကျန်းနေကျသော မျောက်သား၊
မျောက်သမီးများ သဖွယ် သီဆို အော်ဟစ် ကခုန် နေကြတော့သည်။
ကျွန်တော်တို့စောင့်စားနေသော
အချိန်ကို ရောက်လာပြီဖြစ်တာကြောင့် သကောင့်သားနှစ် ကောင်ကို အချက်ပြပြီး
မဏ္ဍပ်စင်နားချဉ်းကပ်ရသည်။
"ငါအပေါ်တက်ဖို့
ကြိုးစားလိုက်အုံးမယ်..မင်းတို့နှစ်ကောင် ဒီကနေစောင့်နော်.."
"အေး..၊
အောင်မြင်ပါစေကွာ..၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးစားတဲ့ မင်းလို
လူမျိုးအတွက် ငါတို့နှစ်ယောက် ဂုဏ်ယူပါတယ်.."
"အေပေးလေးတွေ…."
သူတို့
ပြောလိုက်မှ မသိရင် ကိုယ်က စစ်တိုက်ထွက်နေတာကြနေတာပဲ…သူတို့ နှာခေါင်း
ကိစ္စအတွက်လည်း လုပ်ပေးရသေးတယ်…
စင်ပေါ်တက်တဲ့နေရာမှာ
မီးသတ်လုံခြုံရေးများစောင့်နေသည်ကို တွေ့ရသည်။ အေးဆေး..၊ ဒီလောက်ကတော့
သက်အောင်ဆိုတဲ့ ကျွန်တော်က မမှု..။ ဆေးလိပ်ဘူးလေး ယူကာ…မီးသတ် ၀တ်စုံဝတ်ထားတဲ့
လူတစ်ယောက်ကို ချဉ်းကပ်လိုက်သည်။
"ဗိုလ်ကြီး..ဆေးလိပ်သောက်ပါအုံး..စောင့်ရတာ
မောနေရောပေါ့…"
ဟုတ်ဟုတ်မဟုတ်ဟုတ်
ဗိုလ်ကြီးတပ်ခေါ်လိုက်သည်။ ဗိုလ်ကြီးလို့ခေါ်ရင် မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲလေ..ဟုတ်တယ်မှတ်လား…။
"မင်းက
ဘာကောင်လဲ.."
"ဗျာ…"
"မင်းကို
ဘာကောင်လဲလို့ မေးနေတယ်လေ.."
"ဘာ….ဘာကောင်မှ
မဟုတ်ပါဘူး ဗိုလ်ကြီး.."
"မင်းတော့
သေတော့မယ်.. ဘာဗိုလ်ကြီးလဲ.. မျက်စိကန်းနေလား.. သေချာကြည့်စမ်း ..အပွင့်ကို…
တပ်ရင်းမှူးကွ..နားလည်လား.."
သေစမ်း..၊
မီးသတ်တပ်ရင်းမှူးနဲ့မှ လာတိုးရတယ်လို့..ကိုယ်ကလည်း ဘယ်နှစ်ပွင့်ဆို
ဘယ်လိုခေါ်သလဲဆိုတာ သိတာမှမဟုတ်.. မတတ်နိုင်..ကြည့်ရွှီးရတော့မည်..
"ဒီလိုပါ..
အဘ.."
"အေး..ပြော.."
ချက်ချင်းလေသံပြောင်းသွားသည်…၊
အစကတည်းက ဗိုလ်ကြီးအစား အဘလို့ သုံးလိုက်ရမှာ.. ကျွန်တော်ကိုယ်က ညံ့တာ..၊
လူတွေများ ခက်ပါရဲ့ဗျာ…၊ အဘ ဆိုကြီး အသက်ကြီးတဲ့လူစာရင်းသွင်းပြီး ခေါ်ခံရတာကို
ဘ၀ခိုက်တဲ့လူကရှိသေးတယ်…
"သားတို့မြို့ကို
လာတဲ့ အဆိုတော်တွေကိုလေ… အမှတ်တရ လက်မှတ်ထိုးခိုင်းမလို့.. စင်ပေါ် ခဏလောက်
တက်ချင်လို့ပါ အဘ.."
မတတ်နိုင်
သူ့ကို အဘခေါ်ပြီးမှတော့ ကိုယ့်ကိုယ်ကို သားလို့သုံးလိုက်ရသည်။ ခွင့်လွှတ်ပါတော့
အမေရေ..။ ဟိုနှာဂိုဒေါင် နှစ်ကောင်အတွက်ပေါ့…။
"သွား
ငါ့သား…၊ မကြာစေနဲ့…."
သေချင်းဆိုးကြီး…၊
ပြောတာတောင် ငါ့သား ဆိုပြီး အမြတ်ယူလိုက်သေးတယ်..၊ မှတ်ထား..၊ နောက်မှ
ကိုယ့်အိမ်ကို မီးရှို့ပြီး ဒင်းတို့ကို မီးလာသတ်ခိုင်းအုံးမယ်…
စင်ပေါ်ကို
တက်ဖို့ ခွင့်ပြုချက် ရသည်နှင့် မြန်မြန်ပဲ ပြေးတက်သွားလိုက်သည်။ အဲဒီအချိန်မှာပဲ…အခမ်းအနားမှူး
ပြုလုပ်သူရဲ့ မိုက်ကလည်း တစ်ပြိုင်နက် အသံထွက် လာသည်။
"အခုသီဆိုမယ့်
အလှည့်ကျသေးသံရှင်ကတော့ နာမည်ကြီးအဆိုတော် ဆိုတေး ပဲဖြစ်ပါတယ်.."
ကျွန်တော်လည်း
စင်ပေါ်ရောက်သွားရော အထက်ပါအသံကြီး အစဉ်လိုက်အတိုင်းကြီး ထွက်ကျ လာသည်။
ကြုံတုန်း
တစ်ခုပြောပြချင်ပါသည်။ ကျွန်တော်တို့နယ်မြို့မှာ အဆိုတော် အသစ်ဆိုရင် လူမမြင်ဘူးပဲ
သီချင်းတွေကို အားပေးကြသည်။ ဆိုတေး ဆိုရင်လည်း လူမြင်ဖူးတဲ့သူ ခပ်ရှားရှား..၊
ဒါပေမယ့် သူ့ရဲ့ မီးအိမ်ရှင် သီချင်းကတော့ လူတိုင်းရနေပြီး ဆိုတေး ဆိုတေးဆိုပြီး
အသည်း အသန်အားပေးကြသည်။
အခုလည်း
အခမ်းအနားမှူး အသံနဲ့ ချိန်ကိုက်ထွက်လာတဲ့ ကျွန်တော့်ကို ပရိတ်သတ်က ဆိုတေးဆိုပြီး
တစ်ခဲနက်အားပေးကြလေတော့သည်။
မိန်းကလေးတွေကလည်း
ဆိုတေး ဆိုတေး ဆိုပြီး အော်ဟစ်နေကာ ကျွန်တော့်ကို လက်ပြနေကြတော့သည်။ စင်အောက်မှ
အမူးသမား ယာမကာ ကိုကိုများကလည်း ကျွန်တော့်ကို ဆိုတေးဆိုပြီး
လက်များကမ်းပေးနေတော့သည်..၊ အမယ်.. ဟိုနှစ်ကောင်က ပါလိုက်သေး…ကျွန်တော်လည်း
ဟိုနှစ်ကောင် လက်ကမ်းပေးတာမြင်တော့…လက်ဝါးချင်း ရိုက်ပြီး ပြန်ပြီး
နှုတ်ဆက်လိုက်သည်။
"ဟေး….
ဆိုတေးကွ….၊ "
သွားပြီ…၊
ကိုယ့်သူငယ်ချင်းတွေကို နှုတ်ဆက်တာကို ပရိတ်သတ်ကို နှုတ်ဆက်တယ် အထင်နဲ့ ပရိတ်သတ်များ
အော်ဟစ်ကြပြန်သည်။
"ဆိုတေးက
အသံကောင်းတော့ ရုပ်က ခပ်ချောချော လေးဖြစ်မယ်ထင်တာ..၊ အခုတော့ အသံလေး ကောင်းသလောက်
ရုပ်က ဆိုးပါ့ကွာ.."
"အသံကောင်းလို့
စင်ပေါ်တက်ရတယ်မှတ်…မဟုတ်လို့ကတော့ ခဲနဲ့ပေါက်ပြီးသားပဲ.."
"ဆိုတေးသာ
ဒီရုပ်မှန်းသိရင် သူ့သီချင်းတွေ နားမထောင်ပါဘူးတော်…"
"မျက်လုံးလေးပိတ်ပြီး
သီချင်းနားထောင်ကြတာပေါ့ကွာ.."
အစရှိတဲ့
အသံတွေလည်း ပရိတ်သတ်ထဲမှ ကြားလာရသည်။ မဖြစ်သေး..၊ တော်ကြာ.. ကိုယ့်ကြောင့်
အဆိုတော် ဆိုတေး သိက္ခာ လုံးလုံး ကျချေတော့မည်။ ပြန်ရှင်းပြမှ ရတော့မည်။ ကျွန်တော်
မိုက်ရှေ့ကို သွားလိုက်သည်။
"အဟမ်း..အဟမ်း…."
လည်ချောင်းဟန့်ပြီး အသံအရင်ရှင်းလိုက်သည်။
"ပရိတ်သတ်ကို
ပြောချင်တာကတော့..ဘာလဲဆိုတော့ပေါ့နော်.. ကျွန်တော်ကပေါ့နော်…"
ကျွန်တော်ရှင်းပြရန်
အစပျိုးလိုက်သည်။
"ခွေထဲက
အသံနဲ့လည်း မတူဘူးနော်…"
"ခုနက
ရုပ်ပဲကြည့်မရတာ ..အခု နားပါ ခါးလာပြီ"
"အသံသွင်းတုန်း…effects
တွေထည့်ထားလို့ကောင်းတာနေမှာပါ.. ဒီအတိုင်းဆိုရင်တော့ နာမည်ကြီးအဆိုတော့ ဖြစ်ဖို့
မပြောနဲ့..၊ တရုတ်နှစ်သစ်ကူး ဂစ်တာတီးပြီး လိုက်တောင်းတောင် ထမင်းနပ်မှန်မှာ
မဟုတ်ဘူး.."
ပရိတ်သတ်ထဲက
အသံတွေထွက်လာပြန်သည်။ မဖြစ်ချေ…၊ မြန်မြန်ရှင်းပြမှ ဖြစ်တော့မည်။
"ကျွန်တော်ပြောချင်တာက
ပေါ့နော်.. ဒီလိုပေါ့နော်.. ကျွန်တော်က အဆိုတော် မဟုတ်ဘူး ပေါ့နော်..၊
အဲဒါပေါ့နော်…"
လိုရင်းမရောက်ဖြစ်နေသည်။
တစ်ခါမှ မိုက်နဲ့ ဒီလောက်လူအများကြီးကို စကားမပြောဖူးတော့ အယောင်ယောင်အမှားမှား
ဖြစ်နေသည်။
“ဆိုပါတော့ဗျို့…အိုက်တင်ခံမနေပါနဲ့တော…”
“ပဲများ
မနေပါနဲ့တော့…မီးအိမ်ရှင်ဆိုပါတော့ဗျို့…”
“ဆိုတေး…ဆိုတေး…ဆိုတေး..ဆိုတေး…”
ဆိုပြီး
ပရိတ်သတ်တွေ အသံဆူညံပြီး ပွက်လောရိုက်လာသည်။
"ကျွန်တော်
ရှင်းပြ.."
“ဆိုတေး…ဆိုတေး…ဆိုတေး..ဆိုတေး…”
“တစ်ကယ်တော့
ကျွန်တော်က ဒီစင်ပေါ်ကို”
“ဆိုတေး…ဆိုတေး…ဆိုတေး..ဆိုတေး…”
ဘယ်လိုမှ
ရှင်းပြဖို့ စကားစမရဖြစ်နေသည်။ နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။
“ကျွန်တော် အဆိုတော် ဆိုတေး
မဟုတ်ပါဘူးဗျို့…”
ရှိသမျှအားနှင့်ညှစ်ပြီး
ငယ်သံပါအောင် အော်ပစ်လိုက်သည်။
ပရိတ်သတ်ကြီး
ငြိမ်ကျသွားသည်..၊ အပ်ကျသံပင်မကြား…။ အကုန်လုံး ပါးစပ်များဟပြီး ကြောင်ပြီး
ငေးကြည့်နေသည်…၊ သကောင့်သားနှစ်ကောင်ကလည်း ကျွန်တော်ဆိုတေး မဟုတ်တာကို
မသိသည့်အတိုင်း ပါးစပ်ဟကာ ကြောင်ပြီး ငေးကြည့်နေလိုက်သေးသည်။
"အဟမ်း…"
ကျွန်တော်လည်ချောင်းရှင်းလိုက်သည်..။
ပြီးတော့ ပြောချင်တာကို တစ်လုံးချင်း အောင်မြင်စွာ ပြောချ လိုက်သည်။
"အမှန်တော့…. ကျွန်တော် စင်ပေါ်တက်လာတာ ..အဆိုတော် သဇင်ကို ယူမလို့ပါ…"
"ဟင်…"
"ဟာ.."
"အယ်.."
"အလို…"
ပရိတ်သတ်ဆီက
အာမေဋိတ်သံတွေ မျိုးစုံထွက်လာသည်။
သွားပြီ…၊
အဆိုတော် သဇင်ဆီက အမှတ်တရလက်မှတ်ယူမလို့လိုပြောမလို့ဟာကို လောပြီး အဆိုတော်
သဇင်ကို ယူမလို့ ဖြစ်သွားသည်…။
ပရိတ်သတ်ကလည်း
ကြောင်ပြီး ကြည့်နေသည်…။ ကျွန်တော်ကလည်း ဘာဆက်ပြောရမှန်း မသိတော့….၊
ခဏကြာတော့
ကျွန်တော့်လက်ကို ညှင်သာစွာ လာဆွဲခြင်းကို ခံလိုက်ရသည်…။ ခုနက ပြောတာ ကြားလိုက်လို့ အဆိုတော် သဇင်က
လက်မှတ်ထိုးပေးမလို့ထင်သည်…၊ လက်ကလေးက နူးညံ့လိုက်တာ…၊ အေးလေ ပိုက်ဆံရှိ အဆိုတော်
ဆိုတော့လည်း.. နူးညံ့မှာပေါ့လေ.. ဘာအလုပ်ကြမ်းမှ လုပ်ဖို့မလိုတာကို…
နာမည်ကြီးအဆိုတော်ရဲ့
လက်ကိုင်တာကို ပထမဦးဆုံး ခံရတော့ မနေတတ် မထိုင်တတ် .. ရှိန်းတိန်းဖိန်းတိန်းကြီး…
ဟိုနှစ်ကောင်ကိုတော့ ကြွားလို့ရပြီ.…သဇင်ကတောင် စပြီး လက်လာကိုင်တယ်ဆိုပြီးတော့……
ပရိတ်သတ်အများကြီးရှေ့မှာတောင် လက်လာ ကိုင်တယ်ဆိုတော့ ဘာအထာလဲတော့ မသိ…၊
ကျွန်တော်
ရှက်ရွှံစွာ သဇင်မျက်နှာလေးကို လှည့်ကြည့်မိလိုက်သည်။
"အမလေးဗျ…."
ဝက်ခြံတွေ
ဗလဗွနဲ့ မည်းတူးနေသော မီးသတ် တပ်ရင်းမှူး အဘ ကိုတွေ့လိုက်ရသည်။
"သြော်..
အဘ.."
"အဘလည်း
မရတော့ဘူး ငါ့တူ..၊ ငါက လက်မှတ်တက်ထိုးမယ်ဆိုလို့ အဟုတ်မှတ်နေတာ.. မင်းက စင်ပေါ်မှာ
ပေါက်တက်ကရ တက်လုပ်နေတာကိုးကွ…"
"မဟုတ်ဘူး
အဘ.. ကျွန်တော် ရှင်းပြ.."
"တော်တော့..၊
ဒီမှာ မရှင်းပြနဲ့… ကားပေါ်မှ ရှင်းတော့.."
သြော်..
တော်တော် သဘောကောင်းတဲ့အဘ… ကားပေါ်တောင် တင်ခေါ်ပြီး ရှင်းပြခိုင်းအုံးမယ်တဲ့..
ဒီလိုလူမျိုး တပ်ရင်းမှူးမက… ဗိုလ်ချုပ်အဆင့်ထိပါ ပေးသင့်သည်။
"ကားက
ဘယ်မှာလဲ အဘ…"
"စင်အောက်မှာပါ..
လာလိုက်ခဲ့…"
ကျွန်တော့်လိုက်ကို
ညှင်သာစွာ ဆွဲခေါ်သွားသည်။ အဘ ပြောတာမှန်ပါသည်။ စင်အောက်ရောက်တော့ ကားပြာကြီး
တစ်စီး ရပ်ထားသည်ကို တွေ့ရပါသည်။
ကားမှာ
စာတစ်စောင်လည်း ကပ်ထားပါသေးသည်။
"မူးပြီး သောင်းကျန်းသူများ" တဲ့….။
အောင်ထွန်းဦး
This comment has been removed by a blog administrator.
ReplyDelete