Saturday, July 23, 2016

ခေါ်သံများ


သင်၏ ဘ၀တစ်လျှောက်လုံးတွင် မည်သူမျှ မခေါ်ပဲနဲ့ သင်၏အမည်ကို တစ်စုံတစ်ဦးမှ ခေါ်ဆိုသံကို ရှင်းရှင်းလင်းလင်း ကြားဖူးကြမည်ဖြစ်သည်။ ထိုအခါမျိုးတွင် သင်မည်သို့ ခံစားရမည်နည်း။ အမှုမဲ့ အမှတ်မဲ့သာ နေတတ်သူများ ရှိသလို အချို့သူများသည်လည်း ကြက်သီး တဖြန်းဖြန်းထကာ ကြောက်ရွှံ့မှုကို ခံစား တတ်ကြသည်။ ကျွန်တော်အဖို့တော့ ထိုသို့သော ခံစားမှုများကို မကြာခဏ ခံစားရသည်။ တစ်ယောက်တည်း ရှိနေသော အချိန်တွင် မိမိအမည်ကို ခေါ်သံကြားရပါက ကြောက်ရွှံ့ပြီး လူအများရှိနေပါက အမှုမဲ့ အမှတ်မဲ့သာ နေမိတော့သည်။ ယခု ပြောပြမည့် အကြောင်းအရာသည် အဆိုပါ ခေါ်သံများနှင့် ပတ်သက်နေလေတော့သည်။

တစ်ခါသော နွေရာသီ ကျောင်းပိတ်ရက်တွင် မန္တလေးရှိ ဦးလေးအိမ်သို့ ကျွန်တော် နွေရာသီ အားလပ်ရက် အဖြစ် အလည်သွားခဲ့သည်။ ဦးလေး၏ အိမ်ပုံစံမှာ ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး ဦးလေးက ဒီအိမ်ကို လွန်ခဲ့တဲ့ တစ်လခန့်ကမှ အလွန်တန်သော ဈေးဖြင့် ၀ယ်ထားခြင်းဖြစ်သည်။ ဦးလေးက ရောက်ရောက် ချင်းပင်

“တူလေး..၊ ဒီအိမ်မှာ ပျော်သလောက်နေ၊ ဒါပေမယ့် တစ်ခုတော့ သတိပေးထားမယ်..၊ ဒီအိမ်မှာ ဘယ်သူမှ နာမည်ရင်း မခေါ်ဘူး..၊ သားနာမည်အရင်းကို တစ်စုံတစ်ယောက်က ခေါ်လာခဲ့ရင်လည်း ဘယ်တော့မှ ပြန်မထူးမိစေနဲ့….”

“ဟုတ်ကဲ့ပါ..ဦးလေး..၊ ကျွန်တော် သတိထားပါ့မယ်…”

သတိထားမယ် လို့သာ ကတိပေးခဲ့ရသည်။ ကျွန်တော် သိပ်နားမလည်။ ဘာလို့ဒီအိမ်မှာ နာမည်ရင်းခေါ်လို့ မရတာလဲ..။ ကျွန်တော် အခြေအနေ အကဲခတ်တော့လည်း ဟုတ်သည်။ တစ်အိမ်လုံးရှိ လူအားလုံး ဘယ်သူမှ အချင်းချင်း နာမည်ရင်းကို မခေါ်ကြပဲ.. အခြား အိမ်နာမည်ကို ခေါ်ကြသည်ကို ထူးခြားစွာ တွေ့ရှိရသည်။

တစ်ည…. မန်းလေး၏ နွေရာသီကတော့ တော်တော်ရက်စက်သည်။ အပူဒဏ်ကို ချွေးတလုံးလုံးဖြင့် အံတုရင်း နာရီကို ကြည့်လိုက်တော့ ည ၁း၀၀ နာရီ ရှိနေပြီ။ အခြားသူတွေကတော့ အကုန်လုံး အိပ်မောကျနေပြီး တစ်အိမ်လုံးကို တိတ်ဆိတ်ငြိမ်သက်ခြင်းက ဖုံးလွှမ်းနေသည်။ ထိုအချိန်တွင်…

“အာကာရေ…”

အိမ်အောက်ထပ်မှ ခေါ်သံကြားလိုက်ရသည်။ ဦးလေးအသံ..။ ချက်ချင်း ပြန်ထူးဖို့ ပြင်လိုက်စဉ် ဦးလေး သတိပေးသံ ပြန်သတိရမိသည်။ နာမည်ရင်း ဘယ်တော့မှ ပြန်မထူးနဲ့တဲ့ ပြီးတော့ ဦးလေးက ဘယ်တော့မှ နာမည်ရင်း မခေါ်။ တူလေး လို့သာ ခေါ်သည်။

“အာကာရေ….”

ဒုတိယအကြိမ်မြောက် ရှင်းရှင်းလင်းလင်း ကြားရခြင်း။ ဦးလေး တစ်ခုခုများဖြစ်လို့လား..။ သိချင်စိတ်က ကြောက်စိတ်ကို အနိုင်ယူလိုက်သည်။ ကုတင်ပေါ်က ချက်ချင်းဆင်းကာ အောက်ထပ်ကို ဆင်းဖို့ အခန်း တံခါး ဖွင့်လိုက်သည်။

“အောင်မလေးဗျ…”
အခန်းတံခါးရှေ့တွင် ကျောပေးနေသော ဦးလေးကိုတွေ့လိုက်ရသည်။ ဦးလေးက တိတ်တိတ်နေရန် အမူအယာ ပြပြီး အောက်ထပ်ကို ခိုးကြည့်နေသည်။

“ဦးလေး ကျွန်တော့်ကို ခေါ်သလားလို့…”

“ဦးလေး ခေါ်တာမဟုတ်ဘူး..။ ဒါပေမယ့် အောက်ထပ်က ခေါ်တာကို ဦးလေးလည်း ကြားတယ်..”

“ဗျာ…..”

“ဒါဆို ဘယ်သူ…ဘယ်သူ ခေါ်တာလဲ..”

“တူလေး.. ပြန်ထူးလိုက်သေးလား…”

“မထူးဘူး.. ဦးလေး…”

“အာကာ…ရေ…..”

ခေါ်သံထပ်ကြားရပြန်သည်။ နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသည်။ အသံက ဦးလေးအသံမှ ဦးလေးအသံ အစစ်။ ဦးလေးလည်း မျက်နှာ ဖြူဖတ်ဖြူလျော်နှင့် နဖူးစပ်တွင် ဇောချွေးများကပ် နေသည်။

“အာကာ…ရေ…” ခေါ်သံနီးသထက်နီးလာသည်။ လှေကားပေါ် တစ်စုံတစ်ဦး တက်လာသော ခြေသံကိုကြားလိုက်ရသည်။

“အာကာ….ရေ…” ခေါ်သံက အနီးနားရောက်လာသည်။

“ဦးလေး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…”

“ပြန်ထူးလိုက် တူလေး…”

“ဟင်…၊ ဦးလေးပဲ ပြန်မထူးနဲ့လို့ ပြောထားတယ်လေ…”

“အာကာ… ရေ…”

“အခု ထူးလိုက်…၊ အခုချက်ချင်းပဲ ပြန်ထူးလိုက်စမ်း…”

ဦးလေး လေသံချက်ချင်းပြောင်းသွားသည်။ ဦးလေး၏ မျက်လုံးများနီပြီး မေးရိုးများထောင်ကာ ဒေါသထွက် နေသည်။ တစ်ခုခုတော့မှားနေပြီ။ အခုမှ ဦးလေးကို သေချာကြည့်မိလိုက်သည်။ ဦးလေး၏ ပုံသဏ္ဍာန်သည် မိုးခိုးငွေ့လိုလို၊ အရိပ်လိုလို လေထဲမှာ လွှင့်နေသည်။

“ဟင်….ဦးလေး….ဘာဖြစ်….”

“အခု ထူးလိုက်…၊ ခေါ်သံကို အခုချက်ချင်း ထူးလိုက်…”

“အာကာ…ရေ…”

ကျွန်တော် ဘာလုပ်ရမှန်းမသိ ကြောင်ကြည့်မိနေစဉ်….

“တူလေး…ရေ…၊ အပေါ်ထပ်မှာဘာဖြစ်နေတာလဲကွ…”

ဟင်… ဦးလေး…. အောက်ထပ်သူ့အခန်းထဲကနေ ထွက်လာပြီးမေးသည်။ ခုနက ဘေးမှာ ရပ်နေသော စိတ်ဆိုး ဒေါသထွက်နေသော ဦးလေးလည်း မရှိတော့..။ ခေါ်သံလည်း မကြားရတော့…။
ကျွန်တော် ဦးလေးကို အကြောင်းစုံ ရှင်းပြလိုက်သည်။ ဦးလေးက သက်ပြင်းရှည်ကြီးကို ချပြီး…

“အင်း… တူလေး ပြန်မထူးမိတာ ကံကောင်းတယ်..၊ ဒီအိမ်မှာ မကျွတ်လွတ်သေးတဲ့ အဖိုးကြီးနဲ့ အဘွားကြီး လင်မယား ရှိတယ်ကွ… ကြားဖူးတာတော့ သူတို့ လင်မယား ဒီအိမ်ကြီး မီးလောင်တော့ မီးလောင်တဲ့ အထဲ ပါသွားကြတယ်..။ သူတို့အသိမိတ်ဆွေတွေရဲ့ နာမည်တွေ တစာစာအော်ရင်း…၊ အကူအညီတောင်းရင်းပေါ့..။ ဒါပေမယ့် မီးက အရမ်းပြင်းတော့ ဘယ်သူမှ မကူနိုင်ခဲ့ကြဘူးလေ…”

“ကျန်တဲ့ ဆွေမျိုးတွေက ဒီအိမ်ကြီးကို ပြန်ပြင်ဆောက်ပြီး လာနေကြတယ်..။ ဒါပေမယ့် အဘိုးကြီးနဲ့ အဘွားကြီးက မကျွတ်လွတ်ပဲ သူတို့ကို မကူညီခဲ့တဲ့သူတွေကို နာမည်တွေခေါ်ပြီး ပြန်ဒုက္ခပေးတယ်..။ သူတို့ နာမည်ခေါ်လို့ ပြန်ထူးမိတဲ့ သူက တစ်လအတွင်း အကြောင်းတစ်ခုခုကြောင့် အသက်ဆုံးရှုံးရတယ်..။ ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး..၊ အဲ့ဒီလို ဖြစ်ခဲ့တဲ့ လူအရေအတွက်က ဆယ်ဂဏာန်း ကျော်နေပြီ..”

“အလှူတန်းလုပ်၊ အမျှဝေတော့လည်း မရဘူး၊ သေခါနီးမှာ ပြန်လက်စားချေရလိုပါ၏လို့ ဆုတောင်းထားတာ ကြောင့်လို့လည်း သူများတွေ ပြောကြတယ်…”

“ဟင်…. အဲ့လိုကြီးလား…၊ ဒါပေမယ့်..၊ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ….၊ ကျွန်တော်က သူတို့ကို သိတောင် မသိဘူး..”

“သားရဲ့ အဖိုး…၊ ဦးလေးရဲ့ အဖေက… မီးလောင်တုန်းက ရှိနေခဲ့တဲ့ သူတို့ရဲ့ မိတ်ဆွေပေါ့...”

“ဗျာ… ဒါဆို ဒီအိမ်ကိုလာတဲ့ ဘယ်သူကိုမဆို ဒုက္ခပေးဖို့ ရည်ရွယ်ထားတာပေါ့ ဦးလေး..”

“ဟုတ်တယ်…တူလေး.. ဦးလေးလည်း နောက်လဆို ဒီအိမ်ကို ရောင်းပြီး တစ်ခြားနေရာပြောင်းနေဖို့ လုပ်ထား ပြီးပြီ…”

ကျွန်တော်လည်း နောက်နေ့ နံနက်လင်းသည်နှင့် ရရာကားစီးပီး ကျွန်တော့်နေရပ်သို့ ပြန်ခဲ့တော့သည်။ ထိုအိမ်ကြီးသည် ယခုအချိန်ထိ မန္တလေးမြို့၏ အထင်ကရနေရာတွင်ပင် ဆက်လက်ရှိနေပြီး ယခုအခါတွင် ခြုံနွယ်များတက်လျက်ရှိကာ လူမနေသော အိမ်ကြီးအဖြစ် တည်ရှိနေသည်။ အနီးပတ်ဝန်းကျင်ရှိလူများကတော့ လပြည့်၊ လကွယ်ညများတွင် ခြံတွင်းလမ်းလျှောက် ကာ ရယ်မောနေသော အဖိုးကြီးနှင့် အဖွားကြီး လင်မယားအား တွေ့ရတတ်သည်ဟု ဆိုကြနေလေတော့သည်။


အောင်ထွန်းဦး

1 comment:

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ