Friday, April 19, 2013

စာဖတ်သူများ ရင်နင့်စေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ပါ


မေမေ ဆုံးသွားပြီးနောက်ပိုင်း မေမေ့ရဲ့ အရိပ်အရောင်တွေ လွမ်းမောမှုပြေလျှော့နိုင်ဖို့ အတွက် ကျွန်တော်နဲ့ ကျွန်တော့ ဖေဖေဟာ တခြားမြို့ငယ်လေးတစ်မြို့ကို ပြောင်းခဲ့တယ်… အဲဒီ မြို့လေးဟာ သာမန်မြို့လေးတစ်မြို့ပါဘဲ… အသက်ငယ်ငယ်ဘဲရှိသေးတဲ့ ဖေဖေဟာ မေမေ ဆုံးသွားပြီး နောက်ပိုင်းမှာ တစ်ယောက်တည်းကျွန်တော်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်…

သူ မေမေရဲ့ဆေးကုသမှုစရိတ်တွေနဲ့ တော်တော်လေးကို ချွတ်ချုံကျခဲ့ရတယ်… ကျွန်တော် မှတ်မိသလောက်တော့ သူ့အကြွေးတွေဟာ ကျွန်တော် ၁၀တန်းအောင်တဲ့ အထိ ဆပ်လို့ မကုန်နိုင်သေးဘူး။ ဒါပေမဲ့ သူမေမေ့ ရောဂါကြောင့် စိတ်ပျက်ခဲ့တဲ့ အကြောင်း၊ အကြွေးတွေ ၀ိုင်းဝိုင်းလည်နေလို့ စိတ်ညစ်ရတဲ့ အကြောင်း ငြီးငြူတာ လုံးဝမကြားဖူးဘူး။

ဖေဖေဟာ သမရိုးကျ ဖေဖေတွေလိုပါဘဲ… အရာရာကို အလေးထားတတ်တဲ့ပုံစံ နဲ့ ခပ်အေးအေးနေတတ်တယ်… ကျွန်တော် မှတ်မိသလောက် ဖေဖေဟာ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာကို မဖော်ပြတတ်ဘူး…

ညနေကျောင်းဆင်းပြန်လာလို့ အိမ်ကိုရောက်တဲ့ အချိန် သူကတော့ ယောက်ျားတန်မဲ့ မီးဖိုခန်းမှာတစ်ယောက်တည်း ကျွန်တော်တို့ သားအဖနှစ်ယောက်အတွက် ညစာကို ချက်ပြုတ်နေရှာတယ်… ကျွန်တော်ရဲ့ ကျောင်းမှာ ပထမရခဲ့တဲ့ အောင်စာရင်းကို သူ့ကို ၀မ်းပမ်းတသာ ထုတ်ပြပေမဲ့ သူကတော့ ကျွန်တော့ ခေါင်းလေးကိုပွတ်ပြီး “တော်တယ်… သား” ဆိုတာလေးကိုဘဲ ပြုံးပြီးပြောတတ်တယ်… ဒါတောင် ဒါဟာသူ့ရဲ့ အစွန်းဆုံလို့တောင်ထင်ရတယ်…

ဒါပေမဲ့ ကျွန်တော် အမှားလုပ်မိတဲ့ အချိန်မျိုးမှာဆိုရင်တော့ ဆူတာ၊ ဆုံးမတာက သူ့အတွက်ပိုလွယ်ကူပုံရတယ်… တခါတလေ သူ အရမ်းစိတ်တိုတဲ့ အချိန်မျိုးဆိုရင်တော့ ကျွန်တော့ကို ရိုက်တတ်တယ်… ဒါမျိုးရိုက်တတ်တဲ့ အကြိမ်ရည်ကလဲ လက်ငါးချောင်းတောင်မပြည့်ပါဘူး။ အဲဒီလို ရိုက်ခံရပြီးတိုင်း ကျွန်တော်ငိုတယ်… သူလဲ ငိုတယ်…

အဲဒီညမှာ သူ ကျွန်တော့ အခန်းထဲ ၀င်လာပြီး ကျွန်တော့ကို ဆေးလိမ်းပေးတဲ့ အချိန် ကျွန်တော် အိပ်ပျော်ဟန်ဆောင်နေလိုက်တယ်… ကျွန်တော်သိလိုက်တယ် … သူ့မျက်ရည်ပူတွေဟာ သူဆေးလိမ်းပေးရင် ကျွန်တော့ အနာပေါ်ကျနေတယ်ဆိုတာ… ကျွန်တော်သိလိုက်တယ်… သူ့ ရင်ထဲက အနာဟာ ကျွန်တော့ အနာထက်နာတယ်ဆိုတာ… ကျွန်တော်သိလိုက်တယ်… သူ ကျွန်တော့ကို ချစ်တယ်ဆိုတာ…

ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ အချိန် အများစုဟာ ပင်ပန်းခဲ့တယ်… ဒါပေမဲ့ ဖေဖေဟာ အလုပ်အရမ်းကြိုးစားတယ်… ဖေ့ဖေ့မှာ ဆန္ဒတစ်ခုရှိတယ်… အဲဒါကတော့ ကျွန်တော်တို့ ကိုယ်ပိုင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့ပါဘဲ… ဖေဖေဟာ တခြားသူတွေထက်ကို ပိုပြီး ပင်ပန်းဆင်းရဲခံပြီး သူ့စိတ်ကူး ရည်မှန်းချက် အကောင်ထည်ဖော်နိုင်ဖို့ အတွက် ကြိုးစားခဲ့တယ်… အဲဒီနှစ်က တန်ဆောင်းမုန်း လပြည့်နေ့မှာဘဲ ကျွန်တော်တို့ အိမ်သစ်တက်ပွဲလုပ်နိုင်ခဲ့တယ်… အဲဒီနေ့မှာ ဖေဖေ အရမ်းပျော်တယ်… ကျွန်တော်လဲ အရမ်းပျော်ခဲ့တယ်…

အချိန်တွေဟာ ကုန်ဆုံးသွားတာ အရမ်းကိုမြန်ဆန်လွန်းတယ်… ဒီလိုနဲ့ ကျွန်တော်လဲ ကျောင်းပြီးလို့ ဘွဲ့ရပြီး အလုပ်ကောင်းကောင်းတစ်ခုရခဲ့တယ်… ကျွန်တော်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းလိုဘဲ “အရာရာတိုင်းဟာ ထွက်သွားပြီးရင် ဘယ်တော့မှ ခေါင်းပြန်မလှည့်တတ်တော့ဘူး…”

ဖေဖေဟာ သူ အသက် ၅၈နှစ် အရွယ်မှာ စပြီး ရောဂါ စဖြစ်ခဲ့တယ်… သူ အပြင်ထွက်သွားပြီးရင် အိမ်ပြန်တဲ့လမ်းကို ရှာမတွေ့တော့ဘူး… ရှေ့တစ်ရက်က လျှော်ထားတဲ့ အိပ်ယာခင်းက မခြောက်သေးဘူး… ဒီနေ့မှာ ဆိုဖာထိုင်ခုံက စိုပြန်ပြီ… သူ သူ့ဆီးကိုလဲ မထိန်းနိုင်တော့ဘူး…

ကျွန်တော့ အလုပ်က အခုမှ ၀င်ခါစပါ… ဒါပေမဲ့ အိမ်ကို အမြဲတမ်းစောစောပြန်နေရတယ်…
အိမ်နားက ခေါက်ဆွဲဆိုင်ကလဲ ခဏခဏ ဖုန်းဆက်လာတယ်… “မင်းအဖေကို လာပြန်ခေါ်သွားလိုက်ဦး…”
ခေါက်ဆွဲရည်တွေပေကျံနေတဲ့ သူ့ကို အမြဲလိုလို အိမ်ပြန်ခေါ်သွားရတယ်…
တနေ့မှာ ကျွန်တော်အိမ်ပြန်ရောက်လာပြီး… “ဖေ… သားပြန်ရောက်ပြီ” လို့နှုတ်ဆက်လိုက်တယ်…
သူ့ဆီကနေ ကျွန်တော်ကို အံ့သြစေတဲ့ စကားတစ်ခွန်းပြောထွက်လာတယ်… “မင်းဘယ်သူလဲ?”
သူ့ရောဂါ အခြေအနေဟာ တနေ့တခြာ ပိုပိုဆိုးဝါးလာတာနဲ့အမျှ တခါတလေ ကျွန်တော်ဘယ်သူလဲ ဆိုတာကို သူမမှတ်မိတော့ဘူး…

သူရောဂါ အခြေနေဟာ ကောင်းတဲ့ အချိန်ကောင်း၊ ဆိုးတဲ့အချိန်ဆိုးနဲ့ ကျွန်တော် ပြုစုနိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်နေလေပြီ… တနေ့မှာ ကျွန်တော်နဲ့ဈေးဝယ်ထွက်တုန်း ကျွန်တော်ပိုက်ဆံရှင်းနေရင်း သတိမထားမိလိုက်တဲ့ အချိန်လေးမှာ သူတစ်ယောက်တည်းလမ်းမပေါ်ကိုထွက်သွားတယ်… ကားဟွန်းသံကို ကြားလိုက်တော့မှ ကျွန်တော်တော်တော်လေး လန့်သွားတယ်… သူ့ဆီကို ပြေးသွားပြီး သူ့ကို တွေ့တော့မှ ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်နိုင်တယ်… တော်သေးတာပေါ့… ကားက အချိန်မီ ဘရိတ်အုတ်နိုင်ခဲလို့…

သူ့ကို ပိုမိုကောင်းမွန်တဲ့ ပြုစု ကုသ ပေးမှုရအောင်ကျွန်တော်သူ့ကို ဆေးရုံတင်လိုက်တယ်… ကျွန်တော်လဲ အလုပ်မှာ ကောင်းကောင်းအာရုံစိုက်နိုင်တာပေါ့…

ဖေဖေ နေကောင်းမှတ်မိနေတဲ့ တစ်နေ့မှာ ကျွန်တော့ဆီကိုဖုန်းဆက်လာတယ်… ကျွန်တော်ဆေးရုံရောက်တော့ သူ့ အခန်းတံခါးဝမှာ သန့်ရှင်းရေးဝန်ထမ်းက သူ့ကို အော်နေတာ ကြားလိုက်ရတယ်… “ဟဲ့ အဖိုးကြီးစုတ်… ဒီနေ့ဘယ်နခါရှိပြီလဲ… တနေကုန်သေးပေါက်ချနေတော့တာဘဲ… နင့် အခန်းကို လာပြီးကြမ်းတိုက်ပေးနေရတာ အခါပေါင်းမနည်းတော့ဘူး…”
ကျွန်တော်လဲ ကြားရော တော်တော်လေးကို ဒေါသထွက်သွားတယ်… “လူနာကို ဒီလိုအော်ဆဲနေရလောက်အောင် ခင်ဗျားက ဘာလဲ… ထွက်သွား… ခုထွက်သွား…”
ကျွန်တော် သူ့ကို ဆွဲမထိုးမိအောင် စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်… ဖေဖေကတော့ မျက်နှာငယ်နဲ့ အပြစ် တစ်ခုခု ကျူးလွန်ဖူးတဲ့ ကလေးလေးလိုဘဲ…
တခဏတွင်း တိတ်ဆိတ်သွားတဲ့ အခန်းမှာ သူမထိန်းနိုင်တဲ့ ကျင်ငယ်ရည်တွေဟာ ကုတင်းစောင်းတလျှောက်စီးကျနေသံကိုဘဲ ကြားရတော့တယ်…

ဖေဖေ့ရဲ့ စာပွဲပေါ်မှာ စာတစ်စောင် တင်ထားတာတွေ့လိုက်တယ်… ဖွင့်ကြည့်လိုက်တော့ ဖေဖေ အားစိုက်ပြီးရေးထားတဲ့ စာတစ်စောင်နဲ့ ၀ါထိန်နေပြီဖြစ်တဲ့ ကျွန်တော်တို့ အိမ်သစ်တက်ပွဲတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေး… စာရေးထားတာကတော့…
“သား… ဖေဖေ တောင်းပန်ပါတယ်… ဖေဖေနေမကောင်းဖြစ်တာ သားကို တော်တော်လေး ဒုက္ခပေး
နေမိပြီ… ဖေဖေ… သားကို မေ့မှာကြောက်တယ်… သားကို မှတ်မိနိုင်ဖို့ အတွက် ဖေဖေ တော်တော်လေးကြိုးစားနေတယ်… သား ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်…”

စာ အိတ်ထဲမှာ နောက်တစ်ခုကတော့ ဖေဖေ့ရဲ့ဘဏ်စာအုပ်လေးနဲ့ ကျွန်တော့နာမည်ပါတဲ့ ကိုယ်စားလှယ်လွှဲစာ… ဒါကတော့ သူ ဒီတစ်ဘ၀လုံးကြိုးစာခဲ့သမျှ နဲ့ ဒီတစ်ဘ၀လုံး ကျွန်တော့ ကိုပေးခဲ့တဲ့ အချစ်တွေပါဘဲ…

သူကတော့ သူ့ရဲ့အချိန်တွေ၊ ခွန်အားတွေ အားလုံးကိုစိုက်ထုတ်ပေးပြီး ကျွန်တော့ဘ၀အောင်မြင်ဖို့အတွက် ရင်းနှီးပေးခဲ့တယ်...
သူအိုလာတဲ့ အချိန်မှာကျတော့ သူ့ရဲ့ မှတ်ဥာဏ်တွေကို ရက်ရက်စက်စက်ရုပ်သိမ်းသွားခဲ့တယ်...
အချစ်ကို အချစ်ဆုံးအတွက်ထားပေးခဲ့ပါတယ်… ဖေဖေ…

..............................................
Copy and Credit to
http://www.facebook.com/aungyunaing


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ