Sunday, May 12, 2013

ရင်သို့ထိသောစာစုများ - ၅



ကျွန်တော် ဒီနေ့ အလုပ်က စောစောပြန်မှ ဖြစ်မည်..၊ မနေ့က ရပ်ကွက်ရုံးမှ ဒီနေ့ည ကင်းစောင့်ရန် လာအကြောင်းကြား ထားသည်..၊ ခုတစ်လော ရပ်ကွက်ထဲမှာ သူခိုးတော်တော်ပူတာကတစ်ကြောင်း၊ နွေရာသီ ဖြစ်တာကြောင့် မီးဘေးအန္တရာယ်လည်း ရှိနိုင်တာက တစ်ကြောင်း၊  ရပ်ကွက်တွင်း အလှည့်ကျ ကင်းစောင့်စနစ်ဖြင့် တာဝန်ချထားခြင်းဖြစ်သည်။ အလုပ်က စောစော ပြန်နိုင်မှသာ ကင်းချိန်ကို နောက်မကျဘဲ သွားနိုင်တော့မည်…၊ ထို့ကြောင့် အလုပ်ကိုသိမ်းကာ အိမ်ပြန်ဖို့ ခြေလှမ်း စတင်ခဲ့တော့သည်။

အိမ်ကိုရောက်တော့ အိမ်ရှေ့တံခါးဝမှာ ငုတ်တုတ်လေးထိုင်ပြီး ဆီးကြိုနေသော အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ဘ၀သည် အမေတစ်ခုသားတစ်ခု ဘ၀ဖြစ်သည်။ အဖေဆုံးပြီးကတည်းက အမေ့ကို လုပ်ကျွေးပြုစုလာတာ ဒီအချိန်ထိဖြစ်သည်။ စီးပွားရေး အဆင်မပြေပေမယ့်…၊ အမေနဲ့ ပျော်ရွင်စွာ နေထိုင်ရသော ဒီဘ၀ကို ကျွန်တော်ကျေနပ်သည်…။

“သား… ဒီနေ့ အလုပ်ပြန်တာ..စောလှချည်လား..”

“ဟုတ်တယ် … အမေ…၊ သားဒီနေ့ ရပ်ကွက်ကင်းကျတယ်လေ.. အဲဒါ …သွားရအုံးမယ်..”

“ထမင်း အရင်စားမလား..၊ ရေအရင်ချိုးမလား သား..”

“ရေ အရင်ချိုးမယ် အမေ… ပြီးမှ ထမင်းစားမယ်လေ…”

ကျွန်တော် ရေအမြန် ချိုးလိုက်သည်..၊ ရေချိုး… အ၀တ်အစားလဲပြီးတော့ ထမင်းဝိုင်းပြင်ဆင်ပြီး စောင့်နေသော အမေ့ကို တွေ့လိုက်ရသည်….။ ထမင်းစားရာတွင် အမေသည် တစ်ယောက်တည်း ဘယ်တော့မှ မစား..၊ နှစ်ယောက်ဆုံမှ စားလေ့ရှိသည်..။ မိမိအလုပ်နောက်ကျသော နေ့မျိုးတွင်ပင်လျှင် အမေသည် အဆာခံပြီး မိမိကိုစောင့်လေ့ရှိသည်…၊

နောက်ထူးခြားချက်တစ်ခုရှိသည်။ အမေသည် ကျွန်တော် တောင်းဆိုသမျှကို ဘာတစ်ခုမှ ငြင်းသည်မရှိ…၊ တတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးသည်..၊ ဥပမာ… ကျွန်တော် ညနေစာ ငါးသလောက်ဟင်းစားချင်လျှင်… ရရနေရာကနေ ရှာပြီး..ချက်ထားတတ်သည်..။ ကျွန်တော့်မျက်နှာကို အညှို မခံနိုင်သော အမေဖြစ်သည်။

ရေချိုးပြီး ထမင်းဝိုင်းတွင် ထမင်းဟင်းများ အရန်သင့်နှင့် ထိုင်စောင့်နေသော အမေ့ကို တွေ့လိုက်ရသည်။ ဟင်း မကောင်းပေမယ့် သားအမိ နှစ်ယောက် စုံလင်စွာ စားနေကျဖြစ်သော ဒီထမင်းဝိုင်းလေးကို ကျွန်တော် ကြိုက် နှစ်သက်သည်။ ထမင်းစားပြီးတာနဲ့

"သား ဒီနေ့..၊ မီးကင်း သွားစောင့်ဖို့ ရှိတယ်.. ခုတစ်လော သူခိုးကလည်း တော်တော်ပူတယ်လေ.."

"အင်း..သတိလည်း ထားအုံးနော်သား..၊ ဒါနဲ့သား မနက်ဖြန် ဘာစားချင်လဲ..? "

"သင်္ဘောသီး စားချင်တယ်အမေ..၊ သားသင်္ဘောသီး မစားရတာကြာပီ.."

ကျွန်တော် သင်္ဘောသီးကို ငယ်ငယ်ကတည်းက အရမ်းကြိုက်သည်။ အမေကလည်း အိမ်မှာ သင်္ဘောသီး မပြတ်အောင် အမြဲ ၀ယ်ထားလေ့ရှိသည်..။

အမေ့ကို နှုတ်ဆက်ပြီး မီးကင်းစောင့်ရန် အိမ်ကထွက်လာခဲ့သည်။ ကျွန်တော့် စိတ်ထဲ ဒီနေ့ သိပ်မကြည်လင်ချင်..။ တစ်ခုခုကို စိတ်လေးနေသည်..။ ဘာများ ဖြစ်အုံးမလဲတော့ မသိ..။ မီးကင်းကို ရောက်တော့ ကျွန်တော့်ထက် ကြိုရောက်နေသော အဖော် နှစ်ယောက် ကိုတွေ့လိုက်ရသည်..။ လက်ထဲမှာလည်း လက်နက်တွေ ကိုယ်စီနဲ့…၊ ဟုတ်တာပေါ့..၊ သူခိုးတွေ ဘာတွေ လိုက်ရရင် လက်နက် မပါပဲ လိုက်လို့မှ အဆင်မပြေတာကိုး…။

ဒီလိုနဲ့ ကျွန်တော်တို့ အဖွဲ့ တစ်ယောက်တစ်လှည့် ကင်းစောင့်ရင်း ည (၁း၀၀) သို့ရောက်ခဲ့လေပြီ..။ ကျွန်တော်လည်း ကျွန်တော့်အလှည့်ပြီးပြီမို့ ကင်းတဲထဲဝင်ပြီး တစ်ရေးလောက်အိပ်လိုက်သည်။ ဘယ်လောက် ကြောကြာ အိပ်ပျော်သွားခဲ့သည်မသိ..၊ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် အသာလေး လက်တို့လာနှိုးမှ နိုးတော့သည်။

"ဟရောင်….၊ သူခိုးကွ..၊ တိုးတိုးနေ.."

သူခိုးဆိုတဲ့ အသံကြားတော့ ကျွန်တော် အိပ်ချင်ပြေသွားသည်။

"ဘယ်မှာလဲ သူခိုး.."

"ဟော ..ဟိုမှာ..တွေ့လား..၊ အိမ်ထဲက ထွက်လာတာ.. ဘာ "မ" လာလဲမသိဘူး..၊ ကုပ်ချောင်းချောင်းနဲ့.."

"ဟိုကောင်ရော.."

"အောက်မှာ ရိုက်ဖို့ စောင့်နေတယ်.."

"အေး…တွယ်ကွာ…"

လရောင်ဝိုးတ၀ါးနဲ့မို့ ကောင်းကောင်းတော့ သူခိုးကို ကောင်းကောင်းတော့ မမြင်ရ..။ သို့ပေမယ့် ဒီလိုအချိန် သူများ အိမ်ထဲကို တိတ်တဆိတ်ဝင်ပြီး ခိုးကြောင် ခိုးဝှက် ပြန်ထွက်လာတာ ဘယ်နည်းနဲ့မှ လူကောင်း မဖြစ်နိုင်..။ သုံးယောက်သား တုတ်ကိုယ်စီကိုင်ပြီး အမှောင်ရိပ်ကွယ်ရာကနေ သူခိုးအား စောင့်နေလိုက်သည်..။ သူခိုးမှာ ကျွန်တော်တို့ သုံးယောက် အနီး ရောက်လာသည်နဲ့ တစ်ပြိုက်နက်..။

"ခွပ်.."

"ဆော်ဟ…"

"ဒုတ်…"

"သူခိုးဗျို့…၊ သူခိုး…၊ သူခိုး.."

သုံးယောက်သား အော်သူကအော် ဆော်သူကဆော်ထည့်လိုက်ရာ သူခိုးမှာ မြေပြင်မှာ ပုံလျက်သားလေး လဲနေတော့သည်..။ ခဏကြာတော့ ရပ်ကွက်ထဲက လူများ မီးတုတ်တွေ၊ ဓါတ်မီးတွေ ကိုယ်စီနဲ့ ထွက်လာကြသည်။ ထိုအချိန်မှသာ ကျွန်တော်တို့ သူခိုးဘယ်သူဘယ်ဝါလဲဆိုတာကို ကြည့်ဖို့ ဓါတ်မီးနဲ့ မျက်နှာကို ထိုးချိန်လိုက်သည်..။

"ဟင်…အမေ…"

သွေးအိုင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော အမေ့ကို တွေ့လိုက်ရသည်..။

"ဟာ.. အမေ…၊ ဘယ်လိုဖြစ်ရတာလဲဗျာ..၊ ဘာဖြစ်လို့ အမေ ဒီအချိန်ကြီး အပြင်ထွက်လာရတာလဲ.."

ကျွန်တော် အော်ငိုရင်း အမေ့ကို ဆွဲပွေ့လိုက်သည်။ ရဲရဲနီနေသော သွေးတို့က ကျွန်တော့်ရင်ဘတ် တစ်ခုလုံးကို အနီရောင်ဖြစ်စေခဲ့သည်။ အမေကတော့ အိပ်ပျော်နေသည့်အလား တုပ်တုပ်မျှ မလုပ်..။

"ဘာဖြစ်လို့..အမေ..ဖြစ်နေရတာလဲဗျာ..၊ ဘာဖြစ်လို့လဲ…"

ကျွန်တော့် အမေးကို ဘယ်သူမှ မဖြေ..၊ အကုန်လုံး အံ့သြ ဂရုဏာသက်နေတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြသည်..။

ကျွန်တော် အမေ့ကို ဆေးရုံသို့ပို့ဆောင်ရန် ဆွဲပွေ့ထူလိုက်သည်..၊ အမေ့ရဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ လက်နှစ်ဖက်ကြားမှ တစ်စုံ တစ်ခု ထွက်ကျလာခဲ့သည်…။ ထိုအရာမှာ… ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားတဲ့.. "သဘောင်္သီး နှစ်လုံး"..


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ