Sunday, November 3, 2013

ကျုပ်နဲ့ ရန်ကုန်အထာ - ၎


ကျုပ်ကတောသားဆိုတော့ကာ… ကျုပ်ကို အပေါင်းအသင်း တစ်ချို့က ကျောင်းမှာ စိတ်ရင်းနှင့်ပေါင်းကြတယ်.. အဲ… တစ်ချို့ကြ ပြန်တော့ စချင်နောက်ချင် လောင်ချင် ပြောင်ချင်တဲ့စိတ်နဲ့ ကျုပ်ကို ပေါင်းကြတယ်… ခက်တာက… ကျုပ်အသက်လေးက ဒင်းတို့ထက် မဆိုစလောက် ကြီးနေတော့ကာ တစ်ခါတစ်လေတော့ ကျုပ်က မခံချင်ဘူးရယ်… ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ… ကျုပ်ကတော့ သူတို့အားလုံးနဲ့ အဆင်ပြေအောင် နေလိုက်တာပါပဲ… ဒီနယ်က ကိုယ့်နယ် မဟုတ် တာရယ်… ဒင်းတို့လေးတွေက ကျုပ်ထက် အဆမတန် ငယ်နေတာရယ်ကြောင့်ပါ…

ရွာမှာသာ ဒင်းတို့လေးတွေ ကျုပ်ကို ဒီအချိုးမျိုး လာချိုးကြည့်ပါလား….၊ နပန် ဖုန်ထအောင် ကျင်းလွှတ်ပြီး ဘောကွင်းကို အပျင်းပြေ ဆယ်ပတ်လောက် ပတ်ပြေးခိုင်းလိုက်မယ်… ကျုပ်က ရွာမှာဆို ကြက်ခေါင်းဆိတ် ခံတာမဟုတ်ဘူး..။ မခံဆို အဘကလည်း ပိုက်ဆံရှိ ရွာသူကြီးကိုးဗျ…။ ရွာက ကာလသားတွေ အားလုံးကို ကျုပ်က တပည့်လိုပေါင်းတာ…။ ဟေ့ကောင်တွေ ဆိုတာနဲ့ တစ်ခါတည်း ဗျာ ဆိုတာလာပြီးသား..။ တစ်ခါတစ်လေတော့လည်း ဒီရန်ကုန်ကြီးကို ပစ်ပြီး ကျုပ်ဗိုလ်ကျခဲ့တဲ့ ရွာကို ပြန်ချင်သားဗျ…။ ဒါပေသည့် ကျုပ်ပြန်သွားရင် အရှက်ရမယ့် အဘတို့ကြောင့် သည်းခံပြီး နေနေရတာပလေ..။

ဒီနေ့… ကျောင်းသာ ထွက်လာခဲ့ရတယ်… စိတ်ကသိပ်ပါလှတယ် မဟုတ်ဘူး…၊ မပါဆို.. ဆရာမလေး ကလည်း ဒီနေ့ကစပြီး ခွင့်တစ်ပတ်ယူထားတယ်လေ… ဆရာမလေးမရှိရင် ကျောင်းကြီးက ကျုပ်အတွက် အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရတယ်..။ ခက်ပါတယ်…။ ကိုယ်နဲ့ရွယ်တူကလည်း ကျောင်းမှာ တစ်ယောက်မှ မရှိ..။ ရှိတဲ့ ဆရာမလေးကလည်း ကျောင်းမလာ…။ ရှုတ်ပါတယ်..။ ကျုပ် ဒီနေ့ ကျောင်းမတက်တော့ဘူး…။

အခန်းရှေ့ရောက်မှ ပြန်လှည့်ထွက်မယ်အလုပ်…

"ဦးအောင်ဘု…၊ ဦးအောင်ဘု…"

"ဘာတုန်း…."

"ဒီနေ့ သမီးရုပ်ရှင် သွားကြည့်မလို့… အဲ့ဒါ တစ်ယောက်တည်း ဖြစ်နေလို့…ဦးအောင်ဘု လိုက်ပို့မလားဟင်.."

အင်…၊ ဘာလဲဟ…၊ ထူးထူးခြားခြား..၊ အရင်က ကျုပ်ကို တွေ့တာနဲ့ မျက်စောင်းထိုး ကျုပ်နဲ့ သိပ်အစေးမကပ် တဲ့ ဒီဟာမလေးက ကျုပ်ကို ရုပ်ရှင်သွားကြည့်ဖို့ လာခေါ်နေပါလား..၊ ဘာအကွက်တွေ ရှိလဲတော့ မသိ..၊ တောသား ဆိုပေမယ့် နည်းနည်းတော့ နပ်လာပီ…

"မလိုက်ဘူး…၊ နင့်ဟာနင်သွား…"

"ဟိုကောင်တွေ ပြောတာ ဟုတ်နေပါပီ…"

"အမ်…၊ ဟိုကောင်တွေက ကျုပ်ကို ဘာပြောသတုံး…"

"ဦးအောင်ဘုကတဲ့..၊ လူကောင်ကြီးပြီး..၊ ရုပ်သာဆိုးတာ…၊ သရဲကြောက်တတ်တယ်တဲ့..၊ နင်သရဲကား သွားကြည့်ဖို့ ခေါ်ရင် လိုက်မှာမဟုတ်ဘူးတဲ့…"

"အောင်မယ်… ဒီကောင်တွေက ကျုပ်ကို အဲ့သလိုပဲ ပြောသလား.."

"အင်း…."

"ဘယ်အချိန် ရုပ်ရှင် သွားကြည့်မှာလဲ..ပြော…"

"ည ၉း၀၀၊ 3D သွားကြည့်မှာနော်…."

"ဘာလဲဟ…၊ 3D…"

"ဟိုရောက်ရင် သိမှာပေါ့.. ဦးအောင်ဘုရဲ့…"

"အေးလေ… ပြီးတာပဲ… ကျုပ်လာခဲ့မယ်.. အမိနဲ့ သိပ်လိုက်ချင်လို့တော့ မဟုတ်ဘူး… ကျုပ်သရဲ မကြောက်တတ်ဘူး ဆိုတာ ပြချင်လို့.."

ဒီလိုနဲ့ ကျုပ်လစ်မယ့် အတန်းလဲ မလစ်လိုက်ပဲ အတန်းဆက်တက်နေလိုက်တယ်…။ ခဏကြာတော့ ဟိုကောင်လေးတွေ ကျုပ်အနားကို လာပီး..

"ဦးအောင်ဘု….၊ ဒီည ဘယ်သွားမှာလဲ…၊ သိနေတယ်နော်…"

"အေး…၊ ကျုပ်ရုပ်ရှင်သွားကြည့်မှာ..ဘာဒီ ဆိုလားပဲ…၊ သရဲကားတဲ့..၊ ကျုပ်က အပျင်းပြေ သွားကြည့်မလို့ပါ"

 "ဟင်…၊ ဦးအောင်ဘုက သရဲမကြောက်ဘူးလား…"

"ကျုပ်ရွာမှာတုန်းက အိမ်မှာ ညအိပ်လို့ ပူလာရင် သင်းချိုင်းက အုတ်ဂူပေါ် တက်အိပ်တာလာတာ… သရဲ ဆိုတာနဲ့ လည်ပင်းဖက်ပြီး ပေါင်းလာတာလေ…"

"ဟာ…၊ အားကျသွားပြီဗျာ..၊ ဦးအောင်ဘုလို သတ္တိမျိုး လိုချင်လိုက်တာ.."

"အေးပါကွယ်..၊ နောင်ကြုံရင် ကျုပ်သင်ပေးပါ့မယ်.."

မှတ်ထား..၊ ဒင်းတို့လေးတွေ ကျုပ်ကို ရုပ်ရှင်မလိုက်ဘူး ထင်နေတာ…၊ ခုတော့ ကျုပ်က အပေါ်စီးကနေ ပစ်ပစ်နှစ်နှစ်ကို ပြောပေးလိုက်တယ်..။ တစ်ကယ်တမ်း ပြောသာ ပြောရတာ.. ကျုပ်က သရဲကြောက်တတ် တယ်ဗျို့..။ ခုနက ဒင်းတို့ကို နိုင်ချင်လို့သာ လျှောက်ပြောလိုက်တာ..၊ ခုထိ…၊ ညဆို သေးကို အပြင် မထွက်ပေါက်ပဲ သေးအိုးနဲ့ ပေါက်တုံး…။

ည ၈း၄၅ မိနစ်လောက်မှာ..၊ ရုံရှေ့မှာစောင့်နေတဲ့ အမိကို ကျုပ်တွေ့လိုက်ရတယ်..။ အမယ်.. ညကြီး မိုးချုပ် ကို ပြင်ထားဆင်ထားလိုက်တာ မင်းသမီး ရှုံးလောက်ရဲ့…။ သရဲကား ကြည့်မှာများ ဘာတွေ ဒီလောက်ထိ ပြင်ဆင်ဖို့လဲတော့ မသိ…။

"သွားမယ်လေ… မပြသေးဘူးလား…"

"သမီး အခုလေးတင် ဖုန်းဝင်လာလို့ဦးအောင်ဘု..၊ အိမ်ခဏပြန်ရမယ်..၊ ပြီးရင် ပြန်လာခဲ့မယ်...၊ ဒီမှာ လက်မှတ်၊ ရုံးထဲဝင်ပြီး ကြည့်ရင်းနဲ့ စောင့်နေ..၊ ကြောက်လို့ ထမပြန်နဲ့အုံးနော်..."

"အောင်မယ်…၊ ကျုပ်လား ကြောက်မှာ…၊ မြန်မြန်သာပြန်လာ…"

ကျုပ်ကို လက်မှတ်ပေးပြီး အမိကတော့ သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွားလေရဲ့..၊ ကျုပ်လက်မှတ် လေးပြပြီး ရုံထဲဝင်တော့ ကျုပ်ကို မျက်မှန်လေး တစ်လက် ကမ်းပေးတယ်…။
သြော်…ဘာလဲဟ…၊ ပလတ်စတစ်လေးနဲ့လည်း ထုတ်ထားသေးတယ်..၊ လက်ဆောင်ပေးတာထင်တယ်..၊ ဆိုးတော့ မဆိုးဘူးပဲ…၊ ဟိဟိ…၊

ကျုပ်အတွေးနဲ့ကျုပ်ဝင်ပြီး ကျုပ်ထိုင်ရမယ့် နေရာကို ထိုင်လိုက်တယ်…။ ခဏနေတော့ ကျုပ်ဘေးနားကို အသက်ကြီးကြီး ၀၀တုတ်တုတ် ကြီးတော်ကြီး တစ်ယောက် လာထိုင်တယ်..၊ တောကထင်ပါတယ်..။ ရွှေဆွဲကုံး တစ်ဝင်း ၀င်းနဲ့ လက်နဲ့ လည်ပင်းတွေမှာ သနပ်ခါးတွေ အဖွေးလိမ်းထားပြီး နှုတ်ခမ်းနီကိုရဲနေအောင် ဆိုးထား တယ်..၊ မသိရင် ခုကိုပဲ သရဲကား ကြည့်နေရသလိုလိုနဲ့…။

ဒီလိုနဲ့ ဇာတ်လမ်းစဖို့ စာတမ်းထိုးတော့ ကျုပ်လည်း ဘေးဘီဝဲယာ ကြည့်လိုက်တယ်..။ အလို…၊ တစ်ရုံလုံးမှ ကျုပ်တို့ နှစ်ယောက်တည်း..၊ မသိရင်.. ရုပ်ရှင်တစ်ရုံလုံးပဲ အပြတ်ငှားပြီး ရိုမန့်တစ်ဆန်ဆန် ရုပ်ရှင် လာကြည့်နေတဲ့ အတွဲမှတ်ရ…၊ ကြီးတော်ကြီးကို ကြည့်ပြီး စဉ်းစားနေတုန်း… ကြီးတော်က ကျုပ်ဖက်ကို လှည့်ပီး ပြုံးပြတယ်…။ ကျုပ်လည်း လူမှုရေးအရ ပြန်ပြုံးပြလိုက်တော့…

"သေနာ..၊ ဘာလာ စပ်ဖြဲဖြဲ လုပ်တာလဲ…၊ လူနှစ်ယောက်တည်း ရှိတယ်ဆိုပီး ရီးတီး ရားတော့ မလုပ်နဲ့…"

"အလိုလေး…၊ ကြီးတော် ပြုံးပြလို့ ကျုပ်က ပြန်ပြုံးပြ ရတာပါဗျ…"

"အလို.. ကျုပ်ပါးစပ်က ရေစီးကမ်းပြိုလိုက်နေလို့… ပြုံးသလို ဖြစ်နေတာ..၊ အလကားနေရင်း ပြုံးပြ မနေဘူး.."

မိုက်ပါ့ အောင်ဘုရယ်..၊ ရေစီးကမ်းပြိုနဲ့မှ လာတွေ့နေရတယ်လို့…။ ကျုပ်လည်း ဘာမှ မပြောပဲ သူ့ဘက်ကို မကြည့်ဘက်အောင် နေရင်း ပိတ်ကားဘက် မျက်နှာမူလိုက်တယ်…၊ ခဏကြာတော့… ပေးထားတဲ့ မျက်မှန် တွေကို တပ်ကြည့်ပါ ဆိုတဲ့ စာတမ်းက ထိုးလာတယ်..။ ပြီးရင် အပေါက်ဝ ပြန်အပ်ရမယ်တဲ့..။ ကျုပ်က လက်ဆောင်ပေးတဲ့ဟာများလားလို့…၊ သြော်…၊ ဟိုအမိပြောတဲ့ ဘာဒီဆိုလား ဟာက ဒီလို မျက်မှန် တပ်ကြည့် တဲ့ဟာဖြစ်မယ်..၊ အမိုက်သားဟ…။ ကျုပ်လည်း အိပ်ကိုဖောက်ပြီး မျက်မှန် တပ်ကြည့်လိုက်တယ်…။

အမယ်.. မြင်ကွင်းက အရှင်းသားဟ..၊ အတိုင်းသား တစ်ကယ့်ဖြစ်ရပ်ကို ဘေးနားက ထိုင်ကြည့်နေသလိုပါပဲလား..၊ မိုက်ဟေ့…..၊ ရွာမှာ သွားပြောရရင် ရုံမှာတောင် မဟုတ်ဘူး..၊ သြော်.. ရန်ကုန်… ရန်ကုန်… ဒါတွေကြောင့် နာမည်ကြီးတယ် ထင်တာပ..။
ဒီလိုနဲ့ ဇာတ်လမ်းစတော့…

"အောင်မလေးဗျ…."

ကျုပ်ကြောက်အားလန့်အားနဲ့ ဘေးနားက ကြီးတော်ကြီးကို ပြေးဖက်ထားလိုက်တယ်..။ ကြီးတော်ကြီးကလည်း ကျုပ်ကို ဖက်လျက်သား..၊ ပြီးတော့ နှစ်ယောက်သား ရှက်ကို့ ရှက်ကန်းနဲ့ ရုပ်ရှင်ကို ပြန်ကြည့်..၊ ခဏကြာတော့…

"အောင်မလေးဗျ…" "အောင်မလေးတော့…"

နှစ်ယောက်ဖက်လျက်သားလေး…။ ဘယ့်နှယ်ဗျာ..၊ သရဲကားကလည်း လူကို စိတ်ဝင်စားအောင်လုပ်ပြီးမှ ဗြုံးဆို ထွက်ထွက်လာတဲ့အမျိုးဆိုတော့ ပြီးတော့ ဒီလိုမျိုးကြီး ရှင်းရှင်းလင်းလင်း မမြင်ဘူးတော့ ကြီးတော် တွေ ဘာတွေ နားမလည်ဘူး..၊ တွေ့ရာ အကုန်ဖက်ပစ်တော့ပဲ…။

"ထွက်လာပြန်ပါဗျ…" "အောင်မလေး ဘုရား.."

ကြည့်မနေနှင့်…၊ နှစ်ယောက်စလုံး ဖက်လျက်ကလေး...၊ ကြာလာတော့ ဘယ်လိုမှ ဆက်မကြည့်ရဲတော့.. ထသွားဖို့ကလည်း ဟိုအမိပြန်လာလျှင်ဒုတ်ခ..၊ ဒါကြောင့်.၊ ဘာမှ ဆက်မကြည့်တောပဲ မျက်လုံး နှစ်ဖက်လုံးကို ပိတ်ထားလိုက်တယ်..။ ဒါပေမယ့် အချိန်တန်လို့ ကြီးတော်က..

"အောင်မလေးတော့…."

လို့ အော်လိုက်တာနဲ့ ကျုပ်က ကိုယ်လေးရွှေ့ပေးပြီး သူ့အဖက်ခံပေးလိုက်တယ်..။ ဟုတ်တယ်လေ..။ ကျုပ်က မကြည့်လို့ မကြောက်တော့ပေမယ့် ကြီးတော်က ဆက်ကြည့်နေတာဆိုတော့ သူ့ဖီလင်အောက်သွားမှာ စိုးတာနဲ့ ကျုပ်က သူ့အော်သံကြားတာနဲ့ အဖက်ခံဖို့ အသင့်နေထားလိုက်တော့တာပဲ…။
ဒီလိုနဲ့… ရုပ်ရှင်ပြီးလို့ ပြန်ထွက်တော့… ရုပ်ရှင်ရုံထိပ်မှာ စောင့်နေတဲ့ အမိကို တွေ့ပါရဲ့..၊ ကျုပ်က အောင်နိုင်သူ အပြုံးနဲ့

"သရဲကားကလည်း အိပ်တောင် အိပ်ငိုက်တယ်…အမိရယ်…ငိငိ.."

"သြော်…ဦးအောင်ဘုရယ်.. ဦးအောင်ဘု မကြောက်တတ်မှန်း သိလို့.. ခုလို ကူညီတောင်းတာပေါ့…၊ သမီး ဒေါ်ကြီးနဲ့ ရုပ်ရှင်တူတူကြည့်ပေးတဲ့ အတွက် ကျေးဇူးပါ…"

"အမ်…ဘာရယ်…ဘာရယ်…"

"မိတ်ဆက်ပေးရအုံးမယ်..၊ ဒါမနေ့ကမှ တောကတက်လာတဲ့..၊ သမီးဒေါ်ကြီး.."

"အလို….."

"သရဲကားကြည့်ချင်တယ်ဆိုလို့ အကူအညီတောင်းတာ သမီးလည်း မကြည့်ရဲတာနဲ့ ဦးအောင်ဘုကို အကူ အညီ တောင်းလိုက်တာ…"

"အမ်…."

"ဒေါ်ကြီးက ပြောတယ်..၊ ဦးအောင်ဘု သတ္တိအရမ်းရှိတာပဲတဲ့…၊ အရမ်းလည်း အားကိုးရတယ်တဲ့…နောင်လည်း ရုပ်ရှင်လာကြည့်ရင် ဦးအောင်ဘုကို ခေါ်ရမယ်တဲ့…"

"အောင်မလေးဗျ..… ကြောက်ပါပြီဗျ…. "


ဒီလိုနဲ့ပဲ ကျုပ်ရန်ကုန်မှာ 3-D ရုပ်ရှင် သရဲကားကို ကြည့်ခဲ့ရပါတယ်ဗျို့…။

အရင်ပို့စ်လေးတွေ ဖတ်ချင်ရင်

ရန်ကုန်အထာ ၁ >>> http://aunghtunoo.blogspot.com/2013/03/blog-post_16.html

ရန်ကုန်အထာ ၂ >>> http://aunghtunoo.blogspot.com/2013/05/blog-post_5871.html

ရန်ကုန်အထာ ၃ >>> http://aunghtunoo.blogspot.com/2013/05/blog-post_22.html

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ