Saturday, March 16, 2013

ကျုပ်နဲ့ ရန်ကုန်အထာ - ၁



 
ကျုပ်က တောသားရယ်…။ အမေက ကျုပ်ကို မြို့မှာ ကျောင်းအသေတက်စေချင်တာ..။ ကျုပ်ကတော့ မတက်ချင်ပေါင်..။ တောမှာပဲ လယ်အလုပ်လေး လုပ်ရင်း မိဘတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့ အကောင်..။ ဒါပေမယ့်လေ.. မိဘ စကားဆိုတာ ဘယ်လွန်ဆန်လို့ ရမလဲဗျာ…။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ တောသားလေး ကျုပ် မြို့ကျောင်းတက်ဖို့ ရန်ကုန်မြို့တော်ကို ခြေချခဲ့ရတာပ…။

ကျုပ်တို့ရွာမှာ ကျုပ်တို့က ရွာမျက်နှာဖုံးရယ်..။ လယ်ပိုင် ယာပိုင်တွေရှိပြီး ဆန်စက် နှစ်လုံးလည်း ပိုင်ထားသကိုးဗျ…။ ပြီးတော့ ကျုပ်က တစ်ဦးတည်းသောသား..၊ ရွာမှာဆို ကျုပ်ကို လိုချင်တဲ့ အပျိုတွေ ၀ိုင်းဝိုင်းလည်နေတာပဲလေ..၊ တစ်ခုတော့ ရှိတယ်ဗျ..၊ ကျုပ်ရုပ်က မဆိုသလောက်လေး ဆိုးတာတစ်ခုပဲ..။ မဆိုသလောက်ဆို အသားလေးမည်း..၊ သွားလေးခေါ၊ မျက်လုံးလေးပြူးပြီး နဖူးလေးပြောင်တာ တစ်ခုပါပဲ..၊ ဒီကြားထဲ ခေါင်းပေါ်က ဆံပင်ကလဲ ကျိုတို့ကျဲတဲ လေးဖြစ်နေတာ တစ်ခုပါပဲ..။ ကျုပ်မိဘတွေက ကျုပ်ကို လွှတ်ချစ်တာဗျ..။ ခုလည်း ကြည့်လေ… အစကတည်းက မြို့ကျောင်း မတက်ချင်ပါဘူးဆိုတာကို အတင်းတက်ခိုင်းပြီး တစ်ကယ်တမ်း ကျုပ်လဲ သွားမယ်ဆိုရော..အမေ က မျက်ရည် စမ်းစမ်းနဲ့....

"ဟာဗျာ… အမေကလည်း… ကျုပ်သွားခါနီး..မျက်ရည်ကျနေပြန်ပါပြီ…၊ အမေ ဒီလောက်ဖြစ်နေရင်လည်း ကျုပ် မြို့ကျောင်း သွားမတက်တော့ဘူးဗျာ…"

"ဒီမယ် အကောင်…၊ ငါမျက်ရည်ကျတာ ၀မ်းသာလွန်းလို့ဟဲ့…၊ နင်မြို့ကျောင်းသွားတက်မှ ငါလည်း ရွာမှာ အေးအေးဆေးဆေးနေလို့ရမှာ…၊ မဟုတ်ရင် နင့်ပြသနာတွေ  ဖြေရှင်းရတာနဲ့ ပြီးမှာကို မဟုတ်ဘူး..၊ ကြွမှာသာ မြန်မြန်ကြွ.."

သြော်..ကျုပ်က ကျုပ်ကိုများ လွမ်းသလားလို့…
" အမေက ဒီလိုလား..။ ပြီးမှ ကျုပ်ကို သတိရတယ် မပြောနဲ့.."

"ပြောဘူး…။"

အဲ့သလိုနဲ့ပဲ ကျုပ်မြို့ကျောင်းတက်ဖို့ ရွာကထွက်လာခဲ့ရတာပ..။



ကားပေါ်က ဆင်းဆင်းချင်း ရန်ကုန်မြေကို ခြေချလိုက်ရတယ်ဆိုရင်ပဲ ကျုပ် မောပန်းသမျှ ပြေပျောက်သွားသလို ခံစားရတယ်..။ သြော်… ရန်ကုန်ဆိုတာ ဒါပါလား…။ ၁၀ တန်းအထိ ရွာနီးနားက ကျောင်းမှာ တက်ခဲ့ပြီး ဒီလို တစ်ခန်းတစ်နား မြို့ပြီးပြကြီးများ တက္ကသိုလ် လာတက်ရတာ ကျုပ်တို့ရွာမှာ ကျုပ်တစ်ယောက်ပဲ ရှိတာကိုး..။ ရွာကလူတွေများ ဒီမှာ ကျောင်းလာတက်ဖို့ မပြောနဲ့..။ ဒီကိုရောက်ဖူးတဲ့လူတောင် ခပ်ရှားရှားရယ်…။ ကျုပ် မိဘတွေတောင် ရောက်ဖူးတာ မဟုတ်ဘူး…။

"ဒါက နောင်ကြီး ပစ္စည်းတွေလား…"

လက်ထဲမှာ ဖျာလိပ်ပိုက်ပြီး ခေါင်းပေါ်မှာ သံတ္တာစိမ်းကြီး မထားတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်..။

"ဟုတ်ပါတယ်..ကျုပ်ဟာတွေပါ…."

"ဒီမှာ ချလိုက်မယ်နော်…၊ သယ်ခကတော့ ၁၀၀၀ ပဲပေးပါ…"

အမယ်… လာသေးတယ်..။ ကျုပ်ကို တောသားမှန်းသိလို့ လာနှပ်နေတာ ကျုပ်သိတာပေါ့..။

"ဒီမယ် ကိုယ့်လူ..၊ ဒီလောက်လေး သယ်တာကို ၁၀၀၀ မပေးနိုင်ဘူး..၊ ၅၀၀ ပဲပေးမယ်..။ မယူချင်ရင် ပစ္စည်းတွေ နဂိုနေရာ ပြန်သွားထားလိုက်.."

"ရပါတယ်ဗျာ… ၅၀၀ လည်း.."

အလို…. ရန်ကုန်ကလူတွေများ တယ်သဘောကောင်းပါလား…။ နောက်ဆို သဘောပေါက်ပြီ…၊ ရန်ကုန်မှာ ဘာပဲ လုပ်လုပ် ဈေးစစ်ရမယ်…



 *********************************** 



ဒီလိုနဲ့ ဘတ်(စ်)ကားစီးဖို့ စောင့်နေလိုက်တယ်..။ ဘတ်(စ်)ကားစီးတယ်ဆိုလို့ အထင်မကြီးနဲ့ဗျို့..၊ ဒီက ကျုပ်နေမယ့် ဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီးက ဘယ်ကားကို ဘယ်လိုစီးပြီး ဘယ်လိုလာခဲ့ဆိုတာကို စာရေးပေးလိုက်လို့ ..၊ ကျုပ်ဟာကျုပ်ဆို ဘယ်စီးတတ်လိမ့်မတုံး….။

ဘတ်(စ်)ကား လာရပ်တော့ ကျုပ်တက်ဖို့ပြင်တယ်..။ အမယ်… စပယ်ယာ ကိုကိုက သိပ်တင်ချင်ပုံ မပေါ်ဘူးရယ်..။ ကျုပ်ကလည်း ပစ္စည်းတွေ အများသားကိုဗျ….။

ကားပေါ်ရောက်ရောက်ချင်းပဲ့  ကျုပ်ဆင်းရမယ့် မှတ်တိုင်ကို စပယ်ယာ ကို ကြိုပြောပြလိုက်တယ်…။ စပယ်ယာ ကိုကိုက ဘာပြန်ပြောတယ် မှတ်သတုံး..။

"အဝေးကြီးလိုသေးတယ်..၊ ရောက်ခါးနီးမှပြော" တဲ့…။ ဒီတော့ ကျုပ်ကလည်း…..

"ကျုပ်က တောကပါ..၊ ရန်ကုန်ကို တစ်ခေါက်မှ မရောက်ဖူးဘူးဗျ…"

"သိသားပဲ…ပုံစံကြည့်ကတည်းက.." 

အလို ဒီလူတွေ တယ်လည်း တော်လှပါလား..၊ လူကြည့်ပြီး တောသား မြို့သား ခွဲတတ်သကိုး..။ ကျုပ်လည်း ဘာမှ ဆက်မပြောတော့ပဲ…၊ မှတ်တိုင်မှာ ကားတစ်ခါရပ်တိုင်း…

"…… မှာ ဆင်းမှာနော်…"

"……. ရောက်ပြီလားမသိဘူး…"

"…… ရောက်ရင် ပြောပါဗျို့…."

ဆိုပြီး တောက်လျှောက် ပြောလာတော့တာပဲ…။ စပယ်ယာ ကိုကိုကတော့ ကျုပ်ကို အမြင်ကတ်နေလောက်ရဲ့.. ဒီလိုနဲ့ ငါးနေရာလောက် တောက်လျှောက်အော်လာပြီးတော့ စပယ်ယာကိုကိုက 

"ကဲ..ရှေ့မှတ်တိုင်က ခင်ဗျား ဆင်းရမယ့်နေရာပဲ…၊ ကားခလေး မစ ပါအုံး.."

"ဘယ်လောက်လဲ…"

"၅၀"

"ဘာရယ်…"

"၅၀ လို့…"

အောင်မလေးဗျာ..၊ ဈေးချို လှပါပကော…၊ ကျုပ် ဈေးစစ်ဖို့ လုပ်ထားတဲ့ကျုပ်တောင် အားနာသွားတယ်..၊ ကျုပ်တို့ရွာမှာတောင် လမ်းကြုံ ထော်လာဂျီလေးစီးရင် ၅၀၀ အနည်းဆုံး ပေးရတဲ့ ခေတ်မှာ ၅၀ တဲ့…၊ ကျုပ် ရီချင်စိတ်ကို မနည်းမျိုသိပ်ပြီး ပိုက်ဆံထုတ်ပေးလိုက်တယ်…။

"လာနှောက်နေတာလား…"

"ဗျာ…."

"ခင်ဗျား…လာနောက်နေတာလားလို့…"

"မဟုတ်ရပေါင်ဗျာ…၊ ဘာပြုလို့တုန်း.."

"ဘတ်(စ်)ကားစီးရင် ဘယ်သူမှ တစ်သောင်းတန် မပေးဘူးဗျ…"

"အလို…၊ ဘာပြုလို့တုန်းဗျ..၊ ကျုပ်လည်း ဒါပဲပါတာ…"

"ခက်တော့တာပဲ…"

အဲ့ဒီအချိန်မှာ……. "ရော့ဒီမှာ တစ်ရာ…၊ သူ့အတွက်ပါ ပေါင်းယူလိုက်…" ဆိုပြီး ကျွန်တော့်ဘေးနားမှာ ထိုင်စီးလာတဲ့ ကောင်မလေးက ငွေထုတ်ပေးလိုက်တယ်…။ အမယ်.. ကျုပ်လည်း ခုမှ သေချာကြည့်မိတယ်…။ ချောလှပါကလားဗျို့…။ ဖြူဖွေးနုရွနေတဲ့ မျက်နှာပေါ်မှာ တင်ရုံတင်ထားတဲ့ မိတ်ကပ်..၊ ချွေးစို့နေတဲ့ နဖူး..၊ ၀ိုင်းစက်နေတဲ့ မျက်ဝန်း..၊ ပန်းနုရောင်ဖြာနေတဲ့ နှုတ်ခမ်း..အလို..အစစ အရာရာ ရွာက အေးဘုံတို့..၊ မိဘုတ်တို့..၊ လှရွယ်တို့နဲ့များကွာပါ့…..။ 

ကျုပ်လည်း ကျေးဇူးတင်စကား ဘယ်လိုပြောရမလဲဆိုတာကို စဉ်းစားနေတုန်း အမိက စွတ်ကနဲ ကားပေါ်က ဆင်းသွားပါလေရောလား…၊ မြန်လိုက်တဲ့ အမိငယ်ရယ်...၊ ကျုပ်လည်း လည်တံကြီး တစ်ဆန့် ဆန့််နဲ့ ကျေးဇူးရှင် အမိလေးကို လှည့်ကြည့်ရင်း နောက်မှတ်တိုင်မှာ ဆင်းဖို့ ပြင်ဆင် ထားရပါတော့ တယ်…။


**********************************

ကျောင်းကို ချောချောမောမော ရောက်အောင်လာနိုင်ခဲ့အတွက် ဘကြီး ဘုန်းကြီးက ကျုပ်ကို ချီးကျူးနေသေးတယ်..။ ကျုပ်လို တောသား အတတကြီး မြို့လယ်မှာ သောင်တင်နေမှာ ဘကြီး ဘုန်းကြီးက စိုးရိမ်နေတာလေ…၊ 

ပြီးတော့ ပြောသေးတယ်..၊ နက်ဖြန် ကျောင်းစတက်ရမယ်တဲ့..၊ ကျောင်းအပ်တာတွေ အားလုံး လုပ်ပြီးပြီတဲ့…..။ တစ်ကယ်တမ်း ကျောင်းတက်ရတော့မယ်ဆိုတော့ ကျုပ်ရင်ခုန်မိပြီး ပျော်နေမိတယ်..။ နက်ဖြန် ကျောင်းတက်ရင် ဘယ်လို အ၀တ်အစားတွေ ၀တ်သွားရင်ကောင်းမလဲ ဆိုတာ ကျုပ် အိပ်ယာပေါ်မှာ စဉ်းစားနေမိတယ်…။ ဒီလိုနဲ့ ကျုပ်အိပ်ပျော်သွားတယ်ထင်ပါရဲ့…၊ အိပ်မက်ထဲမှာ ဘာမဆိုင် ညာမဆိုင် ဘတ်(စ်) ကားပေါ်က ကျေးဇူးရှင် အမိက တစ်ရာတန်ကိုင်ပြီး ကျုပ်နောက်ကို ပြေးလိုက်နေလေရဲ့ဗျာ….။

မနက် အစောကြီး နိုးနေတယ်ဗျာ…၊ ကျောင်းသွားဖို့ အဝေးကြီး လိုသေးပေမယ့် ဘာမှ လုပ်စရာမရှိတာ ကြောင့် ကျုပ်ကျောင်းသွားဖို့ ပြင်ဆင်နေလိုက်တယ်..။ ရှပ်အင်္ကျီအဖြူရယ်…၊ ကချင် ပုဆိုးလေးရယ်..၊ အပေါ်က တိုက်ပုံလေး ၀တ်သွားရမယ်…၊ ပြီးရင် လွယ်အိတ်ကို ထုံးပြီး ဘေးမှာလွယ်..၊ လက်တစ်ဖက်မှာ ထမင်းချိုင့်ဆွဲ တစ်ဖက်က အမေထည့်ပေးလိုက်တဲ့ ထီးမဲကို ချိတ်…၊ အဆင်ကိုပြေလို့…။ ကျုပ်အမေက ပြောတယ်..၊ ရန်ကုန်မှာက ရာသီဥတု မမှန်ဘူးတဲ့..၊ ခု နေပူလည်း ခဏနေ မိုးရွာရင် ရွာတာတဲ့…၊ ပြီးတော့ ကျုပ်ရွာပြန်ရင် ရွာကလူတွေက ကျုပ်ကို ရန်ကုန်ပြန်လာလို့ အသားမည်းသွားလိုက်တာလို့ ပြောတာ မကြားချင်ဘူး သတဲ့လေ..။ ဒါကြောင့် ကျုပ်ကို ဒီထီးမဲကြီး ထည့်ပေးလိုက်တာပေါ့…၊ ပြီးတော့ မှာလိုက်သေးတယ်..၊ နေပူပူ မိုးရွာရွာ.. နှင်းကျကျ ထီးဆောင်းပါတဲ့… ပြီးတော့ အသားဖြူအောင် နေခဲ့တဲ့….။

          ကျုပ်ကျောင်းထဲဝင်ဝင်ချင်း ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးဖြစ်နေတယ်..၊ လူတွေ လူတွေ ဥဒလဟို သွားလာနေကြပေမယ့် ကျုပ် ဘယ်ကို သွားလို့ သွားရမှန်းမသိ…၊ ဒါနဲ့ ပါးစပ်ပါ ရွာရောက်တယ်ဆိုပြီး အနီးနားက ဖြတ်သွားတဲ့သူတွေကို…

"နောင်ကြီး…၊ မြန်မာစာ… ပထနှစ်အတန်းက ..ဘယ်မှာလဲ မသိဘူးနော်.."

"အဟိ...၊ အစ်ကိုကြီးက ကျောင်းသားလား..၊ ဆရာလားဟင်…၊"

"သြော်..၊ ကျုပ်က ကျောင်းသားပါ…၊ တိုက်ပုံနဲ့ဆိုတော့ ကျုပ်ကို ဆရာထင်သွားတယ်ထင်တယ်…"

"မဟုတ်ဘူးဗျ…၊ ခင်ဗျား ရုပ်၊ ခင်ဗျား အသက်နဲ့ ဘယ်လိုမှ ပထမနှစ် ကျောင်းသား မဖြစ်နိုင်လို့ပဲ.."

"အို ဒါက.. ကျုပ်ငယ်ငယ်က မိဘတွေက တအားချစ်တာနဲ့ မခွဲနိုင်လို့ ကြီးမှ ကျောင်းထားဖြစ်တာ..၊ ဒါကြောင့်မို့…"

"သြော်…၊ ဒီလိုကိုး..၊ ဟုတ်ပါပြီ…၊ ခုမြင်နေရတဲ့ အဆောင်တွေ့လား..၊ အဲ့ဒီအဆောင်ထဲကို ၀င်သွားလိုက်..၊ ပြီးရင် ညာဘက်ချိုး..၊ အဲ့ဒီအခန်းပဲ…"

"ဟုတ်…ဟုတ်…၊ ကျေးဇူးတင်ပါ့ဗျို့…."

ကျုပ်လည်း ခုနက နောင်ကြီး ပြောသွားတဲ့နေရာကို သုတ်ခြေတင်ပြီး သွားတော့တာပဲ…၊ ကျောင်းချိန်က နောက်ကျနေပြီလေ…၊ ကျုပ်ကျောင်းစတက်တဲ့ ပထဆုံးနေ့မှာ ကျုပ်က ကျောင်းနောက်ကျချင်တာ မဟုတ်ဘူးရယ်…။


ကျုပ်လည်း အခန်းထဲဝင်လိုက်ရော..၊ အခန်းထဲကလူတွေ ကျုပ်ကို ၀ိုင်းကြည့်နေကြတယ်..။ အတန်းသာ ဆိုတယ်…၊ လူကလည်း နည်းလိုက်ဗျာ..၊ ၁၀ ယောက်တောင် မပြည့်ဘူးရယ်..၊ သြော်..၊ လူငယ်တွေ လူငယ် တွေ….. မြန်မာစာကို တန်ဖိုး မထားတတ်ကြဘူး…၊ နားမလည်ကြဘူး..၊ မြန်မာစာ မေဂျာယူရတာ ဘယ်လောက် ဂုဏ်ရှိသလဲ.. ဆိုတာကို မသိကြဘူး…၊ ဒါကြောင့်လည်း မြန်မာစာမေဂျာမှာ လူနည်းရတာပ.. ထားပါတော့လေ….. ကျွန်တော်လည်း လွတ်တဲ့ နေရာ တစ်ခုမှာ ၀င်ထိုင်လိုက်တယ်….။ အခန်းထဲမှာ ရှိတဲ့ ကျန်တဲ့ ကျောင်းသား ကျောင်းသူတွေက ကျွန်တော့်ကို ထူးဆန်းစွာ မမြင်ဘူးသလို ကြည့်နေတယ်..၊ ဘယ်မြင်ဖူးပါ့မလဲ..  ကျွန်တော်က ကျောင်းသား အသစ်လေ…။

မဆိုးတော့ မဆိုးဘူးဗျ…၊ မြို့ကျောင်းမှာ ကျောင်းသားတွေအတွက် အတော်ပြည့်ပြည့်စုံစုံ ထားပေးထားတာရယ်…။ စားပွဲ အလယ်မှာ ရေနွေးကြမ်းသောက်ဖို့ လုပ်ထားပေးတယ်..၊ စာသင်ရင်း အေးအေးလူလူ နားနေနိုင်အောင် ထင်ပါရဲ့…။ ကျုပ်လည်း ဘာမှ လုပ်စရာမရှိသေးတာနဲ့ ရှိပြီးသား ကျောင်းသား ကျောင်းသူတွေနဲ့ ရင်းနှီးမှု ရအောင် အရင်လုပ်မယ်လို့ တွေးလိုက်တယ်…

"ရေနွေးကြမ်း သောက်မယ်နော်…"

"အော်.. ဟုတ်…သောက်ပါရှင့်…" ပြောတဲ့သူက အသက်က ကျွန်တော့်လောက်ရှိမယ်ဗျ… ကျွန်တော့်ထက်ငယ်လှ တစ်နှစ် နှစ်နှစ်ပေါ့….၊ ခုန နောင်ကြီးပြောတော့ ကျွန်တော့်အသက်အရွယ်နဲ့ ပထမနှစ်ကျောင်းသား မရှိဘူးတဲ့….၊ ဒီထဲမှာ ကျွန်တော့်ထက် နည်းနည်းကြီးတဲ့ သူတောင် တစ်ယောက် နှစ်ယောက်လောက်ပါသေး...။ ကျွန်တော် ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရတယ်…။

"ဒီက ညီမက ဘယ်ကလဲ မသိဘူးနော်…"

"ရန်ကုန်ကပါပဲရှင့်…၊ ဆရာကရော…"

ရန်ကုန်က လူတွေများ၊ ဖော်ရွှေချက်ကတော့ ကမ်းကုန်ဗျို့…၊ အတန်းသား အချင်းချင်းတောင် ဆရာလို့ ခေါ်ကြတာကလား..၊ ဒါမှမဟုတ်..၊ ကျုပ်ရဲ့ ခန့်ညားလှတဲ့ ဥပတိ ရုပ်ကို ကြည့်ပြီး ခေါ်တာလဲ ဖြစ်နိုင်တာပဲလေ…

"ကျုပ်က တောက လာတာပါ..၊ ဒီနေ့မှ ကျုပ် ကျောင်းစတက်တာလေ…"

"အော်....၊ ဒါကြောင့် ဆရာ့ကို မမြင်ဖူးဘူး ဖြစ်နေတာကိုး.."

"ဟုတ်ပါတယ် ညီမတို့ကို တစ်ခါတည်း မိတ်ဆက်ထားချင်ပါတယ်..၊ ကျန်တဲ့သူအားလုံးလည်း နားထောင်ပေးကြပါအုံး…"

အတန်းထဲမှာ ရှိသမျှ ကျောင်းသူကျောင်းသား အားလုံး ကျွန်တော့်စကားကို နားထောင်နေကြတယ်…။

"ကျုပ်နာမည်က အောင်ဘုပါ..၊ မြန်မာစာ ပထမနှစ်ကပါ..၊ ကျုပ်က ခင်တတ်ပါတယ်.. ဒါကြောင့် ဒီအခန်းထဲမှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ကျုပ်ကို ရင်းရင်းနှီးနှီး ခင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်…"
အားလုံး ပါးစပ်ကြီးဟပြီး ငေးကြည့်နေကြတယ်…၊ ဘာစကားသံမှလည်း ထွက်မလာတော့ဘူး…။ ခုနက ကျုပ်နဲ့ စကားပြောနေတဲ့ ညီမကပဲ…
"ရှင်….ရှင်က…ဘယ် year က…? "
"မြန်မာစာ ပထမနှစ် လေ..၊ ဒါမြန်မာစာ ပထမနှစ် အခန်း မဟုတ်ဘူးလား…"
ကျုပ်အမေးကို မဖြေပဲ အားလုံးကျုပ်ကို ကြောင်ကြည့်နေကြတယ်…၊ ကျုပ်စိတ်ထဲမှာ တစ်ခုခုတော့ မှားနေပြီ ဆိုတာ ချက်ချင်းသိလိုက်တယ်…၊ ဒါနဲ့ပဲ လွယ်အိတ်ကို အမြန်လွယ်..၊ ထီးကောက်ကို လက်မှာ အမြန်ချိတ်ပြီး..၊ အခန်းထဲက အမြန်ပြေးထွက်လိုက်ပြီး.. အခန်း ဆိုင်းဘုတ်ကို ကြည့်လိုက်မှ ကျွန်တော် ၀င်နေတဲ့အခန်းက 

"ဆရာ/ဆရာများ နားနေခန်း" တဲ့လေ….။


ကျုပ် အတန်းထဲမှာထိုင်ရင်း တစိမ့်စိမ့်တွေးနေမိတယ်..၊ ကျုပ်ပဲ လွှဲနေတာလား..၊ သူတို့ပဲ လွှဲနေတာလား..၊ တခုခုတော့ တခုခုပဲ..၊ ဆရာ/ဆရာမတွေတဲ့…၊ ကြည့်ပါအုံး…၊ ငယ်ငယ်လေးတွေ..၊ ကျုပ်ရဲ့ အရင်က ဆရာ/ဆရာမတွေများ မျက်မှန်ထူကြီးတွေနဲ့ အသက်ကြီးကြီးတွေ..ခုဒီက ဆရာ/ဆရာမတွေက ကျုပ်တို့ဘက်မှာဆို ၁၀ တန်းကလေးတွေ အရွယ်လောက်ရှိတာရယ်…၊ သူတို့က တက္ကသိုလ်မှာ ဆရာ/ဆရာမ လုပ်နေကြသတဲ့…။ ကျုပ်တွေးနေတုန်းမှာပဲ အတန်းထဲကို ဆရာမ တစ်ယောက် ၀င်လာတယ်…။

ဒီဆရာမကို ကျုပ်မြင်ဖူးသလိုပဲဗျ…၊ အော်..ဟုတ်ပြီ…၊ ကားမှတ်တိုင်မှာ ကျုပ်အတွက် ကားခ ၅၀ ရှင်းပေးခဲ့တဲ့ ဆရာမ..၊ ကျုပ် ဆရာမကို ကျေးဇူးတင်စကား ပြောဖို့ ပြင်နေတုန်းမှာပဲ….

"နေ့လည်က ဆရာ/ဆရာမတွေ နားနေခန်းထဲကို ၀င်နောက်သွားတဲ့ အောင်ဘုဆိုတဲ့သူ ဆိုတာ ဘယ်သူလဲ.."

ဆရာမ အမေးမှာ ဒေါသသံတွေပါနေတယ်..၊ 

"ဆရာမမေးနေတယ်လေ…၊ အောင်ဘုဆိုတာ ဘယ်သူလဲလို့…"

ကျုပ်လည်း ဒါဖုံးကွယ် ထားလို့ ရတဲ့ ကိစ္စ မဟုတ်မှန်း သိတာနဲ့ မတ်တပ်ရပ်လိုက်ပြီး…၊ 

"အောင်ဘု ဆိုတာ ကျုပ်ပါ…"

"အဲ…"

ကျုပ်ရဲ့ ရုပ်ကိုကြည့်ပြီး ဆရာမ ဆက်ပြောဖို့ စကားလုံး မေ့သွားခဲ့ဟန်တူတယ်..။

"အစ်ကိုကြီး…အဲ….သား…..မဟုတ်သေးပါဘူး…၊ လူလေး……ဒါလည်းဟုတ်သေးဘူး…. ဦးလေး……"

ဆရာမ ကျုပ်ကို ဘယ်လိုခေါ်ရမလဲဆိုတာ စဉ်းစားနေတယ်မှတ်တာပဲ…နောက်ဆုံး…

"ဒီမယ် ဦးအောင်ဘု…"

"ဗျာ…."

"မနက်ကလုပ်လိုက်တာ ဘာသဘောလဲ…၊ ဒါ ဦးအောင်ဘု သက်သက်မဲ့ သမီးတို့ကို အဲ…. ဆရာမတို့ကို စော်ကားလိုက်တာ မှတ်လား..ပြောစမ်း…"

"မဟုတ်ပါဘူး..ဆရာမ…ကျုပ်ရှင်းပြပါ့မယ်…"

"ဦးအောင်ဘု ဆရာမနဲ့ စကားပြောရင် ကျုပ်ဆိုတာ မသုံးပါနဲ့.."

"အော်..ဟုတ်ကဲ့.… သားရှင်းပြပါ့မယ်.. ဆရာမ" တစ်တန်းလုံးရဲ့ ၀ါးခနဲ ရယ်သံကို ကြားလိုက်ရတယ်..

"ဦးအောင်ဘု ကျွန်မကို နောက်နေတာလား.."

"ဗျာ… မနောက်ပါဘူး ဆရာမ..၊ သား..အဲ….ကျွန်တော့် အတန်းဘယ်နေရာမှာလဲဆိုတာ မသိလို့ မေးကြည့်တော့..၊ နောင်ကြီးတစ်ယောက်က အဲ့အခန်းကို ညွှန်လိုက်တာ..၊ ပြီးတော့.. ဆရာမတို့က ငယ်ငယ်လေးဆိုတော့…"

"တော်…တန်…တိတ်…၊ ခုပဲ… အဲ့ကိစ္စ ရုံးခန်းမှ ရှင်းမယ်… ခုပဲ ရုံးခန်းလိုက်ခဲ့ပေတော့..ဦးအောင်ဘု.."
"တိန်…."

ဒီလိုနဲ့ပဲ ကျုပ်ကျောင်းစတက်တဲ့ရက်မှာ ရုံးခန်းရောက်ခဲ့ရပြီး ကျောင်းမှာ ဦးအောင်ဘု ဆိုတဲ့ နာမည်လည်း တွင်သွားလေရဲ့ဗျာ…။



ဆက်ပါအုံးမယ်…..

အောင်ထွန်းဦး







No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ