Friday, March 21, 2014

ကင်ဆာရောဂါခံစားနေသူ တိရစ္ဆာန်ရုံမှ ၀န်ထမ်းရဲ့ နောက်ဆုံး နှုတ်ဆက်ခရီး



မာရီယိုလို့ခေါ်တဲ့ သူဟာ Ratterdarm's Diergaarde Blijdrop တိရစ္ဆာန်ရုံမှာ အလုပ်လုပ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ.။ အခုဆိုရင် သူဟာ အသက် ၅၄ နှစ်ရှိနေပြီဖြစ်ပြီး ဆေးရုံမှာ ကင်ဆာရောဂါကို ခံစားနေရလျက်ရှိပါတယ်..။ သူရဲ့ နောက်ဆုံးရလာဒ် ထွက်လာ အပြီးမှာ သူဟာ ဆေးရုံက ၀န်ထမ်းကို အကူအညီတောင်းခဲ့ပါတယ်..။ သူငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သစ်ကုလားအုတ်တွေကို နှုတ်ဆက်ဖို့ပါ.။
"သစ်ကုလားအုတ်တွေက သူ့ကို မှတ်မိကြပါတယ်..။ ပြီးတော့ သူနေမကောင်းဖြစ်နေတာကိုလည်း သိပုံရတယ်..။ တစ်ကောင်ဆိုရင် သူ့ကို လာပြီးတော့တောင် နှုမ်းရှုံ့သေးတယ်"လို့ တိရစ္ဆာန်ရုံကို လိုက်ပို့ပေးခဲ့တဲ့ Kees Veldboer က Dutch သတင်းစာ Algemeen Dagblad ကို ပြောပြခဲ့ပါတယ်.."

"ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတဲ့မြင်ကွင်းပါ..။ သူ ဒီတိရစ္ဆာန်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ လာရောက်တာ သူ့ရဲ့ သစ်ကုလားအုတ် တွေလည်း သိပုံရတယ်..။ သူတို့ရဲ့ ၀မ်းနည်းမှုတွေကို ကျွန်တော် သူတို့မျက်လုံးတွေထဲကနေ မြင်နိုင်တယ်…" လို့ တိရစ္ဆာန်ရုံ ၀န်ထမ်း တစ်ဦးမှ ပြောပြခဲ့ပါတယ်..။

အောင်ထွန်းဦး

Friday, February 28, 2014

Highway ခရီး တစ်ညတာ

 



ညနေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီးသွားနေသူများအဖို့ အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က ကုန်းလမ်းအဖြစ် ရထားကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့ အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။

အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ အတူထိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ ယောက်ျားလေး အများစုကတော့ ကောင်မလေး ချောချောလေးတွေနဲ့ အတူထိုင်ရဖို့ ဆုတောင်းကြမိထင်သည်။ ဒါပေမယ့် အဲ့ဒီလို ဆုတောင်း ကြတိုင်း ၀တုတ်တုတ် အဒေါ်ကြီးတွေ..၊ အရက်မူးနေတဲ့ သူတွေ..၊ အိပ်ချိန်မရှိအောင် စကားများပြီး ဆုံးမ သြ၀ါဒ ပေးတတ်တဲ့ လူကြီးသူမ များနှင့်သာ အတူထိုင်ရသည်က များသည်။

ယခုလည်း စိတ်ထဲတွင်တော့ ၀တ်မှုန်ရွှေရည် နီးနီးလှပသော ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရဖို့ စိတ် ကူးယာဉ်ပြီး ကားထဲဝင်လိုက်သည်။ မိမိထိုင်နံပါတ်က ၁၅။ ၁၆ မှာ ဘယ်သူမှ ရှိမနေ..။ မရောက်သေးတာ ဖြစ်မည်။ ကျွန်တော် ကားပေါ်တက်ပြီး ၅ မိနစ်လောက်နေတော့ ကားစထွက်သည်။ ဘေးက ထိုင်ခုံမှာ လူမရောက် လာသေး..။ သြော်… သိပြီ..။ သီပေါ..၊ ကျောက်မဲ တို့မှာ လမ်းကြုံ ၀င်တင်မှာ ဖြစ်နိုင်သည်။

ကားစီးရင် အိပ်တတ်သည်က ကျွန်တော့်အကျင့်ဖြစ်သည်။ စထွက်ကတည်းက အိပ်လိုက်တာ ညစာ စားဖို့ ကျောက်မဲ ရောက်မှ နှိုးသည်။ မိမိဘေးခုံနေရာကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိသေး။ ဒါဆိုရင် ဒီနေရာသည် ရောင်းမထွက်သည့်ခုံ ဖြစ်ဖို့များသည်။ ကံကောင်းပြီ..။ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ပက်ပက်စက်စက် အိပ်ပြီး စီးပစ်လိုက်အုံးမည်။

ဒီလိုနဲ့ ညစာ စားသောက်ပြီး ပြန်ထွက်ကတည်းက ကျယ်ကျယ်လွန့်လွန့်နှင့် ပျော်ပျော်ကြီး အိပ်ခဲ့တော့သည်။  ဘယ်လောက် ကြာကြာအိပ်ပျော်သွားသည် မသိ..။ "ကျွိ" ခနဲ ကားရပ်သံနဲ့ အတူ ကားထိုးရပ်သွားတာ ကြောင့် နိုးလာခဲ့သည်။ နိုးနိုးချင်း ချက်ချင်းပဲ နာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်က (၁း၁၅) မိနစ်..။ ဒါဆို ယခု မန္တလေးကျော်ပြီး..၊ နေပြည်တော် လမ်းပေါ်မှာရောက်နေပြီလို့ ခန်းမှန်းမိလိုက်သည်။

ကား ဒရိုင်ဘာနဲ့ စပယ်ယာ အပေါင်းအပါများ စကားပြောဆိုနေသံများကို ကြားလိုက်ရသည်။

"ဒီနေရာ ဒီလို အချိန်ကြီးမှာ ဘာဖြစ်လို့လဲ ညီမ.."

"ကျွန်မ မှတ်မိတာ ဒီနေရာ ကျွန်မတို့ကားပျက်နေတာပါ..။ အဲ့ဒါ ကျွန်မလည်း အပေါ့ခဏဆင်းသွားတာ ပြန်လည်း လာရော ကားက ထွက်သွားပြီး ကျွန်မနဲ့ သမီးလေး ကျန်ခဲ့တာ.."

"သြော်.. ကလေးငယ်လေးနဲ့ကိုး… ညီမ ဘယ်က စီးလာတာလဲ..၊ ဘယ်ကားဂိတ်နဲ့လာတာလဲ.."

"လားရှိုးကပါ..၊ ရန်ကုန်သွားမလို့..၊ ဘာကား စီးလာလဲတော့ မမှတ်မိဘူး.၊ ညီမက ခရီးသွားနေကျ မဟုတ်ဘူးလေ.."

ကျွန်တော် သဘောပေါက်လိုက်သည်။ ကားပျက်လို့ ပြင်နေချိန်မှာ သူမက ကလေးနှင့် အပေါ့ဆင်းသွားမည်။ ကားပြင်ပြီးတော့ ကားဆရာတွေက လူမစစ်ပဲ ကားမောင်းထွက်သွားလို့ သူတို့ ကျန်ခဲ့တာ ဖြစ်နိုင်သည်။ နေရာ ကလည်း တစ်ကယ့်ကို မှောင်မိုက်နေတဲ့နေရာ။ မသမာသူများနဲ့ တွေ့သွားလို့ကတော့ မလွယ်..။

"ခုံလွတ် ရှိသေးလားဟေ့.."

"တစ်ခုံလွတ်သေးတယ် ဆရာ.."

"တစ်ခုံတော့ လွတ်တယ် ညီမ..၊ လိုက်ခဲ့လိုက်ပေါ့..၊ ရန်ကုန်ရောက်မှ ဟိုကားမှာပါသွားတဲ့ ပစ္စည်းတွေ စုံစမ်းပြီး ယူတာပေါ့.."

"ဟုတ်..၊ ကျေးဇူးတင်ပါတယ်ရှင်.."

ကားပေါ်တက်လာပြီး သူမ ကျွန်တော့်ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ အသက် ၂၀ ကျော်ပင်ရှိအုံးမည်။ ဖြူဖွေး နုဖတ်ပြီး ချောမောလှသော သူမကို ကြည့်ရတာ ငွေကြေးရှိ လူတန်းစားထဲမှ ဖြစ်နိုင်သည်။ အနှီးပတ် ထားသော ကလေးငယ် တစ်ယောက်က သူ့လက်ထဲမှာ အိပ်မောကျနေသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ချောမော လှပသော ကောင်မလေးတစ်ယောက် ကားကြုံသာ မတွေ့လို့ကတော့ ကျွန်တော် မတွေးရဲ။ ဒီလိုလမ်း ဒီလိုအချိန်မှာက လူကောင်းထက် လူဆိုးတွေက ပိုများတာကိုး..။

သူမ ကျွန်တော့်ကို တစ်ချက်ပြုံးပြသည်။ အပြုံးမှာ အသက်မပါလှ။ ဟန်လုပ်ပြုံးပြမှန်း သိသာသည်။ သူမ အရမ်း ပင်ပန်းနေပြီထင်သည်။ ကျွန်တော်လည်း အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး ဘာမှ အနှောင့်အယှက်မပေးပဲ ပြန်လည် အိပ်ဖို့ပြင်ဆင်လိုက်သည်။ 

ဒီအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ အပုပ်နံ့တစ်ခုရလာသည်။ အပုပ်နံ့ကမှ ကြွက်တွေသေပြီး ရှာမတွေ့တဲ့အခါ ရတဲ့ အနံ့မျိုး..။ အရင်က ဒါမျိုးအနံ့မရ။ ကျွန်တော် အားနာ စွာနဲ့ပဲ..

"ညီမ..၊ ကလေးက..၊ အလေးများ သွားထားလား မသိဘူး..၊ အနံ့ရလို့…"

"သြော်..၊ ကြည့်လိုက်အုံးမယ်..၊ မသွားထားပါဘူး အကိုရဲ့..၊ ဘာအနဲ့ရလို့လဲ.."

"ဟိုလေ..၊ ကြွက်ပုပ်နံ့လိုလို..၊ အသားပုပ်နံ့လိုလိုပဲ..၊ အရမ်းကို ဆိုးတယ်.."

"ဟုတ်လား..၊ ညီမတော့ မရပါဘူး.."

"စပယ်ယာအကို..၊ ဒီနား တစ်ချက်လာပါအုံးဗျာ..၊ ဘာအနံ့ရလဲလို့.."

စပယ်ယာ ချက်ချင်းပဲ ကျွန်တော့်အနား လျှောက်လာပြီး တရှုံရှုံနဲ့ အနံ့ခံသည်။

"မရပါဘူး အကိုရ..၊ အကို စိတ်ထင်လို့ပါ..၊ ကျွန်တော် air freshener လေး လာဖျန်းပေးမယ်.."

"အေး..အေး.."

Air freshener လာဖျန်းပေးသည့်နောက်တွင် အနံ့ဆိုးက အနည်းငယ်သက်သာသွားသည်။ လုံးဝ ပျောက်သွား သည်တော့ မဟုတ်။ နံနေသေးသည်။ ကျွန်တော်လည်း ဂဂျီဂဂျောင် ကျတယ် ထင်မှာစိုးတာကြောင့် ဘာမှ မပြောပဲ ဆက်အိပ်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ.. ကျွန်တော့် လက်မောင်းနဲ့ နောက်ကျော တစ်ပြင်လုံး ကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်းထသွားသည်။ ဒုတ်ခတော့ရောက်ပြီ..။ ဒီလို ကြက်သီးမွေးညှင်းထတိုင်း ကျွန်တော် သရဲ နဲ့ ထိပ်တိုက်တွေ့ရလေ့ရှိသည်။
သူမက…။ သူမက.. ဘယ်သူလဲ…၊ လူကော ဟုတ်ရဲ့လား…။ ကျွန်တော် မ၀ံ့ရဲစွာ သူမဘက်ကို လှည့်ကြည့် လိုက်သည်။ ပြူးကြောင်နေသော မျက်လုံးအစုံက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် အရဲစွန့်ပြီး တစ်ခု စမ်းသပ်လိုက်သည်။

"အဟွတ်…၊ အဟွတ်…"

ကျွန်တော် ချက်ချင်းပဲ ချောင်းဆိုးသလိုလုပ်ပြီး လက်ကို သူမမျက်စိရှေ့မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ကျွန်တော့်ဖက်ကို လှည့်ပြီးပြူးကြည့်နေတဲ့ မျက်လုံး မျက်တောင် လုံးဝခတ်မသွား..။ သေချာပြီ..။ သူမ သည် လူမဟုတ်။ သရဲ..။ သရဲ ဖြစ်သည်။ ကျွန်တော် သူချီထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်သည်။ ပိုသေချာ သွားသည်။ သူမ ချီထားသည်မှာ ကလေးမှာ ခေါင်းသာ ပါပြီး ခန္ဓာကိုယ်မပါ..။ ကလေးငယ်လေးက မျက်လုံးပြူး ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။

ကျွန်တော် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးသည်။ ဒါ တစ်ကယ်မဟုတ်ဘူး.။ အိပ်မက် မက်နေတာ..။ အိပ်မက်က နိုးစမ်း..။ နိုးစမ်းပါ..။ သတိပြန်ထားပြီး သူမကိုပြန်ကြည့်သည်။ ကျွန်တော့် ကို ပြူးကြောင်ကြည့်နေသော သားအမိနှစ်ယောက်ရဲ့ မျက်လုံးလေး လုံးက နေရာမရွှေ့..။ သေချာသည်။ ဒါ အိပ်မက်မှ မဟုတ်တာ။ တစ်ကယ် ဖြစ်နေတာကြီး.။
ကျွန်တော်ချက်ချင်းပဲ စိတ်ထဲကနေ ဘုရားစာဆိုပြီး..၊ မေတ္တာသုတ်ကို အဆက်မပြတ် ရွှတ်ဖတ်နေလိုက်သည်။ စိတ်ကိုလည်း သူ့ဖက်မရောက်အောင်.. ဘုရားစာထဲကိုသာ အာရုံပို့လိုက်သည်။ ပြီးတော့ စပယ်ယာကို 

"ကျွန်တော့်ကို တရားခွေ တိုးတိုးလေးဖွင့်ပေးပါလား..၊ အိပ်ရင်း တရားနာလို့ရတာပေါ့.."

တိုးညှင်း သိမ်မွေ့သော တရားသံက ကြားရရုံလေး ထွက်လာသည်။ ကျွန်တော် တရားနာရင်း စိတ်ကို မပြန့်လွင်အောင် ထိန်းရင်း အိပ်ပျော်သွားခဲ့သည်။ မနက် နိုးနိုးချင်း ကြည့်မိတာက ဘေးနားက နေရာ..
ဘယ်သူမှရှိမနေ..။ ကျွန်တော် စပယ်ယာကို မေးကြည့်သည်။

"ဘေးနားက လမ်းကြုံလိုက်လာတဲ့ ညီမ ဆင်းသွားပြီလား.."

"မဆင်းပါဘူး..၊ ကားက လုံးဝမရပ်ဘူး..၊ တောက်လျှောက်မောင်းနေတာလေ.."

"အခုသူ မရှိတော့ဘူးလေ…"

"ခုံများ ပြောင်းထိုင်နေသလား…"

သူပြောမှ ကျွန်တော်လည်း ကားထဲက ခုံတွေအားလုံး လိုက်စစ်ကြည့်သည်။ မတွေ့..။

"မရှိပါဘူးကွာ..၊ မင်းတို့ကလည်း လူတစ်ယောက်လုံး ပျောက်သွားတာကိုတောင် မသိဘူးလား.."

"အာ.. အကိုကလည်း ကားမှ မရပ်တာ..၊ လူစစ်ဖို့ မလိုဘူးလေ..၊ ထူးဆန်းတယ်ဗျာ..၊ ဘယ်ရောက်သွားတာ လဲ ဒီသားအမိ…"

"နေပါအုံး…၊ နောက်တစ်ခုက…၊ ကျွန်တော်တို့ကားက… လားရှိုးကနေ အစောဆုံးထွက်တဲ့ကား.. ရှေ့မှာ ဘယ် လားရှိုးကားမှ မရှိဘူး.."

"မင်းဟာ သေချာလို့လားကွာ.."

"အာ အကိုကလည်း ကျွန်တော်တို့က ဘယ်ကား ဘယ်ရောက်ပီ ဆိုတာ အချိန်ပြည့် ဖုန်းနဲ့ချိတ်နေတာဗျ.."

"ဒါဆို ငါတို့တွေ့ခဲ့တာ ဘာကြီးလဲ…"

"လွန်ခဲ့တဲ့နှစ်ရက်က အဲ့ဒီနေရာတစ်ဝိုက်မှာ ကားတိုက်မှု တစ်ခုဖြစ်ခဲ့တယ်ဗျ…။ အမျိုးသမီးတစ်ယောက်နဲ့ ကလေး တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်တဲ့ .. သတင်းစာထဲမှာတော့ ဖတ်လိုက်ရတယ်… ကျွန်တော် တို့ တင်ခဲ့တာ အဲ့ဒီနှစ်ယောက်များ ဖြစ်နေမလား.."

"ဖြစ်နေမလား မဟုတ်ဘူး.. ဖြစ်နေတာဟေ့..၊ မင်းကို ပြောပြလိုက်အုံးမယ်..၊ အေး..၊ သူချီထားတဲ့ကလေးက ခေါင်းပဲ ရှိတယ်..။ ကိုယ်မရှိဘူး..။ ငါ့ကို ဘာမှ ဒုက္ခမပေးတာနဲ့ ငါလည်း တစ်ညလုံး ဘုရားစာတွေရွတ်၊ မေတ္တာတွေ ပို့နေလိုက်တာ.၊ ရှေ့လျှောက် ညပိုင်းဆို မင်းတို့ ကားပေါ်မှာ တရားခွေလေး ကြားရရုံဖွင့်ထားပါကွာ…၊ ဘေးကင်းတာပေါ့.."

ဒီလိုပါပဲ..။ အဲ့ဒီ နာမည်ကြီးတဲ့ အမြန်လမ်းမကြီးမှာ.. လူမသိသူမသိပဲ.. ညမှောင်မှောင်မှာ.. ကားတားတားပြီး စီးတတ်ကြတဲ့ သူတွေ ပိုမိုများလာသလို လမ်းပေါ်မှာ ကားတိုက်မှု၊ ကားမှောက်မှု၊ လူသေဆုံးမှုတွေကလည်း ပိုမို ဖြစ်လာကြတာဟာ တိုက်ဆိုင်မှု တစ်ခုလားဆိုတာကတော့ ကျွန်တော့်ကို ခေါင်းခြောက် စေခဲ့ပါတယ်..။ 

သင်တို့လည်း ညဘက် အဲ့ဒီလမ်းပေါ်မှာ ခရီးဝေးကား စီးရတဲ့အခါ လမ်းကြုံလို့ တားဆီးတဲ့ မသင်္ကာဖွယ်ရာ လူများတွေ့ရင် မေတ္တာသုတ်ကိုသာ နာနာဖိရွှတ်ပါလို့ အကြံပေးလိုက်ရပါစေ..။

အောင်ထွန်းဦး

Tuesday, February 25, 2014

သံသရာ တစ်ကွေ့ တွေ့ကြရာဝယ်




"ဆွမ်းအုပ်နီနီ..အမေ..ရွက်လို့…. နက်ဖြန် နံနက် ကျောင်းတက်မယ်…."

ဒီကဗျာလေးကို ကျွန်တော်အရမ်းကြိုက်သည်။ မေမေနဲ့ ဒီကဗျာလေး ဆိုရသည့် အချိန်သည် ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေ ဖြစ်သည်။ မူကြိုက ပြန်လာသည်နှင့် ကျောင်းက သင်ပေးလိုက်သည့် ကဗျာလေးတွေကို ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်ထိုင်ပြီး ဟန်အမူရာနဲ့ ဆိုပြရတာကို ကျွန်တော်အရမ်းနှစ်ခြိုက်သည်။ ဒီလိုအချိန်မျိုးတွင် မေမေနှင့်အတူ ဖေဖေပါ ကျွန်တော့်ကို ကျေနပ်စွာ ပြုံးပြီး ကြည့်နေတတ်ကြသည်။ ကျွန်တော် ဖေဖေနှင့် မေမေကို အရမ်းချစ်သည်။ ဒီလိုပဲ ဖေဖေနဲ့မေမေ ကလည်း ကျွန်တော့်ကို အရမ်းချစ်သည်ဟု ထင်မိသည်။

ညဘက်ရောက်မှာကို ကျွန်တော်ကြောက်နေမိသည်။ အထူးသဖြင့် ၈း၀၀ နာရီသတင်းလာမှာကို ကျွန်တော်ကြောက် နေခြင်းဖြစ်သည်။ ၈း၀၀ နာရီသတင်းလာသံကြားသည်နှင့် ကျွန်တော်စာလုပ်ဖို့ မေမေလာပြောလိမ့်မည်။ ဖေဖေနဲ့မေမေကို ကြည့်ရတာ ကျွန်တော့်ကို အရင်ကလောက် မချစ်တော့ဟု ထင်မိသည်။ ကျွန်တော့်ကို စာကြည့်ဖို့၊ စာကြိုးစားဖို့သာ တတွတ်တွတ် ပြောနေပြီး ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြသူကတော့ ကျွန်တော် မဟုတ်တော့တာ ကြာပြီဖြစ်သည်။ ကျွန်တော့်နေရာတွင် နေရာယူထားသော ညီလေးကို ကြည့်ပြီး ကျွန်တော် အူတို နေမိသည်။

ဖေဖေနဲ့မေမေကို ကြည့်ရတာ ခုတစ်လော အတော့်ကို အိုမင်းလာသလိုပင်။ စီးပွားရေး အဆင်မပြေတာအပြင် အလုပ်ပင်ပန်းတာကြောင့်လည်း ပါမည်ထင်သည်။ ကျွန်တော်တစ်ခုခုပူဆာ တိုင်း ဖေဖေနဲ့မေမေ မျက်နှာပျက်သွားတတ်သည်။ အရင်က ဒီလိုမဟုတ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာကိုတော့ မဖြစ်ဖြစ်အောင် ၀ယ်ပေးတတ်သည်။ ခက်သည်က မေမေက တစ်ဗျစ်ဗျစ်တောက် ပြောတတ်သည့် အကျင့်ရလာသည်။ ပိုက်ဆံတောင်းရမှာထက် ဒီတစ်ဗျစ်ဗျစ်တောက် စကားတွေကို ကျွန်တော်မုန်းမိသည်။ မိဘတွေ အသက်ကြီးလာလျှင် ဒီလိုပါပဲဟုသာ ဖြည့်တွေး မိလိုက်သည်။

ကျွန်တော်ဘွဲ့ယူသည့်နေ့က မမြင်တွေ့ရတာ ကြာပြီဖြစ်သည့် ဖေဖေနဲ့မေမေတို့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ကျွန်တော်မြင်လိုက်ရသည်။ ကျွန်တော်မှတ်မိသည်။ ကျွန်တော်ငယ် ငယ်တုန်းက မေမေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြတုန်းကလည်း ကျွန်တော်တို့တွေ ဒီလိုပျော်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဒီလိုပျော်တာ ကျွန်တော်အမြဲမြင်ချင်နေမိသည်။ ကျွန်တော်တို့ ဒီလိုပျော်လျှင် ကျွန်တော်လည်း အရမ်းပျော်မိသည်။

ကျွန်တော်အလုပ်စ၀င်ဝင်ချင်း ရတဲ့လစာကို ကန်တော့ တော့ မေမေမျက်ရည်ကျသည်။ ဖေဖေ မျက်နှာလွှဲပြီး ဆုတိုတို တုတ်တုတ်ပေးသည်။ ဆုပေးတဲ့ ဖေဖေ့အသံတွေ တုန်နေသလို မျက်ရည်တွေကြားက မေမေ့ မျက်နှာသည် လည်း ပြုံးရွှင်နေသည်။ 

ဒီနေ့ ဖေဖေ့မျက်နှာ တော်တော်ညှိုးနေသည်။ ဖေဖေ့ကိုကြည့်ရတာ ဂဃာမငြိမ်ဖြစ်နေသည်။ ထိုင်နေလိုက် ခဏနေရင် အိမ်ထဲလမ်းလျှောက်လိုက်.၊ လဲအိပ်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ကြာလာတော့ မနေနိုင် တော့သည့် မေမေက .."ကဲ..အဘိုးကြီး.၊ ဒီနေ့က စပြီး ပင်စင်ယူပြီးပြီဆိုတော့..၊ ရှေ့လျှောက် တစ်နေကုန် အိမ်မှာပဲ နေရတော့မှာ..၊ အိမ်နဲ့ နေသားကျအောင် ကြိုးစား.." ..။ ဟုတ်သည်။ ဖေဖေသည်လည်း အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူပြီး အိမ်မှာ နားနေရတော့မည့် အသက်အရွယ် ရောက်နေပြီပဲ..။

ကျွန်တော် မင်္ဂလာဆောင်ပြီးရင် အိမ်ခွဲနေမယ် ပြောတော့ ဖေဖေရော..၊ မေမေ ရော.. မျက်နှာ မကောင်းကြ။ ဖေဖေကတော့ ဘာမှပြောပဲ တစ်နေရာကို ငေးကြည့်နေသည်။ မေမေကတော့.."သားရယ်..၊ သားမိန်းမကို ဒီအိမ်မှာလိုက်နေခိုင်းပါလားကွယ်..၊ မေမေတို့ အဆင်ပြေ အောင်နေပါ့မယ်.."..။ ကျွန်တော် ၀မ်းနည်းသွားသည်။ မေမေတို့က အဆင်ပြေအောင် နေပေး မည်တဲ့လား..။ ဒါပေမယ့်.."သူက မိဘတွေအိမ်မှာ မကပ်နေချင်ဘူးတဲ့…။ ကိုယ့်ဟာကိုယ် အိမ်ခွဲ နေချင်တာ မေမေရဲ့..၊ မပူပါနဲ့..၊ သားမေမေတို့ကို လတိုင်း ကြည့်ပေးမှာပါ…"..။ မေမေ ဘာမှ ဆက်မပြောတော့..။ ဖေဖေကတော့ ထုံးစံအတိုင်း အဝေးကို ငေးလျက်..။

ကျွန်တော် ခုတစ်လော ဖေဖေတို့အိမ်ကို သိပ်မရောက်ဖြစ်။ အလုပ်ကိစ္စနဲ့ ခရီးတွေ ပတ်ထွက် နေရတာကြောင့်လည်း ပါသည်။ နယ်ရောက်နေတုန်း မေမေဖုန်းဆက်လာသေးသည်။ လိုင်းက မကြည်တာကြောင့် ဘာသံမှ သဲသဲကွဲကွဲ မကြားလိုက်..။ ဖေဖေ နေမကောင်းဘူး ဆိုတာတော့ ကြားလိုက်သည်။ ရန်ကုန် ပြန်ရောက်တာနဲ့ ကြားလိုက်ရတဲ့သတင်းက ဖေဖေ ဆုံးပြီတဲ့..။ နောက်ဆုံးအချိန်ထိ ကျွန်တော့်ကို တဖွဖွေ မေးနေသည်တဲ့..။ ဖေဖေ့ အသက်ကိုတောင် မမီလိုက်နိုင်သည့်အတွက် ကျွန်တော် စိတ်မကောင်း။ သားသမီးတွေ အတွက် အသက် ခြောက်ဆယ်အထိ မနားမနေ တာဝန်ယူပေးခဲ့သော ဖေဖေ..၊ အခုမှ အနားယူရတာ ဘာမှ မကြာသေး..။ အရင်က ပင်ပန်းခဲ့သမျှ ဒဏ်တွေကို အခုမှ စုပြီး ခံရတာကြောင့် ဖြစ်နိုင်သည်။ သားသမီးတွေကို ကျွေးမွေးပြုစုပျိုး ထောင်ပေးဖို့ လူလောကထဲရောက်လာပြီး တာဝန်ကျေလို့ ပြန်သွားတဲ့ ပုံစံမျိုးဖြစ်နေသည်။

မေမေက တရားစခန်းဝင်မည်ပြောသည်။ ကျွန်တော် မတားမိ။ ဒီလိုအချိန်မှာ မေမေရဲ့ စိတ်ထွက်ပေါက် ရှာတာ မှန်တယ်လို့ ကျွန်တော်ထင်မိသည်။ ကျွန်တော် မေမေ့ကို ကားနဲ့ တရား စခန်းလိုက်ပို့ဖို့ လုပ်တော့ နောက်ဆုံးအနေနှင့် မေမေ အိမ်ကို အကြာကြီး ကြည့်နေသည်။ ဘ၀ တစ်လျှောက်လုံး ကုန်ဆုံးနေထိုင်ခဲ့သည့် ဒီအိမ်ကြီးကို သံဃောဇဉ်ဖြတ်ဖို့ မေမေနောက်ဆုံး အနေနှင့် ကြည့်တာ ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်တော့်ကို အကြာကြီး ကြည့်သည်။ ကျွန်တော် မေမေ့အကြည့်ကို မျက်နှာချင်းမဆိုင်ဝံ့ပဲ ခေါင်းကို ငုံ့ထားလိုက်သည်။

ကျွန်တော် သားလေးကို အရမ်းချစ်သည်။ အသက်ထက်ပိုချစ်သည်ဆိုသော စကားကို ကျွန်တော် ဒီနေရာမှာ သုံးချင်သည်။ ညအိပ်ယာဝင်ချိန် သားလေးရဲ့ ကဗျာရွှတ်ဆိုသံသည် ကျွန်တော့်ရဲ့ တစ်နေ့ တာ မောပန်းမှုအားလုံးကို ဖြေဖျောက်နိုင်စွမ်းခဲ့သည်။ သားလေးကို ကျွန်တော် အရမ်းချစ်သည်။ ထို့အတူပင် သားလေးကလည်း ကျွန်တော့်ကို ကျွန်တော့်နည်းတူ ချစ်လိမ့်မည်ဟု ထင်သည်။

အောင်ထွန်းဦး

Friday, February 21, 2014

ပျော်ရွှင်မှုကို ရှာဖွေခြင်း


လူ (၅၀) ဦးခန့်ဟာ ခန်းမ တစ်ခုထဲမှာ ဟောပြောပွဲတစ်ခုကို တက်ရောက်နေပါတယ်..။ ဟောပြော သူက ရုတ်တရက် စကားပြောတာကို ရပ်လိုက်ပြီး လူတစ်ယောက်ကို အရောင်တူ ဘောလုံး တစ်လုံး ဆီ ဝေငှပေးလိုက်ပါတယ်..။ ပြီးတော့ marker pen တစ်ချောင်းဆီပေးပြီး သူတို့ရဲ့ နာမည်တွေကို ဘောလုံးတွေပေါ် ရေးခိုင်းလိုက်ပါတယ်..။ ပြီးတော့ သူဟာ ဘောလုံးတွေကို ပြန်လည် သိမ်းယူလိုက် ပြီး အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်..။

သူဟာ ဟောပြောပွဲ တက်ရောက်လာတဲ့ လူ (၅၀) ကို အခန်းထဲ ထည့်ထားတဲ့ ဘောလုံးတွေထဲက မိမိနာမည်ရေးထားတဲ့ဘောလုံးကို အချိန် ၅ မိနစ်အတွင်း ရှာယူလာဖို့ပြောပါတယ်..။

သူတို့ဟာ အားကြိုးမာန်တက်နဲ့ အရောင် တူဘောလုံးတွေ ကို မွှေနှောက်ရှာဖွေကြပါတယ်..။ ဒါပေမယ့် အချိန် ၅ မိနစ်ပြည့်သည့်တိုင်အောင် သူတို့ရဲ့ နာမည်နဲ့ ဘောလုံးကိုတော့ မရှာနိုင်ခဲ့ကြပါဘူး..။

အဲ့ဒီနောက်မှာ ဟောပြောသူက လူ (၅၀) ထဲမှ တစ်ဦးကို ခေါ်လိုက်ပြီး ကျရာ ဘောလုံးကို ကောက် ခိုင်းလိုက်ပါ တယ်..။ ပြီးတော့ ဘောလုံးပေါ်မှာ ရေးထားတဲ့ နာမည်ကို အော်ပေးပြီး ပိုင်ရှင်ဖြစ်သူကို ပေးလိုက်ပါတယ်..။ ၅ မိနစ်မပြည့်ခင်မှာပဲ လူတိုင်းဟာ သူတို့နာမည်နဲ့ ဘောလုံးတွေ ကိုယ်စီ ရရှိ နေပါပြီ..။

ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ နေ့စဉ် ဖြစ်ပျက်နေတာနဲ့ အတော့်ကို ဆင်တူပါတယ်..။ လူတိုင်းဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေအတွက် ကြိုးစားပမ်းစား ရှာဖွေကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နေရာမှာ ရှာဖွေတွေ့နိုင်လဲဆိုတာမသိကြပါဘူး..။ အစစ်အမှန် ပျော်ရွှင် မှုဆိုတာ တစ်ခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှု အပေါ်မှာ မူတည်ပါတယ်..။ သူတို့အတွက် ပျော်ရွှင် မှုကို သင်ဖြည့်ဆည်းပေးလိုက်ပါ..။ သင့်အတွက် ပျော်ရွှင်မှုများ မလွဲမသွေ ပြန်ရောက်လာပါလိမ့်မယ်။

အောင်ထွန်းဦး

Saturday, February 15, 2014

ဖန်ခွက်ကို အောက်ချပါ




စိတ်ပညာရှင်တစ်ယောက်ဟာ ပရိတ်သတ်တွေကို ကိုယ့်အပေါ်မှာရှိနေတဲ့ ဖိအားတွေကို ဘယ်လို ထိန်းချုပ် ဖယ်ရှားရမလဲဆိုတာကို ဟောပြောနေပါတယ်..။ သူဟာ ဖန်ခွက်တစ်ခွက်ကို မြှောက်ပြလိုက်ပြီး

"ဒီဖန်ခွက် ဘယ်လောက် လေးမယ်လို့ထင်လဲ…" လို့မေးလိုက်တယ်..။

ပရိတ်သတ်တွေဆီက ၈ အောင်စ ကနေ ၂၀ အောင်စ အထိအလေးချိန် ရှိကြောင်း အဖြေ အမျိုးမျိုး ထွက်လာခဲ့ကြတယ်..။

သူက ရှင်းပြတယ်.."ကျွန်တော် ပြောချင်တာက ဒီခွက်ရဲ့ အလေးချိန်က အဓိက မကျပါဘူး..။ ကျွန်တော် ဒါခွက် ကို ဘယ်လောက်ကြာကြာ ကိုင်ထားရမလဲ ဆိုတာက ပြသနာပါ..။ တစ်မိနစ်လောက်ပဲ ကိုင်ထားရမယ်ဆိုရင် တော့ ဒါက ပြသနာမဟုတ်ပါဘူး..။ ဒါပေမယ့် တစ်နာရီလောက် ကြာမယ်ဆိုရင် ကျွန်တော် လက်မောင်းတွေ ကိုက်လာမယ်..။ တစ်ကယ်လို့ တစ်နေကုန်သာဆိုရင်တော့ ကျွန်တော့် လက်မောင်းထုံထိုင်းပြီး အကြောတွေ သေသွားမယ် ထင်ပါတယ်..။ ဒီလိုအချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကတော့ ပြောင်းလဲမသွားပါဘူး..။ ကျွန်တော့် အတွက်သာ ကြာကြာကိုင်ရလေလေ..၊ ဖန်ခွက်က ပိုပြီးလေးလာ လေလေ ပါပဲ..။

"ဒီလိုပါပဲ..။ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ စိတ်ပင်ပန်းမှုတွေက ဖန်ခွက်ရဲ့ အလေးချိန်နဲ့ တူပါတယ်..။ ခဏလေးပဲ သူတို့အကြောင်းကို စဉ်းစားကြည့်ရင် ဘာပြသနာမှ မရှိပါဘူး..။ နည်းနည်း အချိန် ကြာကြာ စဉ်းစားမိတာနဲ့ သင့်ကို သူတို့ ဒုက္ခစပေးပါလိမ့်မယ်..။ နောက်ဆုံး တစ်နေကုန်သာ စဉ်းစားနေမယ် ဆိုရင်တော့ သင် စိတ်ဓါတ်တွေကျပြီး ဘာအကြံဥာဏ်မှ မထွက်ပဲ ဘာမှ မလုပ်တတ်တော့ပဲ ဖိအားတွေ အောက် ကျရောက်သွားတတ်ပါတယ်..။
ဖိအားတွေကို လွှင့်ပစ်လိုက်ဖို့ အရေးကြီးပါတယ်..။

ညနေခင်း ရောက်ပြီဆိုတာနဲ့ သင့်မှာရှိတဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေ အလုပ်အကြောင်းတွေကို မေ့ထားလိုက်ပါ..။ ညစာစားချိန်၊ ညအိပ်ယာဝင်တဲ့အချိန်ထိ ဒါတွေကို မသယ်ထားပါနဲ့..။ ဖန်ခွက်ကို အောက်ကို ချဖို့ သတိရပါ..။
 

အောင်ထွန်းဦး

Friday, January 31, 2014

နံရံပေါ်က ကော်ဖီတစ်ခွက်

 တစ်နေ့မှာ ကျွန်တော်ဟာ အသိတစ်ယောက်နဲ့ အီတလီနိုင်ငံ Venice မြို့ရဲ့ နာမည်ကြီး ကော်ဖီ ဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်နေခဲ့ကြတယ်..။

အဲ့ဒီအချိန်မှာပဲ၊ လူတစ်ယောက်ဟာ ကော်ဖီဆိုင်ထဲဝင်လာပြီး ကျွန်တော်တို့ဘေးက စားပွဲအလွတ် တစ်ခုံမှာ ထိုင်လိုက်တယ်..။ ပြီးတော့… "ကော်ဖီ နှစ်ခွက်ပေးပါ..။ တစ်ခွက်ကို နံရံပေါ် တင်ပေးပါ…"

ကျွန်တော်တို့လည်း စိတ်ဝင်စားစွာနဲ့ သူဘာကိုဆိုလိုတာလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်..။ စားပွဲထိုးလေးက သူ့ကို ကော်ဖီတစ်ခွက်လာချပေးတယ်..။ အဲ့ဒီကော်ဖီကို သူသုံးဆောင်ပြီးနောက်မှာ တော့ ကော်ဖီနှစ်ခွက်စာ ပိုက်ဆံကို သူရှင်းသွားခဲ့တယ်..။

သူပြန်တဲ့အခါမှာတော့ စားပွဲထိုးလေးက စာရွက်ငယ်တစ်ခုပေါ်မှာ "ကော်ဖီ တစ်ခွက်" လို့ရေးပြီး နံရံ ပေါ်မှာ ကပ်ထားလိုက်တယ်..။

ခဏအကြာမှာပဲ နောက်ထပ်လူနှစ်ယောက်က ကော်ဖီသုံးခွက်မှာလိုက်တယ်..။ နှစ်ခွက်ကို သူတို့ သောက်သုံးပြီး တစ်ခွက်ကို နံရံပေါ် တင်ပေးပါလို့ ပြောလိုက်တယ်..။ စားပွဲထိုးလေးက စာရွက်အပိုင်း လေးတစ်ခုနဲ့ "ကော်ဖီ တစ်ခွက်"ဆိုတဲ့ စာရွက်လေးကို ထပ်ကပ်လိုက်တယ်..။ နံရံပေါ်မှာ ဒီလို စာရွက် လေးတွေ အရောင်စုံနဲ့ အများကြီး ရှိနေပါတယ်..။

ခဏအကြာမှာတော့ စုတ်စုတ်ပြတ်ပြတ် ၀တ်စားထားတဲ့ အိမ်ခြေမဲ့ တစ်ယောက်ဟာ ကော်ဖီ ဆိုင်ကို ရောက်လာခဲ့တယ်..။ ပြီးတော့ ခုံတစ်ခုံမှာ အကျအန ထိုင်လိုက်ပြီး.. "နံရံပေါ်က ကော်ဖီ တစ်ခွက် ပေးပါ.."

ကျွန်တော်တို့ သိလိုက်ရပါပြီ..။ ဒါဟာ အင်မတန်ချစ်စရာကောင်းတဲ့ Venice မြို့သားတွေရဲ့ ကော်ဖီ သောက်တဲ့ အလေ့အထပါပဲ..။ သူတို့ဟာ သူတို့လိုပဲ ကော်ဖီသောက်ချင်နေရှာမယ့် မရှိဆင်းရဲသား တွေ အတွက် ကော်ဖီ တစ်ခွက် တိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တစ်စုံတစ်ယောက်ကအနေ ဒီအလေ့ အထကို အစပြုခဲ့တာပါ…။

ဘယ်သူက အစပြုခဲ့လဲ မသေချာတော့ပေမယ့် ဒီအလေ့အထလေး ကြောင့် Vencie မြို့လေးမှာ ရှိတဲ့ ကော်ဖီဆိုင်လေးဟာ ကြင်နာနွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတယ် လို့ နာမည်ကြီးနေပါတော့တယ်..။

အောင်ထွန်းဦး

Monday, December 30, 2013

ဘ၀ဇာတ်လမ်းလေးတစ်ပုဒ် - ၂




"ဟရောင်တွေ…ထစမ်း… ဘယ်အချိန် ရှိနေပြီလဲ…"

မနက်တိုင်း ကြားနေရတဲ့အသံနဲ့တူ ကျွန်တော်နဲ့ အတူ ဘေးနားက အဖော်နှစ်ယောက်ကို ခြေထောက်နဲ့ ကန်ပြီး လိုက်လံနှိုးနေသော တီးဆရာကိုတွေ့လိုက်ရသည်။

"မင်းတို့ကောင်တွေ.. အလုပ်ကို မကြိုးစား… ဒီလောက် ပျင်းရိနေရင် ဘယ်မှာသွားကြီးပွားမလဲ… မင်းတို့ ငယ် ငယ်ကတည်းက ဒီလိုဖြစ်နေရင် ကြီးလာရင် ခွေးဖြစ်မှာ… မနက်ဆိုရင် ..………………….."

နောက်ပိုင်း တီးဆရာပြောတဲ့စကားတွေကို ကျွန်တော် အလွတ်ရနေလေပြီ..။ သူငယ်ချင်းသုံးယောက် အိပ်ယာ ကို တစ်ခါတည်းခေါက် တတွန်တွန် အော်ဟစ် ဆူပူနေတဲ့ တီးဆရာရဲ့ အသံကို နားထောင်ရင်း ကြုံတွေ့နေကြ နေ့တစ်နေ့ ဖြတ်သန်းဖို့ ပြင်ဆင်လိုက်ကြသည်။

ဒီဆိုင်မှာ ကျွန်တော်အပါအ၀င် ကလေး စားပွဲထိုး သုံးဦးရှိသည်။ အသက်တွေက အတူတူ အားလုံး ၁၀ နှစ် သားတွေ ဖြစ်သည်။ ကျွန်တော် ဒီကို နောက်ဆုံးရောက်လာတာဖြစ်ပြီး လပိုင်းပဲရှိသေးသည်။  ကျွန်တော် သုံးတန်းထိ ကျောင်းနေဖူးပေမယ့် အိမ်မှ စီးပွားရေးအခြေအနေအရ ဒီနှစ် ကျောင်းထွက်ပြီး အလုပ်လုပ်ကာ ညီနဲ့ ညီမအတွက် ကျောင်းစရိတ် ရှာပေးရသည်။ အမေက ကျွန်တော့်ကို ကျောင်းမထွက် စေချင်ပေမယ့် ကျွန်တော် သိတတ်ရမည်လေ..။ အကိုအကြီးဆုံးဆိုတော့ လည်း အနစ်နာခံရမည်ပေါ့..။ 

ချမ်းအေးလှတဲ့ နံနက်ခင်း၊ သူများတကာတွေ အိပ်ယာထဲမှာ စောင်နဲ့ကွေးနေတဲ့အချိန်မှာ ကျွန်တော်လည်း ဆောင်းရာသီရဲ့ အရသာကို စောင်ထဲတွင် ခံစားလိုက်ချင်သည်။ သို့ပေမယ့် ဘ၀ပေးအခြေအနေက ဒီလိုမျိုး ဖြစ်ဖို့ မဖန်လာတော့လည်း ဖန်လာရာ ဘ၀ကို ပျော်အောင် နေလိုက်တော့သည်။ မျက်နှာသစ်ရင်း တွေးလက်စ အတွေးကို ဖြတ်ရင်း ကျွန်တော့် သူငယ်ချင်းတွေနဲ့အတူ လ္ဘက်ရည်ဆိုင်က ခုံတွေကိုထုတ်..၊ မီးမွှေး၊ ရေနွေးအိုတည်ပြီး နိစ္စဓူဝ ဖြစ်လာသော အလုပ် လေးတွေကို ခပ်မြန်မြန်လေး လုပ်ဆောင်လုပ်လိုက်သည်။ ခုရက်ပိုင်းတော့ ကျွန်တော်တို့တွေ အလုပ်လုပ်ရာမှာ တက်ကြွနေကြသည်။ လစာထုတ်မည့် ရက်က နီးနေပြီကိုး..။ ဒီလတွင် ကျွန်တော် တစ်လလုံး ရက်ပျက်မရှိ..။ ရက်ပျက်ရှိလျှင် သူဌေးက လစာထဲကနေ တွက်ပြီး ဖြတ်သည်။ နဂိုကတည်းကမှ လစာနည်းပါတယ်ဆို.. လစာဖြတ်ခံရရင် လုံးဝမကိုက်.. ဒါကြောင့် ပျက် ရက်နည်းအောင် ဒီတစ်လလုံး အိမ်တစ်ရက်မှ မပြန်ခဲ့တာဖြစ်သည်။

သူငယ်ချင်း သရဲ



 ဒီကောင့် နာမည်က "ဇော်ကြီး"… မူကြိုစတက်ကတည်းက တွဲလာတာ ဆယ်တန်းထိကို အတူတူပဲ..။ သူငယ်ချင်းတွေ တစ်ယောက်နဲ့ ချစ်လိုက်ကြတာလည်း အရမ်းပဲ .. သူ့အိမ် ကိုယ်အိပ်.. ကိုယ့်အိမ် သူအိပ်.. နေကြတာ..။ အ၀တ်အစားတွေ အသုံးအဆောင်တွေကအစ.. သူ့ဟာ ကိုယ့်ဟာ မခွဲဘဲ ပေါင်းဝတ်ကြတာပေါ့ ဗျာ..။ ဒီကောင်နဲ့ ကျွန်တော်နဲ့က ၀ါသနာလည်း အတော်တူတယ်ဗျ..။ ကျွန်တော်တို့ ဘောလုံး အတူကန် တယ်..။ ဘောလုံးဂိမ်း အတူဆော့တယ်..။ ဘောလုံးပွဲ အတူကြည့်တယ်..။ ကြိုက်တဲ့ အသင်းကလည်း အတူတူပဲ..။ မန်ယူမှ မန်ယူတွေ….။ အကျင့်တူတဲ့ သူနှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့ဗျာ..။

ရပ်ကွက်ထဲမှာ ဘောလုံးအသင်းရှိတယ်ဗျ..။ တစ်နှစ်တစ်ခါ မြို့နယ်အနေနဲ့ ရပ်ကွက်ပွဲတွေ လုပ်ပေးတယ်..။ ဒီကောင်ရယ် ကျွန်တော်ရယ်က ရပ်ကွက် အသင်းမှာ နှစ်တိုင်းမပါမဖြစ်။ ဒီကောင် ဆော့တာက အရှေ့။ ကျွန်တော်က အလယ်..။ မြို့ကလူတွေတော်တော်များများ ကျွန်တော်တို့အသင်းဆိုရင် ကျွန်တော်တို့ နှစ်ယောက်ကို တွဲမြင်ကြတယ်..။ သူနဲ့ကျွန်တော်နဲ့က အမြဲတမ်း တစ်သင်းထဲမှာပဲကစားတယ်..။ ချိန်းပွဲတွေမှာတောင် ခွဲမကန်ဖူးဘူး..။ သူမရှိရင် ကျွန်တော် မဆော့တတ်တော့သလို… ကျွန်တော်မရှိရင် သူလည်း ကွင်းထဲမှာ ငပေါကြီးကို ဖြစ်သွားရော..။ အဲ့ဒီလောက်တွဲလာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်။

တစ်ရက်… ဒီကောင်က ကျွန်တော့်ကို တောင်နောက်ချောင်းရေသွားကူးဖို့ လာခေါ်တယ်ဗျ..။ ကျွန်တော်လည်း အဲ့ဒီနေ့က နေမကောင်းတာနဲ့ မလိုက်တော့ဘူးဆိုတော့ ဒီကောင်လည်း ကျွန်တော့်ကို အတင်းမခေါ်တော့ပဲ ထွက်သွားတယ်..။

နောက်တစ်ရက်… ဇော်ကြီး ဆုံးသွားပြီတဲ့..။ ကိုယ့်နားကိုယ်တောင် မယုံဘူး..။ တောင်နောက်ချောင်းမှာ ရေနစ်ပြီး ဆုံးတာတဲ့..။ အလောင်းက ဆေးရုံက ရေခဲတိုက်မှာ ရောက်နေပြီ..။ မနေ့က သူ့အိမ်နဲ့ စကားများ ပြီး စိတ်ညစ်ညစ်နဲ့ အိမ်ကထွက်သွားတယ်တဲ့..။ ပြီးတော့ ကျွန်တော့်ကို ၀င်ခေါ်တာ..။ ကျွန်တော်လည်း မလိုက်တော့ ဘီယာသောက်ပြီး ဆိုင်ကယ်နဲ့ တစ်ယောက်တည်း တောင်နောက်ချောင်းမှာ ရေသွားကူးတာ မူးမူးနဲ့ဆိုတော့ ရေနစ်ပြီး ဆုံးသွားတယ်လို့ သူ့အိမ်က ပြန်ပြောပြတယ်..။ 

ကျွန်တော် ဒီကောင့် အလောင်းကို ရင်ခွဲရုံမှာ သွားကြည့်တော့ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းကို မြင်ရတယ်..။ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းပါ..။ ရုပ်လေး ကြည့်ပါရစေလို့ အစောင့်ကို ခွင့်တောင်းတော့…. အစောင့်က ကျွန်တော့်ကို ပိတ်ဖြူလေး လှန်ပြတယ်…။ အရင်က နှစ်လိုဖွယ်ကောင်းတဲ့ ဇော်ကြီး မျက်နှာက ရေတွေနဲ့ဖောင်းပွနေပြီး ပေါက်ထွက်တော့မယ် ရေအိတ်ကြီးလိုဖြစ်နေတယ်…။ မျက်လုံးနဲ့ နှာခေါင်း ပါးစပ်ထဲမှာ သဲတွေ ပြည့်နေတာကို တွေ့လိုက်ရတယ်..။ ပိတ်ဖြူအောက်က ထိုးထွက်နေတဲ့ ဗိုက်ပူပူကို မြင်ရတာ လည်း သူ့ဗိုက်ထဲ ရေတွေ ဘယ်လောက်တောင် ၀င်ထားသလဲဆိုတာ သိတာတယ်..။ ကျွန်တော် ဆက်ကြည့် နိုင်စွမ်း မရှိတာနဲ့ မျက်နှာလွဲပြီး ထွက်ခဲ့လိုက်တော့တယ်..။

မှတ်မှတ်ရရ အဲ့ဒီအချိန်က ဘောလုံးပွဲကန်နေတဲ့အချိန်ကြီး တစ်ပွဲကန်ပြီး နောက်တစ်ပွဲကန်ဖို့ စောင့်နေရတဲ့ အချိန်..။ ကျွန်တော် ဇော်ကြီးရဲ့ အသုဘကို တတ်နိုင်သမျှ ကူညီပေးခဲ့တယ်..။ အချိန်ပြည့် သူတို့အိမ်မှာပဲ နေပေပြီး ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးခဲ့တယ်..။ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ပါပဲ..။ အဲ… ထုံးစံ အတိုင်း နောက်ဆုံး ရက်လည် နေ့မှာ ဇာတ်လမ်းက စတာပါပဲ..။ အဲ့ဒီနေ့က သေဆုံးသူက ဆွေမျိုး အပေါင်းအပါတွေကို နောက်ဆုံး နှုတ်ဆက်ခွင့်ရတဲ့ နေ့တစ်နေ့လေ..။

မနက် ပိုင်း တရားနာ၊ ဆွမ်းကပ်ပြီး တရားနာလာတဲ့သူတွေကို ဒံပေါက်ကျွေးဖို့ ကူညီနေရတာနဲ့ မနက်တစ်ပိုင်းလုံး ဘယ်လို ကုန်လို့ ကုန်သွားမှန်းမသိလိုက်ဘူး..။ နေ့လည် နှစ်နာရီလောက်ကြတော့ ကျွန်တော်တို့ နယ်မြေမှူးက ကျွန်တော့်ကို မနက်ဖြန် ဘောလုံးပွဲရှိတယ်ဆိုတယ် ပြင်ဆင်ထားဖို့ လာပြောတယ်..။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်..။ ပထမဆုံး ဇော်ကြီး မပါတဲ့ဘောလုံးပွဲကို ကျွန်တော် ကန်ရတော့မယ်ပေါ့..။

ညအိပ်ယာ စောစောဝင်ခဲ့တယ်..။ ဒါမှ မနက်ဖြန် ဘောလုံးကန်ဖို့အားပြည့်နေမှာလေ..။ ဇော်ကြီးကို သတိရနေ မိတယ်..။ အရင်အချိန်တွေဆို မနက်ဖြန်လို ဘောလုံးကန်မယ်ဆို ဒီလိုညမှာ ဒီကောင်က အိမ်မှာလာအိပ်နေကျ။ မင်းဘယ်လိုကန် ငါဘယ်လိုကန်ဆိုပြီး လေပစ်နေတာနဲ့ ညကို ကုန်ဆုံးစေခဲ့တာ..။ အခု တော့ ကျွန်တော် တစ်ယောက်တည်း..။ စိတ်က ဒီကောင့်ဆီကို ရောက်နေတာနဲ့ တော်တော်နဲ့ အိပ်မပျော်…..။ နာရီကို ကြည့်လိုက်တော့ ည ၁၁း၀၀ နာရီ။ ကြိုးစားပြီး အိပ်မှပါလေ ဆိုပြီး စိတ်တင်းပြီး အိပ်ဖို့ ညာဘက်ကို စောင်း အိပ်လိုက်တယ်။

ကျွန်တော် အိပ်ယာဝင်ရင် ညာဘက်ကိုစောင်းပြီး အိပ်လေ့ရှိတယ်..။ အဲ့ဒါက အကျင့်ဖြစ်နေပြီး အဲ့ဒီလိုမှ မအိပ်ရင် မအိပ်ပျော်တော့ဘူး..။ အိပ်မပျော် တပျော် ဖြစ်နေတဲ့အချိန်မှာ အိပ်နေတဲ့ ကျွန်တော့်ကျောဘက်ကနေ အသက်ရှုသံ တစ်သံ ကြားနေရတယ်..။ ကျွန်တော် ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ကြားတာများလားဆိုပြီး အသက်ခဏအောင့်ပြီး နားထောင် လိုက်တယ်..။ နောက်က အသက်ရှုသံက မရပ်သွားဘူး..။ သေပြီ..။ ဇော်ကြီး ကျွန်တော့် အိပ်ယာမှာ လာအိပ်နေပြီ.။ ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး..။ ကျွန်တော် မျက်လုံ့း မဖွင့်ပဲ အသက်ကို အောင့်ထားရာ ကနေ ဖြည်းဖြည်းချင်း ရှုလိုက်တယ်..။ 

လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးတွေကြောင့် စိုရွှဲနေပြီ..။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ယောက်ျားပဲ ဆိုပြီး ဆတ်ကနဲ နောက်ကိုလှည့်ကြည့်လိုက်တယ်..။ ကျွန်တော်နဲ့ နှာခေါင်းချင်း ကပ်လျက်အနေအထားမှာပဲ ရေခဲတိုက်မှာ တွေ့ခဲ့ရတဲ့ ဇော်ကြီးမျက်နှာကြီး နီးကပ်စွာမြင်လိုက်ရတယ်..။ ဒီကောင့်မျက်နှာကြီးက ပြုံးနေသလိုပဲ…။ ပြီးတော့ ဒီကောင်က ကျွန်တော် ဘေးနားမှာ ကပ်ပြီး ကျွန်တော်နဲ့ အိပ်နေတာ…။ ကျွန်တော် လိပ်ပြာ လွင့်မတတ်ပါပဲ..။ ရှိသမျှ အသံနဲ့ အသားကုန် ကြုံးအော်လိုက်တယ်..။

"သားကြီး.. ဘာဖြစ်တာလဲ… တံခါးဖွင့်စမ်း.."

အိမ်က လူတွေက အပြင်ကနေ တံခါးထုနေသံကြားတော့ ကျွန်တော် အားရှိသွားတယ်..။ ကုတင်ပေါ်က ကုန်းရုံးထပြီး တံခါးပြေးဖွင့်ဖို့ ပြင်လိုက်တယ်..။ တံခါးဖွင့်ဖို့ လုပ်တုန်းမှာပဲ အမှောင်ထဲမှာ ကုတင်ပေါ်ကနေ ဇော်ကြီး ကုန်းထ နေတာမြင်လိုက်ရတယ်..။ ကျွန်တော် တံခါးလက်ကိုင်ဘုကြီး ကိုင်ပြီး ငေးကြည့်နေမိတယ်..။ ပြီးတော့ ဇော်ကြီးက ကျွန်တော့်ဗီဒိုကို လက်ညှိုးထိုးပြီး ရပ်နေတယ်..။ ကျွန်တော် သူဘာကို ဆိုလိုမှန်း နားလည် လိုက်ပြီ..။ ကျွန်တော် သူကြားနိုင်လောက်တဲ့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်..

"အေးပါ ဇော်ကြီးရာ…၊ မင်းဖိနပ်နဲ့ ၀တ်စုံကို ငါမင်းဆီကို ပို့ပေးပါ့မယ်…"

ကျွန်တော် အဲ့လိုပြောလိုက်တော့ ဒီကောင် ကျွန်တော့်ဆီ တစ်လှမ်းချင်း လှမ်းလာတယ်…။ ကျွန်တော် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်ရမလား ဒီအတိုင်းနေရမလား စဉ်းစားနေတုန်း ဒီကောင် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…။ သေချာတာကတော့ ဒီကောင် ကျွန်တော့်ကို ဒုက္ခမပေးပါဘူး။ ကျွန်တော့်ကို သေချာကြည့်ပြီး ကျွန်တော့်ရှေ့ကနေ ဆေးလိပ်မီးခိုးငွေ့ပုံစံ ပျောက်ကွယ်သွား တယ်..။ ကျွန်တော့်ကို နှုတ်ဆက်သွားတဲ့ ပုံစံပါပဲ…။ ကျွန်တော် ဒီဖြစ်ရပ်တွေကို အမှောင်ထဲမှာ ကြည့်နေရတာ ရုပ်ရှင်တကား ကြည့်နေရသလိုပါပဲ..။ ကျွန်တော် နဖူးပေါ် ကျနေတဲ့ ချွေးတွေကို သုတ်လိုက်ပြီး အခန်းတံခါးလက်ကိုင်ဘုကို လှည့်လိုက်တယ်..

"ဘာဖြစ်တာလဲ သား… တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့…"

"ဘာမှ မဖြစ်ပါဘူး… သားအိပ်မက်ဆိုးတွေ မက်နေတာပါ…"

အဲ့ဒီည ရေတစ်ခွက်သောက်ပြီး ကျွန်တော် အေးအေးဆေးဆေးပဲ ဆက်အိပ်ခဲ့ပါတယ်..။ ဘာအနှောင့်အယှက်မှ မရှိပါဘူး..။ နောက်နေ့ မနက် လင်းလင်းချင်း သူ့ဘောလုံးဝတ်စုံနဲ့ ဖိနပ်ကို သူ့ရဲ့ အုတ်ဂူနားမှာ သွားပြီး မြှပ်ပေးခဲ့ပါတယ်..။ ဒီကောင် ကျေနပ်မှာပါ..။ အဲ့ဒီနေ့ ညနေမှာပဲ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းမရှိတဲ့ ပထမဆုံး ဘောလုံးပွဲကို ကစားခဲ့ပေမယ့် ကွင်းထဲမှာ ပြေးလွှားနေတဲ့ ဇော်ကြီးရဲ့ အရိပ်အယောင်တွေကို တွေ့နေရတယ်လို့ ကျွန်တော် ထင်ယောင်မိပါတယ်…။

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ