Saturday, March 9, 2013

မိဘများမှ သားသမီးသို့ ပေးစာ…



 
သားရေ…
 
အဖေတို့ အိုသွားတဲ့အခါ…၊ အဖေတို့ကို နားလည်ပြီး သနားကြင်နာပါ..၊ ပန်းကန်ကျကွဲသွားတာတို့..၊ ထမင်း၊ ဟင်းတွေ ဖိတ်တာတို့ ဖြစ်ရင် အဖေတို့ကို မအော်ဟစ်ပါနဲ့…။ အဖေတို့ မျက်စိ အမြင်အာရုံ အားနည်းလာတာကြောင့်ပါ…။ သားငယ်ငယ်တုန်းက အဖေတို့ ထမင်း စားတတ်အောင် ဘယ်လိုသင်ပေးခဲ့လဲဆိုတာ ပြန်သတိရပေးပါ…။

အဖေတို့ အကြားအားရုံ ချို့ယွင်းလာလို့ သိပ်မကြားရတော့တဲ့အခါမှာ စကားကို ခဏခဏ ပြန်ပြောရလို့ စိတ်တိုပြီး မအော်လိုက်ပါနဲ့..၊ သားငယ်ငယ်တုန်းက စကားပြောတတ်အောင် အဖေတို့ ဘယ်လောက် အထပ်ထပ်အခါခါ ပြောခဲ့ကြသလဲဆိုတာ သားပြန်မြင်ယောင်ပေးပါ..။

အဖေတို့တောင်းပန်ပါတယ်..။ အဖေတို့က အိုနေပါပြီ..။ အဖေတို့ရဲ့ ဒူးတွေဟာ အားနည်းချိနဲ့ နေပါပြီ..၊ အဖေတို့ကို ထဖို့အတွက် ကြင်နာစွာ ထူမပေးပါ..။ အဖေတို့ သားငယ်ငယ်တုန်းက လမ်းလျှောက်သင်တဲ့ ပုံစံမျိုးလိုပေါ့…။

အဖေတို့ မသိလို့မေးမြန်းတာ ရှိရင်.. စိတ်ရှည်ရှည်နဲ့ပြောပြပေးပါ...၊ သားငယ်ငယ်တုန်းက သားသိချင်တဲ့ အကြောင်းအရာမှန်သမျှကို အဖေတို့ မမောမပန်း ရှင်းပြခဲ့တယ်လေ...

သားမှတ်မိလား..၊ ငယ်ငယ်တုန်းကလေ..၊ သားဘောလုံးတစ်လုံးကို လိုချင်လို့ မရမချင်း အထပ်ထပ် ပူဆာ ခဲ့တာလေ..၊ အခုလည်း သားကို အဖေတို့ တစ်ခုတောင်းဆိုချင်ပါတယ်..၊ အဖေတို့က လူအိုဆိုတော့ လူအိုအနံ့ရပါလိမ့်မယ်..၊ ရေချိုးဖို့ အတင်းမတိုက်တွန်းပါနဲ့..၊ အဖေတို့ ခန္ဓကိုယ်တွေ က အရင်လိုမဟုတ်တော့ပါဘူး..၊ လူအိုတွေက အလွယ်တကူဖျားနာနိုင်တယ်လေ..၊ တစ်ကယ်လို့ဖျားနာလာရင် လည်း သားပဲ ပိုက်ဆံကုန်ရမှာ မှတ်လား..။

သားမှာ အချိန်ပိုရှိရင်..၊ အဖေတို့နဲ့ စကားလာပြောပါအုံး..၊ သားက အလုပ်များတဲ့သူဆိုတာ အဖေသိပါတယ်..။ အဖေတို့ရဲ့ လေကြောရှည်ရှည်တွေ နားမထောင်ချင်ဘူးဆိုရင်တောင် ခဏ တစ်ဖြုတ်တော့ အချိန်ပေးပါ..။ သားငယ်ငယ်တုန်းက သားရဲ့ ၀က်ဝံရုပ်လေးအကြောင်း ပြောပြ တာကို အဖေတို့ ညစဉ် ညတိုင်း နားထောင်ပေးခဲ့တယ်လေ…

အချိန်တစ်ခုရောက်လာလို့ အဖေတို့ ဖျားနာပြီး အိပ်ရာထဲလဲနေရင်..၊ စိတ်ရှည်ပြီး ပြုစုပေးပါ..၊ အိပ်ယာပေါ်မှာ အပေါ့အလေးသွားမိရင် စိတ်မဆိုးပါနဲ့..။ သားငယ်ငယ်တုန်းက အဖေတို့ မရွှံ့မရှာ ဘယ်လို ပြုစုခဲ့လဲဆိုတာ ပြန်စဉ်းစားပေးပါ..။

အဖေတို့အတွက် နောက်ဆုံးအချိန်လေးမှာ သားရဲ့ ကြင်နာယုယမှုတွေနဲ့ ကုန်ဆုံးသွား ချင်ပါတယ်..။  နောက်ဆုံး သေဆုံးမယ့်အချိန်မှာတောင်..၊ သေခြင်းတရားကို ရင်ဆိုင်ဖို့ သားရဲ့ ခွန်အားပြည့်တဲ့  လက်တွေနဲ့ အဖေတို့လက်ကို ဆုပ်ကိုင်ထားစေချင်ပါတယ်…။


အောင်ထွန်းဦး

2 comments:

  1. နှလုံးသား အာဟာရပါ Brother

    ReplyDelete
  2. အသိတရားတွေပေးတဲ့အတွက်ကျေးဇူတင်ပါတယ်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ