Tuesday, November 20, 2012

ရင်သို့ထိသော စာစုများ-၂




ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဈေးတစ်ခုမှာ ဈေးဝယ်ဖို့ လျှောက်ကြည့် နေခဲ့ပါတယ်..။ အဲ့ဒီ အချိန်မှာပဲ အရုပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ အသက် ၅ နှစ် ၆ နှစ် ထက်မပိုတဲ့ ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတာကို ကြားခဲ့ရပါတယ်..။

ပိုင်ရှင်က "၀မ်းနည်းပါတယ် ကလေးရယ်..။ သားပိုက်ဆံက ဒီအရုပ်ဝယ်ဖို့ မလောက်ဘူးကွယ့်…"
အဲ့ဒီအခါမှာ ကောင်လေးဟာ ကျွန်တော့်ဖက်ကို လှည့်ပြီး.."ဦးဦး..၊ သားဒီအရုပ်ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူးလို့ပြောနေလို့ စစ်ပေးပါအုံး.." လို့ ပြောလာပါတယ်..။

ကျွန်တော် သူ့ပိုက်ဆံကို ရေတွက်လိုက်ပြီး "ဟုတ်တယ်သားရဲ့..၊ သားပိုက်ဆံက ဒီအရုပ်ဝယ်ဖို့ မလောက်ဘူး.."
ဒါပေမယ့် ကောင်လေးဟာ အရုပ်ကလေးကို လက်ထဲမှာ မလွတ်တမ်းကိုင်ထားဆဲပါပဲ..။

နောက်ဆုံးတော့ ကျွန်တော် သူ့ဆီကိုလျှောက်သွားပြီး "သားကို ဘာလို့ ဒီအရုပ်ကို ဒီလောက်တောင် လိုချင်နေရတာလဲ " လို့မေးတော့
"ဒီအရုပ်က သားရဲ့မမ အကြိုက်ဆုံးအရုပ်လေးပါ..၊ သူဒီအရုပ်လေးကို တအားလိုချင်တာလေ..။ အဲ့ဒါ သားက သူ့မွေးနေ့လက်ဆောင် အဖြစ် ၀ယ်ပေးချင်လို့ပါ.."

"မေမေက မမဆီကို သွားတော့မှာလေ..။ သား ဒီအရုပ်ကို မေမေနဲ့ မမဆီကို ထည့်ပေးလိုက်ချင်လို့ပါ.." စကားပြောနေချိန်မှာ ကောင်လေးရဲ့မျက်ဝန်းဟာ ၀မ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်..။

"မမက အခု ဟိုးကောင်းကင်ပေါ်မှာလို့ ပြောတယ်..။ ဖေဖေက မေမေလည်း မကြာခင် ကောင်းကင် ပေါ်ကို လိုက်သွားတော့မယ်လို့ ပြောတယ်..။ ဒါကြောင့် မေမေနဲ့ မမအတွက် မွေးနေ့ လက်ဆောင် အရုပ်လေး ထည့်ပေးလိုက်ချင်လို့ပါ.."

ကျွန်တော့် နှလုံးတွေ ရပ်တန့်သွားသလိုပါပဲ..။ ကောင်လေးက ကျွန်တော့်ကို ကြည့်ပြီး .."သား ဖေဖေ့ကိုပြောထားသေးတယ်..။ အမေ့ကို မသွားခိုင်းပါနဲ့အုံးလို့..။ သားအရုပ်ပြန်ဝယ်လာပြီးတဲ့ အထိ စောင့်ပါလို့"

ပြီးတော့ ကျွန်တော့်ကို အရမ်းချစ်စရာကောင်းတဲ့ သူ့ရဲ့ ရီနေတဲ့ဓါတ်ပုံလေးကိုထုတ်ပြတယ်..။ "မေမေ့ကို ဒီဓါတ်ပုံလေးလည်း ထည့်ပေးလိုက်မှာလေ..၊ ဒါမှ မမ က သားကို မမေ့မှာ..။ သားက မေမေ့ကို အရမ်းချစ်ပါတယ်..။ ပြီးတော့ သားတို့ကိုလည်း ခွဲမသွားစေချင်ပါဘူး..။ ဒါပေမယ့် ဖေဖေက မမ တစ်ယောက်တည်း ဖြစ်နေလို့ မေမေက လိုက်သွားရမှာတဲ့.." ပြီးတော့ အရုပ်ကို ၀မ်းနည်းတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်ပြီး ငြိမ်သက်နေပါတယ်..။

ကျွန်တော် ချက်ချင်းပဲ ကျွန်တော့်ပိုက်ဆံအိတ်ကို စမ်းပြီး "ဦးတို့ နောက်တစ်ခေါက် ပိုက်ဆံ ပြန်ရေရ အောင်ကွာ..၊ ဒီတစ်ခါ ပြည့်ချင်ပြည့်သွားမှာပေါ့..မဟုတ်ဘူးလား.."

"ဟုတ်..၊ "

ကျွန်တော် သူမသိအောင် ကျွန်တော်ပိုက်ဆံ အနည်းငယ်ကို ထပ်ထည့်လိုက်ပြီး ကျွန်တော်တို့ အတူတကွ ရေတွက်ကြတယ်..။ အရုပ်အတွက် ပိုက်ဆံက လောက်တဲ့အပြင် ပိုလို့တောင် နေပါတယ်..။

ကောင်လေးက "ပိုက်ဆံပြည့်အောင်ဖြည့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" ပြီးတော့ ကျွန်တော့်ကြည့်ပြီး "မနေ့က မအိပ်ခင်မှာ အရုပ်ဝယ်ဖို့ ပိုက်ဆံလောက်ပါစေဆိုပြီး ဆုတောင်းခဲ့ သေးတယ်..။ ပြီးတော့ မေမေက နှင်းဆီဖြူ တအားကြိုက်တာ..။ ပိုက်ဆံပိုတယ်ဆိုရင် နှင်းဆီဖြူ တစ်ပွင့်လည်း ၀ယ်သွားချင်ပါတယ်…"

ဈေးဝယ်ဖို့ ထွက်လာတဲ့ ကျွန်တော်ဟာ လုံးဝမျှော်လင့်မထားတဲ့ ပုံစံနဲ့ ဈေးဝယ်ခဲ့ရပါပြီ..။ ကျွန်တော် ဒီကလေးလေးကို စိတ်ထဲကနေ ထုတ်လို့မရခဲ့ပါဘူး..၊ အဲ့ဒီနောက် ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ရက်က ပြည်တွင်း သတင်းစာ တစ်စောင်ရဲ့ သတင်းတစ်ပုဒ်ကို သတိရခဲ့ပါတယ်..။

သတင်းက အရက်မူးပြီး ကားမောင်းခဲ့သူတစ်ဦးရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် အခြား ကားပေါ်မှ ကလေးမလေး တစ်ဦး နေရာတွင် သေဆုံးပြီး အမျိုးသမီးကတော့ ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းလေးပါ..။
နောက်ဆုံး မိသားစုက သူမအသက်ကို ဆွဲမဆန့်တော့ပဲ စွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်..။ ဘာလို့လဲ ဆိုတော့ သူမဟာ coma လို့ခေါ်တဲ့ ရောဂါဆိုးကနေ ပြန်လာနိုင်စွမ်းမရှိတော့လို့ပါပဲ..၊ ဒီသတင်းထဲက မိသားစုက ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးရဲ့ မိသားစုများ ဖြစ်နေမလားဆိုတဲ့ အတွေးက ကျွန်တော့်ကို ခြောက်လှန့်နေခဲ့ပါတယ်..။

ကောင်လေးနဲ့ ဆုံပြီး နှစ်ရက်မြောက်နေ့မှာ..၊ သတင်းစာထဲမှာ အဆိုပါ အမျိုးသမီး ဆုံးပါး သွား ကြောင်း ဖတ်လိုက်ရပါတယ်..။ ကျွန်တော်လည်း သိချင်စိတ်များစွာနဲ့ နှင်းဆီဖြူ တစ်စည်းကို ၀ယ်ပြီး အသုဘရှိရာ အိမ်ကို သွားခဲ့ပါတယ်..။ အဲ့ဒီမှာ သေဆုံးခဲ့တဲ့ အမျိုးသမီးကို အခေါင်းထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေတာကို မြင်တွေ့ရပြီး လက်မှာ နှင်းဆီပန်းအဖြူလေးတစ်ပွင့်၊ ရယ်ပြုံးနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံနဲ့ အရုပ်လေးတစ်ရုပ်ကို ရင်ဘတ်ပေါ်မှာတင်ထားတာကို တွေ့ရပါတယ်..။

ကျွန်တော် ဆက်ပြီး ကြည့်နိုင်စွမ်း မရှိတော့ပါဘူး..။ ကျွန်တော့်ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စ တွေကို သုတ်ရင်း ကျွန်တော် ပြေးထွက်ခဲ့ပါတယ်..။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုး ကိုလည်း ခံစားလာရပါတယ်..။

ကောင်လေးရဲ့ သူ့အမေနဲ့ အမပေါ်ထားရှိတဲ့ ချစ်ခြင်းက ထာဝရ တည်တံ့နေမှာပါ..။ မဆင်မခြင် လူတစ်ယောက်ရဲ့ အမှားကြောင့် ပေးဆပ်လိုက်ရတဲ့ ကောင်လေးရဲ့ ဆုံးရှုံးမှုကတော့ ကြီးမှား လွန်းလှပါတယ်…။

ကျေးဇူးပြုပြီး အရက်မူးပြီး ကားမမောင်းကြပါနဲ့ဗျာ..။



အောင်ထွန်းဦး

1 comment:

  1. Great post. I аm facing many of theѕe iѕsues as
    well..

    Mу ωеbsitе :: casino games
    My blog casino online

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ