Monday, December 10, 2012

ရင်သို့ထိမိသော စာစုများ - ၃



 ကျွန်တော်နဲ့ ကျွန်တော့်ဇနီးသည်ဟာ မင်္ဂလာဆောင်ပြီး နောက်တစ်ရက်မှာပဲ ပျားရည်စမ်း ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်..။ ကျွန်တော်တို့ဟာ နာမည်ကြီး ကမ်းခြေတစ်ခုကို သွားဖို့ စီစဉ်ထားပြီး ဒီမြို့ကနေ ၁၂ နာရီ ကြာ ရထားစီးရမှာဖြစ်ပါတယ်..။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ရထားပေါ်မှာ အထုတ်တွေကို နေရာချနေစဉ်မှာပဲ အသက်၂၀ အရွယ် ကောင်လေး တစ်ယောက်နဲ့သူ့အဖေဖြစ်ဟန်တူတဲ့ လူနှစ်ယောက်ဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ နေရာယူနေတာတွေ့ရပါတယ်..။

ကျွန်တော် တစ်ခု သတိထားမိတာက ကောင်လေးရဲ့ပုံစံကိုပါ..။ ကျွန်တော် ဒီကောင်လေးပုံစံကို သိပ်သဘော မတွေ့လှပါဘူး..။ သူ့မျက်လုံးတွေက ဂဏှာမငြိမ်ဖြစ်နေပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေပါတယ်..။ တစ်ခါ တစ်လေမှာ တစ်စုံ တစ်ခုကို ကြည့်ပြီး သဘောကျစွာ အော်ဟစ်ရယ်မော နေတတ်ပါတယ်..။ သူ့အဖေဖြစ်သူ ကတော့ ဘာမှ သူ့သားပြုမူသမျှကို သဘောကျစွာ ပြုံးပြီး ကြည့်နေတတ်ပါတယ်..။
ကျွန်တော့်အတွက်တော့ ဒီကောင်လေးဟာ စိတ်အနှောင့်အယှက်ဖြစ်နေ ပါတယ်..။ ပျော်ရွှင်ကြည်နူးစရာတွေ ပြည့်နေမယ့် ကျွန်တော့်ရဲ့ ခရီးစဉ်မှာ ဒီလိုမျိုးဖြစ်နေရတဲ့ ကျွန်တော့်စိတ်အတွက် ဒီကောင်လေးကို ကျွန်တော် စိတ်ထဲကနေ ကျိန်ဆဲနေမိနေပါတယ်..။ ကျွန်တော့်ဇနီးသည်ကတော့ ဒီအဖြစ်အပျက်တွေကို သိဟန်မတူပဲ အေးအေးဆေးဆေးပါပဲ..။
ရထားစထွက်ပြီး သိပ်မကြာခင်မှာပဲ ပြသနာ စပါတော့တယ်..။ အဲ့ဒီကောင်လေးက ရထားရဲ့ ပြတင်းပေါက်ကို ကြည့်ပြီး

"အဖေ..ကြည့်ပါအုံး…၊ သစ်ပင်တွေက နောက်မှာ ကျန်ခဲ့ပြီနော်…"

"တိမ်တွေကလည်း ကြည့်ပါအုံး…။ ရထားနောက်ကနေ ပြေးလိုက်နေကြတယ်…."

"ရှုခင်းတွေကလည်း လှလိုက်တာ..။ ဟိုမှာ နွားလေးတွေ အစာစားနေတယ်…" အစရှိတာတွေကို အဆက်မပြတ် ပြောပါတော့တယ်..။ အဖေဖြစ်သူကတော့ အသက် ၂၀နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားတစ်ယောက်ရဲ့ ကလေးငယ်တစ်ယောက်လို ပြုမူနေတာတွေကို ပြုံးပြီး ကြည့်နေပါတယ်..။

ကျွန်တော်တို့ သွားရမယ့် ခရီးကအရှည်ကြီးပါ..။ ခရီးတစ်လျှောက်လုံး ဒီလိုမျိုးသာ ခရီးတစ်လျှောက်လုံး ပြောနေမယ် ဆိုရင်တော့ ကျွန်တော်အဖို့ ခဏတစ်ဖြုတ် အိပ်စက်ဖို့တောင် လွယ်ကူမှာမဟုတ်ပါဘူး..။ ကျွန်တော် တွေးနေစဉ်မှာပဲ….

"အဖေ ….၊ ဟိုးအပေါ်မှာ ပျံနေတဲ့ ငှက်တွေက ရထားနောက်ကို လိုက်နေတာလား…" 

ကျွန်တော် သည်းမခံနိုင်တော့ပါဘူး…။ နောက်ဆုံး ကောင်လေးရဲ့ အဖေဖြစ်သူကို..

"ခင်ဗျားသားကို ဆေးရုံလေးဘာလေး မပြဘူးလားဗျာ…၊ ဆရာဝန်ကောင်းကောင်းနဲ့တွေ့ရင်တော့ ခင်ဗျားသား ကံကောင်းမှာပါ…" ဆိုပြီး ကျွန်တော် ခနဲ့ လိုက်တယ်..။

ကောင်လေးရဲ့ အဖေက ပြုံးပြီး " အခုပဲ ကျွန်တော်တို့ ဆေးရုံက ပြန်လာတာလေ..။ ကျွန်တော့်သားလေးက မွေးကတည်းက မျက်စိ မမြင်ရဘူးလေ..။ ဒီနေ့က သူ့ဘ၀မှာ ပထမဦးဆုံး လောကကြီးကို မြင်ခွင့်ရတဲ့နေ့ပဲ.."

ကျွန်တော် ဒီစကားကြားအပြီးမှာ လုံးဝကို ဆွံ့အသွားခဲ့ပါတယ်..။ ပြောစရာ စကားမရှိခဲ့ပဲ အာစေးမိထား တဲ့ လူတစ်ယောက်လို အာခေါင်တွေ ခြောက်ကပ်ခဲ့ပါတယ်..။ ကျွန်တော် အခုမှ ကောင်လေးမျက်လုံးကို သေချာ ကြည့်မိလိုက်တယ်..။ 

သူ့မျက်လုံးတွေထဲပေါ်နေတာက ကျွန်တော်စိတ်ထဲမှာ ထင်ထားသလိုမျိုးမဟုတ်ပဲ ပျော်ရွင်ကြည်နူးမှုတွေ ၊ စူးစမ်း သိရှိလိုမှုတွေ၊ အံ့သြမှုတွေနဲ့ ပြည့်နှက်နေပါတယ်..။ ကျွန်တော်သူနဲ့ မျက်လုံးချင်း မဆိုင်ဝံ့တော့ပါဘူး..။ ကျွန်တော် ရှက်ရွှံ့စွာပဲ အကြည့်လွှဲခဲ့ရပါတော့တယ်…။

(လူတစ်ဦးချင်းတိုင်းမှာ ကိုယ်မသိနိုင်တဲ့ စိတ်ခံစားမှုလေးတွေ ရှိနေတတ်တယ်ဆိုတာ သတိရကြပါဗျာ…။)

အောင်ထွန်းဦး

2 comments:

  1. ဒီနေ့ မှ မျက်စိမြင်တဲ့ ကလေး က ပြောမယ် ဆိုရင် ဟိုဟာ ဘာလဲ တို့  ဒီဟာ ဘာလဲ တို့  မေးရမယ် ထင်တယ် ... သူ မခွဲခြား နိုင်လောက်သေးဘူး ...

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ